သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရတရပ် လုပ်ဆောင်ရမယ့် တာဝန်များ


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံမှာ ရွေးချယ်လိုက်တဲ့ သမ္မတသစ်ဟာ တိုင်းပြည်ရဲ့အကျိုးစီးပွားအတွက် ထိထိရောက်ရောက် လုပ်ဆောင်နိုင်မယ့်သတဦး ဖြစ်တယ်လို့ မကွေးတိုင်း တိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။ သူက တိုင်းပြည်အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီးတော့ ပြောကြားရာမှာတော့ အိမ်နီးချင်းနိုင်ငံတွေဆီကနေ ဥပမာကောင်းတွေကို လေ့လာပြီး၊ ကိုယ့်တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်နိုင်မယ့် နည်းလမ်းတွေကို ကြံဆအကောင်အထည်ဖော်ရမယ်။ NLD အစိုးရသစ်အနေနဲ့လည်း ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှု ရရှိဖို့အတွက် ရိုးရိုးသားသားနဲ့ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်မှ ရမယ်လို့ ပြောပါတယ်။ NLD ဗဟိုကော်မတီဝင်လည်းဖြစ်ပြီး၊ မကွေးတိုင်း တိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါက်တာအောင်မိုးညို ကို ဝါရှင်တန်ဒီစီ ဗွီအိုအေ စတူရီယိုမှာ ကိုဇော်ဝင်းလှိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ဒေါက်တာအောင်မိုးညို အခုလို ဗွီအိုအေကို လာရောက်ပြီး တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဒေါက်တာအောင်မိုးညို ။ ။ ကျနော်အတွက်လည်း ကိုယ့်ဘဝမှာ တသက်မှ တခါဆိုသလို ဂုဏ်ယူရမယ့်ကိစ္စတခုလို့ပဲ သတ်မှတ်ပါတယ်။ အများကြီး ကျေးဇူးတင်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ပထမဦးဆုံးကတော့ အခု ဆရာရောက်တဲ့အချိန်မှာလည်း မြန်မာပြည်မှာ အပြောင်းအလဲကြီး ဖြစ်နေတဲ့အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေတော့၊ ဒီနေ့မှာဆိုရင်ပဲ သမ္မတ ရွေးချယ်မှုတွေ လွှတ်တော်ထဲမှာ မဲပေးရွေးချယ်တာတွေ လုပ်ကြပါတော့မယ်။ ဆိုတော့ ဦးထင်ကျော်ဟာ ဘယ်လိုလူလဲ။ ဆရာ ဘယ်လို သိထားပါလဲ။

ဒေါက်တာအောင်မိုးညို ။ ။ ကျနော် သိသလောက်တော့ အင်မတန်မှ ရည်မွန်တဲ့ လူကြီးလူကောင်း တယောက်ပါပဲ။ သူ့ကို ရွေးချယ်တာဟာ ကျနော့်အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရာနှုန်းပြည့် မှန်ကန်တဲ့လုပ်ရပ်လို့ ကျနော် တင်ပြလိုပါတယ်။ ပြောချင်ပါတယ်။ တချို့ကတော့ ဝေဖန်ကြတာပေါ့ ဟိုဝေဖန် ဒီဝေဖန် ဝေဖန်ကြတာတွေ ရှိပါတယ်။ သို့သော်လဲ ဒါ ဦးထင်ကျော်အကြောင်းကို သေချာ ဂဃနဏ မသိလို့ ဝေဖန်ကြတာပါ။ ကျနော်တို့ ကိုယ်တွေ့ အတွေ့အကြုံ ပြောရမယ်ဆိုရင် ကျနော့် မဲဆန္ဒနယ်မြေထဲမှာကို ညောင်ကျွန်း၊ ရသာကုန်းတို့ဆိုတဲ့ နေရာတွေမှာ ရေကြီးလို့ ဒုက္ခရောက်ရတာတွေ ရှိတယ်။ အဲဒါတွေ သူက Facebook မှာ တင်လိုက်တော့ သူများမြို့ရွာတွေရသလို မရပါဘူး။ အစွန်အဖျာကျနေလို့ဆိုတာ ဦးထင်ကျော် သိတဲ့အတွက် ဆန်တွေ၊ ဆီတွေ၊ ဆေးဝါးပစ္စည်းတွေ သိန်းရှစ်ဆယ်ဖိုးလောက် လှူဒါန်းရုံမကဘူး။ ဒီဇယ်အင်ဂျင်တပ်ထားတဲ့ ပဲ့ထောင်လှေတစင်းပါ သူက လှူတယ်။ ဒါက ကျနော့် မဲဆန္ဒနယ်မြေနဲ့ ဆိုင်တဲ့ကိစ္စ။ နောက်တခါ မကွေးတိုင်း မင်းဘူးမြို့နယ်မှာ ထုံးမကြီးရွာရှိတယ်။ ရွာလုံးကျွတ်လောက် ဒုက္ခရောက်ကြတယ်။ မြစ်ကမ်းပါးဖဲ့လို့၊ ရေကြီးလို့။ အဲဒီမှာလည်း သူကိုယ်တိုင် သွားပြီးတော့ မိုးထဲလေထဲ ရွှံထဲဗွက်ထဲ သွားပြီးတော့ လိုအပ်တာတွေကို ပံ့ပိုးထောက်ပံ့ခဲ့တယ်ဆိုတာကို သိရတယ်။ သူ့အဖေ ဆရာကြီးမင်းသုဝဏ် ဆိုလို့ရှိရင်လဲ တိုင်းသိပြည်သိ၊ အင်မတန်ကို ပြောရမယ်ဆိုလို့ရှိရင် တနေ့မှာ ငါ့သားသည် နိုင်ငံတော်သမ္မတ ဖြစ်မယ်လို့ မပြောသော်လဲ၊ ပြောမိသကဲ့သို့ အံ့သြစရာကောင်းတဲ့အချက်က ဘာလဲဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံ အင်္ဂလိပ်ကိုလိုနီလက်ထက်က ၁၉၄၈ ဇန်နဝါရီလ (၄) ရက်နေ့မှာ လွတ်လပ်ရေးရတယ်။ ဆရာကြီးမင်းသုဝဏ် က အင်္ဂလန်မှာ ပညာသွားသင်နေတဲ့အခိုက်မှာ ၁၉၃၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ (၁၀) နှစ်တိတိအလိုမှာ သပြေညိုကဗျာလေး ရေးပြီးတော့ တခါတည်း တိုင်းပြည်ဟာ အောင်စီအောင်မောင်းနဲ့ ဘယ်လိုဖြစ်မယ်ဆိုတာ နမိတ်ဖတ်ခဲ့တာဆိုလို့ရှိရင် တနေ့မှာ သမ္မတဖြစ်သူရဲ့ ဖခင်ဖြစ်မယ်ဆိုရင်တော့ ကြိုများပြောရင်တော့ ဘယ်သူမှ ယုံမှာမဟုတ်ဘူး။ တကယ့်ကို ထူးခြားတဲ့၊ အံ့သြစရာကောင်းလှတဲ့ တိုက်ဆိုင်မှုလို့ပဲ တင်ပြလိုပါတယ်။ ဆွေကြီးမျိုးကြီးထဲက ပေါက်ဖွားလာတာ။ ပညာအရည်အချင်းအရကော၊ အကျင့်စာရိတ္တအရကော၊ လူမှုဆက်ဆံရေးအရကော ဘာမှကို ပြောစရာမရှိတဲ့ ပုဂ္ဂိုလ်ကို သမ္မတလောင်းအဖြစ် ယာထားတယ်လို့ပဲ မှတ်ချက်ပြုလိုပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ဦးထင်ကျော်ဟာ NLD အသိုင်းအဝိုင်း ထိပ်ပိုင်းလူတွေ အသိုင်းအဝိုင်းမှာတော့ သိကြတယ်။ သူ ဘယ်လိုလူလဲဆိုတာကို နားလည်ကြတယ်။ သူ့ရဲ့ ရပ်တည်ချက်တွေ၊ လုပ်ဆောင်ချက်တွေ၊ နိုင်ငံရေးအယူအဆတွေအားလုံးကို သိထားကြတယ်။ ဒါပေမဲ့ ပြည်သူလူထုကြားမှာ သူကို သိတဲ့လူ နည်းတယ်ပေါ့။ လူအများစုကြားမှာ။ သူ့ရဲ့ နိုင်ငံရေး ရပ်တည်မှု၊ လုပ်ဆောင်မှုတွေက ဘယ်လို ရှိသလဲ။

ဒေါက်တာအောင်မိုးညို ။ ။ သူ့ရဲ့ ရပ်တည်မှု၊ လုပ်ဆောင်မှုတွေဟာ လူမြင်သူမြင် ကြွားကြွားဝါဝါနဲ့ ရှေ့မထွက်ပေမယ်လို့ အမ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရတဲ့ ကာလတလျှောက်လုံးမှာ လိုအပ်သမျှ လူအားငွေအား၊ စိတ်ဓါတ်အားတွေ ပေးလာခဲ့တဲ့ ဇနီးမောင်နံှပါ။ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ ၉၇-၉၈ တုန်းက သွားပြီးတော့ အမ အကျယ်ချုပ်ဘဝနဲ့ နေတုန်းက ကျနော်လည်း အတူနေခဲ့ဖူးတယ်။ အဲဒီတုန်းက လိုအပ်သမျှ ကျန်းမာရေးကိစ္စမှာအစ လိုအပ်သမျှ ကူညီရိုင်းပင်းပေးလာတာပါ။ သို့သော်လဲ ငါဟာ ဒါလုပ်နေတာမျိုး၊ ငါ ဒီလိုလူမျိုးဆိုတာ ကြွားကြွားဝါဝါ လုပ်တတ်တဲ့လူမျိုး မဟုတ်ဘူး။ အင်မတန်ကို နှိမ်ချပြီးတော့ ရိုးရိုးသားသားနေတဲ့လူမျိုး။ အခုကျမှပဲ နောက်ကတက်လာတယ်။ သူ ဘာတွေဘယ်လို လုပ်ခဲ့တယ်ဆိုတာ။ တောတွေရွာတွေ သွားခဲ့တယ်။ ပေးခဲ့ကမ်းခဲ့ ထောက်ပံ့ခဲ့တာတွေ ဧရာဝတီမြစ်ဘေးမှာ။ လှည်းကြီးစီးပြီးတော့ အသက်ကလဲ (၇၀) လောက်ဆိုတော့ လက်ထဲမှာလည်း တုတ်ကြီးနဲ့ပေ့ါ။ လှည်းနောက်မှာ ထိုင်ပြီးလိုက်နေတာ ကျနော်တောင်မှ နောက်လိုက်ပါသေးတယ် “ကျနော် အကိုရဲ့ မာစီဒီ တံခါး (၆) ပေါက်ကား ဝယ်ချင်ပါတယ်ခင်များ” လို့ နောက်လိုက်လို့ သူက သဘောကျနေတယ်။ ကြွားကြွားဝါဝါ မနေတတ်သူပါ။ အခုမှပဲ Facebook မှာ တက်လာတယ်။ ဒို့ရဲ့ သမ္မတကြီး ဖြစ်မယ့်ပုဂ္ဂိုလ်ဟာ ပြည်သူလူထုနဲ့ မကင်းကွာဘူး။ ဒါတွေ လုပ်ခဲ့တယ်ဆိုတာ Facebook မှာ ကြည့်ရင် သိပါတယ်။ ကျနော်တို့လည်း ဒါတွေကို Share နေပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ နောက်တခုက အခု ပြီးခဲ့တဲ့ အစိုးရသက်တမ်းမှာဆိုရင် ကြံ့ခိုင်ရေးပါတီက အများစု နိုင်ခဲ့တယ်။ အခု NLD နိုင်သလိုပေါ့။ နိုင်ခဲ့တော့ ပြည်နယ်တိုင်းဒေသ အစိုးရတွေမှာလည်း သူတို့ ဝန်ကြီးချုပ်တွေကအစ သူတို့ကြိုက်တဲ့လူတွေကို ရွေးချယ်ခန့်အပ်ခဲ့တယ်ပေါ့။ အခုကတော့ Role က လုံးဝပြောင်းသွားပြီ။ ဆန့်ကျင်ဘက် ဖြစ်သွားပြီ။ NLD က အများစုနိုင်တယ်။ ကျနော်တို့ အပြင်မှာ ကြားနေကြရတာက ပြည်နယ်နဲ့တိုင်း ဒေသကြီး ဝန်ကြီးချုပ်တွေကို NLD က လူတွေနဲ့ ခန့်မယ်ဆိုတာ ကျနော်တို့ ကြားပါတယ်။ အဲဒါ ဟုတ်ပါလား။ ခပ်တိုတိုလေး ဖြေပေးပါ။

ဒေါက်တာအောင်မိုးညို ။ ။ အဲဒါကတော့ ကြားရတဲ့အတိုင်း မှန်ပါတယ်။ သို့သော်လဲပဲ ဒါဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဒီအခွင့်အရေးရှိလို့ လုပ်တာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဆန့်ကျင်ပါဘူး။ အဲဒါမျိုး ရှိပါတယ်။ ဥပမာအားဖြင့် ရခိုင်ပြည်နယ်တို့၊ ရှမ်းပြည်နယ်တို့မှာ လွှတ်တော်ပိုင်းမှာတော့ သူတို့က Dominant ဖြစ်တဲ့အတွက် သူတို့ ဥက္ကဋ္ဌတွေ ဘာတွေ ရှိပါတယ်။ သို့သော် အစိုးရမှာတော့ သမ္မတ စိတ်တိုင်းကျဖွဲ့နိုင်ဖို့ ရှိတော့ကာ ဒီတိုင်းပဲ ကျနော်တို့ ကြားသိထားပါတယ်။ သို့သော် အတိအကျတော့ စာရင်းမထွက်သေးပါဘူး။

ကိုဇော်ဝင်းလှိုင် ။ ။ နောက်တခုက ဆရာဟာ NLD ရဲ့ ဗဟိုအလုပ်မှုဆောင်တဦးလည်းဖြစ်တော့ အခု NLD က သွားမယ့်လမ်းကြောင်းတွေနဲ့ ပတ်သက်ပြီး ဆရာလည်း အတိုင်းအတာတခုတော့ သိထားတာပဲ။ ဆိုတော့ ကျနော်တို့ ကြားသိရတဲ့အထဲမှာ ရန်ကုန်တိုင်းဒေသကြီးလို အရေးကြီးတဲ့နေရာပေါ့။ နေပြည်တော်တိုင်းကတော့ သူတို့ကိုင်မယ်လို့ ပြောထားတယ်။ ဖွဲ့စည်းပုံအရ ပြောထားတာတွေ ရှိတယ်။ ရန်ကုန်တိုင်းလို နေရာမျိုးမှာ သူတို့ လိုချင်တယ်လို့ ပြောတယ်ဆိုတဲ့ ကိစ္စတွေ။ သူတို့ဆိုတာက စစ်တပ်ပေါ့။ အဲဒါ ဟုတ်ပါလား ဆရာ။

ဒေါက်တာအောင်မိုးညို ။ ။ အဲဒါ ကျနော် သိရသလောက်တော့ Facebook သတင်းလောက်ပဲ ကျနော် သိတာပါ။ တရားဝင် သတင်းအနေနဲ့ တပ်မတော် အသိုင်းအဝိုင်းက ကြံ့ခိုင်ရေးအသိုင်းအဝိုင်းက ဒီနေရာတွေ ဝန်ကြီးချုပ်နေရာ ယူရမယ်ဆိုတဲ့ ကြေညာချက်မျိုးတော့ ကျနော်တို့ မတွေ့ပါဘူး။

ကိုဇော်ဝင်းလှိုင် ။ ။ အခု ဆရာက မကွေးတိုင်းဒေသကြီး လွှတ်တော်မှာ အရွေးခံထားရတဲ့ ကိုယ်စားလှယ်ဖြစ်တယ်။ ဆိုတော့ မကြာခင်မှာလဲ ဝန်ကြီးချုပ်တွေ ခန့်ကြမှာရှိတော့ ဆရာကော ခေါင်းဆောင်မှုပိုင်းမှာ ပါလာနိုင်သလား။ ဆိုလိုချင်တာက တိုင်းဒေသကြီးရဲ့ ဝန်ကြီးချုပ်များ ဖြစ်လာနိုင်သလား။ ဆရာတိုင်းဒေသကြီးကို ဘယ်လိုများ ဦးဆောင်ပြီးတော့ လုပ်သွားချင်လဲ။

ဒေါက်တာအောင်မိုးညို ။ ။ တိုင်းဒေသကြီးအနေနဲ့တော့ ကျနော်က မကွေးတိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေထဲမှာ ကျနော်က တဦးတည်းသော ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဖြစ်ပါတယ်။ သူတို့ခိုင်းတဲ့အတိုင်းလည်း ကျနော် တာဝန်တွေထမ်းဆောင်ပါတယ်။ သို့သော်လဲ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဖြစ်ရမယ်လို့တော့ ကျနော်ကို ဘယ်သူမှ အတိအကျ မပြောသေးပါဘူး။ ညွှန်ကြားချက်လဲ မထွက်သေးပါဘူး။ ဒါ သမ္မတကြီး ရွေးပြီးပါမှ၊ အတည်ပြုပြီးပါမှ ဖြစ်မယ့်ကိစ္စပါ။

ကိုဇော်ဝင်းလှိုင် ။ ။ အခု အမေရိကကို ရောက်နေတဲ့ကိစ္စကို ပြောကြရအောင်ပါ။ ဆရာ ဒီကိုရောက်နေတာဟာ GE လျှပ်စစ်ကုမ္ပဏီကြီးကနေ အာဆီယံနိုင်ငံက ကိုယ်စားလှယ်တွေ ဖိတ်ပြီးတော့ မြန်မာနိုင်ငံက ကိုယ်စားလှယ်တယောက်အနေနဲ့ ရောက်လာတာလို့ ပြောတယ်။ အဲဒီမှာ ဆရာတို့ သင်တန်းတွေ တက်ကြတယ်။ ဘယ်လို သင်တန်းတွေ တက်ကြလဲ။ အကျဉ်ချုံးလေး ပြောပြပါ။

ဒေါက်တာအောင်မိုးညို ။ ။ သင်တန်းကတော့ ဘဏ္ဍာရေးကိစ္စတွေပါတယ်။ စွမ်းရည်ကိစ္စတွေပါတယ်။ Infrastructure ကိစ္စတွေပါတယ်။ Infrastructure ကိစ္စဆိုလဲ ဥပမာအားဖြင့် Financial Institutions တွေအနေနဲ့ ဘဏ္ဍာရေး အရင်းအမြစ် Resources တွေနဲ့ အမေရိကန်မှာ သွင်းကုန်ထုတ်ကုန်ဘဏ်ကြီးတွေက ဘယ်လို အနေအထားမှာရှိတယ်။ Trade Relations နဲ့ ပတ်သက်ပြီးတော့ သူတို့ ဘယ်လိုတွေ ဆောင်ရွက်မှုတွေရှိတယ်။ အဲဒါတွေကို ရှင်းပြတာပါ။ အဲဒီကနေ ကျနော်တို့ အများကြီးပညာ ရပါတယ်။ ဖိတ်တာကတော့ GE က ဖိတ်တာ။ တကယ်ကို ကမ္ဘာမှာ ကြီးကျယ်ခမ်းနားတဲ့ ကုမ္ပဏီကြီးတခုပါ။ မြန်မာနိုင်ငံနဲ့လဲ ပွင့်လင်းလာတဲ့တနေ့မှာ လူကြီးမင်းတို့လဲ သိပြီသာပဲ။ Boeing က လေယာဉ်တွေ ငှားတဲ့ကိစ္စ။ အဲဒါမျိုးတွေ GE ကတဆင့် ဆောင်ရွက်ပေးတယ်။ နောက်တခါ စွမ်းရည်နဲ့ ပတ်သက်ပြီးတော့ Turbine Engines တွေ ရောင်းဖို့လည်း ရှိတယ်လို့ ကြားသိရပါတယ်။ ပညာတွေကတော့ အများကြီး ရပါတယ်။ သို့သော်လဲ ကျနော်တို့က တခု တင်ပြချင်တာက ကိုယ်လိုက်နိုင်တဲ့ ပညာတွေ ရှိသလို၊ မလိုက်နိုင်တဲ့ ပညာတွေ ရှိတယ်ဆိုတာကို ဝမ်းနည်းစွာနဲ့ပဲ တင်ပြရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာအားဖြင့် သူတို့ ဆွေးနွေးတဲ့အထဲမှာ Trans-Pacific Partnership (TPP) ဆိုတဲ့ Pacific ဒေသ ဖြတ်ပြီးတော့ ရောင်းဝယ်ဖောက်ကားကြမယ်။ မိတ်ဖွဲ့ကြမယ်ဆိုတဲ့ အနေအထားမျိုးမှာကြတော့ ကျနော်တို့က ကြားပဲကြားဖူးတာ ကိုယ်တွေ့အတွေ့အကြုံမရှိတော့ ဘာမှ မဆွေးနွေးနိုင်ဘူး။ ဒါနဲ့ ပတ်သက်ပြီးတော့ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားတို့က ဆွေးနွေးနိုင်ကြတယ်။ ဥပမာ Digital Trade ဆိုတာမျိုး - နောက်ဆုံးပေါ် Digital နည်းပညာတွေနဲ့ ပတ်သက်ပြီးတော့ စီမံခန့်ခွဲတာ၊ စီးပွားကုန်သွယ် လုပ်တာတွေ - ဒါတွေဆိုလဲ ကျနော်တို့က ကြားသာကြားဖူးတာ ဘာမှ ကိုယ်က ထိထိရောက်ရောက် ဝင်ရောက်ဆွေးနွေးနိုင်တာ မရှိဘူး။ အဲဒီမှာ ဆွေးနွေးနေတဲ့ လူငယ်တွေကို ကြည့်ရမယ်ဆိုရင် လောနိုင်ငံ၊ ကမ္ဘောဒီးယား၊ ဗိယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှားတို့က လူငယ်တွေ အင်မတန် ဆွေးနွေးနိုင်ကြတယ်တွေ တွေ့ရတယ်။ ကျနော် စုံစမ်းကြည့်တဲ့အခါ လောလို နိုင်ငံမျိုးက လူငယ်တစ်ယောက်က ဒေါက်တာဆိုလို့ မေးကြည့်တာ ပါရဂူနဲ့ ဘွဲ့ရတာ။ PhD ဒေါက်တာဘွဲ့။ ဘယ်မှာ ပညာသင်ကြားခဲ့သလဲဆိုတော့ ဂျာမဏီမှာ (၉) နှစ် ပညာသင်ကြားခဲ့တာ။ နောက်တခါ မလေးရှားတယောက် မေးပြန်တော့ ဆွစ်ဇလန်က ပါရဂူဘွဲ့ရတာ။ အဲဒီတော့ ကျနော်တို့က လူငယ်တွေကို အများကြီးကို ပြုစုပျိုထောင်ပေးဖို့ လိုနေတယ်ဆိုတာကို ကျနော်တို့ သိခဲ့ရတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ဆိုလိုချင်တာက ကိုယ့်တိုင်းပြည်ရဲ့ အားနည်းချက်တွေ၊ လိုအပ်ချက်တွေကို တွေ့လာရတယ်ပေါ့။

ဒေါက်တာအောင်မိုးညို ။ ။ ဒါ အင်မတန်ကို လိုအပ်ချက်ပဲ။ သူများတွေက အုပ်ချုပ်ရေးယန္တရားမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်၊ အေးချမ်းသာယာအောင် ဆောင်ရွက်နေတာ အရှိန်ရနေတဲ့အချိန်မှာ ကျနော်တို့က ဒီဟာကို ရှင်းရမယ့်ကိစ္စတွေ ရှင်းနေရတာနဲ့ လုံးလည်ချာလည်လိုက်နေတာမျိုးတော့ မဖြစ်စေချင်ဘူး။ ဒါ အင်မတန် အရေးကြီးတယ်။ တိုင်းပြည်ကောင်းစားဖို့၊ အေးချမ်းသာယာဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့ကို ရှေ့ရှုပြီးတော့ အားလုံးပူးပေါင်းဆောင်ရွက်ကြမယ်။ ညှိနှိုင်းတိုင်တိုင်ပင်ပင်နဲ့ လုပ်ကြမယ်။ ပြည်သူ့ဆန္ဒ ဦထိပ်ထားရမယ်။ ပြည်သူကို မျက်နာမူရမယ်ဆိုတဲ့ ဘဘဦးဝင်းတင်စကား အမှန်ပဲ။ အဲဒါလေး တင်ပြချင်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ နောက်ဆုံးတခုက ဆရာက ထူးထူးခြားခြား သုံးထပ်ကွမ်း လွှတ်တော်ကို အရွေးခံထားရခဲ့သူတစ်ယောက်။ ရှားရှားပါးပါးတွေထဲမှာ ပါတယ်ပေါ့။ ဆရာဟာ ဒီလို သုံးထပ်ကွမ်း ခက်ခက်ခဲခဲကြား။ အရင် (၉၀) ရွေးကောက်ပွဲတုန်းကလဲ အခက်အခဲတွေ ကျော်လွှာပြီးတော့ ရွေးကောက်ပွဲ ဝင်ခဲ့ကြတယ်ဆိုတော့ ဆရာရဲ့ နိုင်ငံရေးအပေါ် ယုံကြည်ချက်၊ လုပ်ဆောင်ချက်တွေကတော့ သုံးထပ်ကွမ်းနဲ့ ပြနေပြီ။ ရှေ့လျှောက် အခုလဲ မကွေးတိုင်းဒေသကြီးကို ကိုယ်စားပြုပြီး အရွေးခံထားရတယ်။ NLD ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်လည်း ဖြစ်တယ်ဆိုတော့ ကိုယ်ကိုယ်စားပြုတဲ့ ပြည်သူလူထုကို ဘယ်လိုများ ဦးဆောင်သွားချင်လဲ။ အထူးသဖြင့်တော့ မကွေးတိုင်းကို ကိုယ်စားပြုပြီး မကွေးတိုင်းက ပြည်သူလူထုတွေ တိုးတက်ကြီးပွားသွားအောင်။ ပြည်နယ်တိုင်းဒေသကြီး တိုးတက်ကြီးပွားအောင် ဘာတွေများ ဦးဆောင်လုပ်ပေးချင်ပါလဲ။

ဒေါက်တာအောင်မိုးညို ။ ။ အဲဒါကတော့ ကျနော် အတွေ့အကြုံနဲ့ အခု GE က ပေးလိုက်တဲ့ သင်ခန်းစာအရကော ကျနော် ပြောချင်တာလေးတခု ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ဒီနေ့ သင်ခန်းစာ စပြီဆိုရင် ပြီးခဲ့တဲ့ရက်က ဘာတွေ သင်ခဲ့ရတုန်း။ GE က ပေးခဲ့တဲ့ Knowledge က ဘာတွေများအတွက် အထောက်အကူ ဖြစ်မတုန်း။ တန်းဖိုးရှိမလဲဆိုတာကို ပြန်ပြောပြရတယ်။ ပြန်ပြောပြမှာတခုကို ကျနော်က ဒါ အင်မတန်ကို တန်းဖိုးရှိတယ်။ ကျနော်တို့က ဘဝအတွေ့အကြုံနဲ့ကို ခင်များတို့ GE ရဲ့ ယဉ်ကျေးမှု၊ ယုံကြည်ချက်၊ ခံယူချက်တို့ကို တန်းဖိုးထားတယ်။ နားလည်သဘောပေါက်တယ်ဆိုတာကို ပြောခဲ့တဲ့အချက်တချက် ရှိတယ်။ အဲဒီအချက်တချက်က ဘာလဲဆိုတော့ သူတို့ GE Culture and Beliefs ဆိုတဲ့ဟာ အချက် (၅) ချက်ရှိတာ တချက်က ဘာလဲဆိုတော့ Learn and adapt to win - သင်ယူရမယ်။ နောက်တခါ တကယ်ကို ဖွံ့ဖြိုးတိုးတက်နေတဲ့ နည်းပညာ အတတ်ပညာ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတာတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနိုင်ရမယ်။ အဲဒါမှ အောင်မြင်မယ်။ အဲဒီလိုမျိုး မလုပ်နိုင်ရင် မအောင်မြင်ဘူး။ ကျနော်တို့နိုင်ငံက အင်မတန်ကိုမှ ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျတယ်။ အာရှမှာ ဒုတိယအဆင်းရဲဆုံးအဆင့်။ အာဆီယံ (၁၀) နိုင်ငံထဲမှာဆိုရင် ဘိတ်ချေး ဖြစ်နေတယ်။ UN က ထွက်ထားတဲ့ Human Development Index မှာဆိုရင် ဗိယက်နမ်၊ ကမ္ဘောဒီးယား၊ လားအိုတို့ထက် နောက်ကျနေတယ်။ အဲဒါ ဘာကြောင့်တုန်းဆိုတော့ မြန်မာနိုင်ငံကို ဦးဆောင်ဦးရွက်ပြုခဲ့တဲ့ လူတွေသည် Learn and adapt to win မလုပ်ခဲ့လို့ ဒီလိုမျိုး ခံစားကြရတယ်။ ကျနော့် ထင်မြင်ယူဆချက် မှန်ရင်မှန်မယ်။ မှားရင်မှားမယ်။ ဥပမာ ရှေ့ကလုပ်သွားတာတွေ ရှိတယ်။ ကျနော်တို့ ပွင့်ဖြူမှာဆိုရင်လဲ စိုက်ပျိုးရေးသိပ္ပံအတွက် လယ်တွေယာတွေ သိမ်းတယ်။ လယ်တွေယာတွေ သိမ်းတာလဲ အများကြီးပဲ။ ဧကကိုသိမ်းတာ မနည်းဘူးသိမ်းတာ။ လယ်သမား အင်မတန် ဒုက္ခရောက်တာပေါ့။ လွှတ်တော်မှာလည်း ကျနော် တတ်နိုင်သမျှ ကြိုးစားခဲ့တယ်။ ပြည်ထောင်စုလွှတ်တော်ကို နိုင်ငံတော်သမ္မတကြီးက သဝဏ်လွှာပို့တယ်။ တပ်မတော်နဲ့ နိုင်ငံတော်အစိုးရ သိမ်းခဲ့တဲ့ လယ်ယာမြေ ဧကပေါင်းက (၄) သိန်း (၇) သောင်းကျော် ရှိတယ်။ ဒါက သူတို့ ပြောတဲ့ figure ပေ့ါ။ (၄) သိန်း (၇) သောင်းကျော်နဲ့ (၃) သိန်းနဲ့ (၅) သောင်းကျော်ကို အသုံးလိုတဲ့အတွက် ပြန်လည်စွန့်လွှတ်မှာ မဟုတ်ဘူးဆိုပြီး သမ္မတကြီးက သဝဏ်လွှာပို့တယ်။ သဝဏ်လွှာပို့ပြီး တရက်နှစ်ရက်မှာပဲ ကျနော်က အဆိုတင်တယ်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ ဆင်းရဲနွှမ်းပါးလျော့ပါးရေး လုပ်နေတဲ့အချိန်မျိုးမှာ ဒီလိုမျိုး မဆုံးဖြတ်သင့်ပါဘူး။ ဒီဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်သင့်ပါတယ်လို့ လွှတ်တော်မှာ အဆိုတင်ခဲ့တယ်။ ဒါက သင်ခန်းစာယူပြီး လုပ်သင့်လုပ်ထိုက်တာတွေ လုပ်နေတာ။ ကျနော့် မကွေးတိုင်း ကျနော့်မြို့နယ်ထဲမှာလည်း ရှိတယ်။ ဒီပြင့်မြို့နယ်တွေမှာလည်း ရှိတယ်။ လယ်သမားကို ထိုက်သင့်တဲ့ လျော်ကြေးပေးရမယ်။ စည်းနဲ့ကမ်းနဲ့ပဲ သိမ်းရမယ်။ စည်းကမ်းဥပဒေ ဆန့်ကျင်ပြီးတော့ လုပ်ခဲ့မယ်ဆိုရင် ရှေ့ကအစိုးရ အစဉ်အဆက် ခံခဲ့ရသလိုပဲ အဖွဲ့ချုပ်အစိုးရကလည်း ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု ရမှာမဟုတ်ဘူး။ ပြည်သူလူထု တကယ်ယုံကြည်ကိုးစားမှု လိုချင်တယ်ဆိုရင် ပြည်သူ့ဆန္ဒနဲ့အညီ ပြည်သူကို ဒုက္ခမပေးဖို့လိုတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောထားတယ် ရိုးရိုးသားသားနဲ့ အကျင့်ပျက်ခြစားမှုကို ဦးစားပေး တိုက်ဖျက်မယ်ဆိုတာမျိုးတွေ ဒါတွေလုပ်သင့်တယ်လို့ ကျနော် ထင်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ကျေးဇူးအများကြီးတင်ပါတယ် ဆရာ။

XS
SM
MD
LG