မြန်မာ့ရေးရာဆွေးနွေးခန်းအစီအစဉ်မှာ အထူးအစီအစဉ်အဖြစ် မြန်မာနိုင်ငံ ရွှေတူးဖော်ရေး အခြေအနေ၊ လုပ်ငန်းဆိုင်ရာ၊ ပတ်ဝန်းကျင်ထိခိုက်မှု အနေအထားများကို သိရှိရအောင် သက်ဆိုင်သူများကို တွေ့ဆုံမေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်း စစ်ကိုင်းတိုင်း ကသာခရိုင်ထဲက ကောလင်း- ဝန်းသိုဒေသဟာ ရွှေအထွက်များတဲ့ ဒေသအဖြစ် နံမယ်ကြီးပါတယ်။ ဒီဒေသရဲ့ သတ္တုတူးဖေါ်ရေးမှာ ခေတ်အဆက်ဆက် အစိုးရနဲ့ ပုဂ္ဂလိကကုမ္ဗဏီတွေ အပြင် ဒေသခံတွေပါ ရွှေကို ဘယ်လိုတူးဖေါ်နေတယ် ဆိုတာနဲ့ သဘာဝဝန်းကျင်ကို ဘယ်လိုထိခိုက်မှုတွေရှိတယ် ဆိုတာတွေကို တင်ပြပေးမှာပါ။
ဒေါ်ခင်မျိုးသက် ။ ။ မြန်မာနိုင်ငံမှာ တွင်းထွက်သယံဇာတ တွေ့ရှိမှုပေါ် မူတည်ပြီး ဇုံတွေ ခွဲထားတဲ့အထဲက ရွှေသတ္တုဇုံဟာ တောင်ငူအရှေ့ဘက်၊ မိုးထိမိုးမိ ရွှေသတ္တုသိုက်ကနေ ကောလင်း၊ ဝန်းသိုမြောက်ဘက်အထိ တောင်-မြောက်နီးပါး တန်းနေတယ်လို့ ဘူမိဗေဒပညာရှင် ဒေါက်တာဦးသိန်းက ပြောပါတယ်။
ဒေါက်တာဦးသိန်း ။ ။ နာမည်ကြီးပြီးတော့မှ အရမ်းပဲထွက်တယ် … ရမည်သင်းအရှေ့ဘက်က မိုးထိမိုးမိကနေ တောင်ဘက်ဆင်းသွားမယ်။ နောက် မွန်ပြည်နယ်အထိ သွယ်တန်းနေတဲ့ ရွှေဇုံ။ အဲဒီရွှေဇုံတွေက သပိတ်ကျင်းမြို့နယ်အထိ ဆက်သွားတယ်။ အများဆုံးကတော့ အခုထုတ်နေတဲ့ ရမည်သင်းအရှေ့ဘက် မိုးထိမိုးမိပါ။
ဒေါ်ခင်မျိုးသက် ။ ။ ရွှေကို မြန်မာနိုင်ငံ အတော်များများမှာ တွေ့ရပြီး စီးပွားဖြစ်တူးတဲ့ မိုင်းတွေကတော့ ကချင်၊ ကရင် နဲ့ မွန်ပြည်နယ်တွေအပြင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ တူးကြတာဖြစ်ပြီး၊ အများဆုံးထွက်တာကတော့ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတို့ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း ကောလင်း ဒေသမှာတွေ့ရတဲ့ ရွှေဟာ ကျောက်ပုထိုးမိုင်း အရှေ့ဘက် (၅) ကီလိုမီတာ လောက်မှာရှိတဲ့ တောင်မြောက်နီးပါးပဲတန်းနေတဲ့ စစ်ကိုင်းပြတ်ရွေ့နဲ့ ဆက်စပ်မှု ရှိနေပါတယ်။ မူလရွှေဟာ အနည်ကျကျောက်နဲ့ရော မီးသင့်ကျောက်နဲ့ပါ တွဲနေတတ်ပါတယ်။
အနောက်ပိုင်းက ဝန်းသို- ပင်လယ်ဘူး- ရှမ်းကလုံးဘက်တွေမှာဆိုရင် တိုးဝင် ဝန်းသို မီးသင့်ကျောက်စိုင်ထုနဲ့ တွဲတွေ့ရလေ့ရှိပြီး အရှေ့ပိုင်း ကောလင်း ကျောက်ပုထိုးဘက် မှာတော့ မလည်ကျောက်လွှာစဉ်ထဲက ဆီလီကာကြွယ်သဲကျောက်လို အနည်ကျကျောက်တွေနဲ့ တွဲပြီးတွေ့ရတတ်ပါတယ်။
မြန်မာနိုင်ငံမှာ ပထမဆုံး open pit မြေပေါ်မိုင်းအဖြစ် ၁၉၈၂ ခုနှစ်က စတင်ခဲ့တဲ့ ကျောက်ပုထိုး ရွှေသတ္တုမိုင်းဟာ ကောလင်းမြို့နယ်ထဲမှာ ရှိပါတယ်။ ရွှေကို ငွေ၊ ကြေး၊ အာဆင်းနစ်နဲ့ အန်တီမိုနီ တွင်းထွက်တွေနဲ့တွဲ တွေ့ရတတ်ပါတယ်။ မီးသင့်ကျောက်နဲ့ဖြစ်စေ အနည်ကျ ကျောက်နဲ့ဖြစ်စေ ဘယ်ကျောက်နဲ့ပဲ တွဲနေနေ မျောရွှေအဖြစ် မျောပါပြီး gravel bed လို့ခေါ်တဲ့ တွဲဆက်မှုမရှိတဲ့ အရွယ်စုံကျောက်စရစ်တွေနဲ့အတူ ရှိနေတတ်တာပါ။ ဒါကို ဗြုံးသိုက်လို့ ခေါ်ပါတယ်။
ဗြုံးသိုက်တွေကို အများအားဖြင့် စက်တွေနဲ့ ထိုးပြီးရေဖျော် ကြပါတယ်။ ဖျော်ထားတဲ့ ဗြုံးမြေစာတွေကို စက်ထိုင်ထားတဲ့ နေရာရောက်အောင် ရေအား၊ လူအားသုံး ရွှေ့ယူကြတာပါ။ ဗြုံးမြေစာကို နေရာရွှေ့ပြီး စက်နဲ့စုပ်၊ တူးယူတဲ့ အတွက် ရွှေတူးလုပ်ကွက်တွေမှာ ချိုင့်ကြီးတွေ ဖြစ်ကျန်ရစ်လေ့ ရှိပါတယ်။
တူးယူထားတဲ့ မြေစာတွေ စက်ဆီကို ရောက်မှ စက်အားနဲ့ စုပ်တင်ကြတာ ဖြစ်ပြီး စုပ်တင်လိုက်တဲ့ မြေစာကိုတော့ စက်အပေါ်က မျောဇလားခွက် ထဲရောက်အောင် PVC ပိုက်တွေနဲ့ ပို့ပေးရပါတယ်။ မျောဇလားထဲမှာ ရေဖျော်ထားတဲ့ ဗြုံးစာတွေကို ထောင့်တခုနဲ့ စောင်းထားတဲ့ မျောအိမ် အတိုင်း ဆင်းစေပြီး ရွှေကို ဖမ်းကြတာပါ။
ဒီမျောဇလားထဲမှာ ဂုံအိတ်စ ကော်ဇောစတွေ ခင်းထားသလို အရှိန်ထိမ်း အတားလေးတွေ လုပ်ထား တာမို့ မြေစာဖျော်ရည်ထဲမှာပါတဲ့ အလေးစီး သတ္တုတွေဟာ ရေစီးနဲ့ အတူပါမသွားတော့ပဲ ကပ်ကျန် နေတာပါ။ နောက်ဆုံးမှာ ကော်ဇောအိပ်ဖတ်တွေမှာ ကျန်နေရစ်တဲ့ အလေးစီးမှန်သမျှကို ခါယူကြသလို ရေနဲ့ ဆေးချယူပါတယ်။ ဒီအလေးစီးတွေထဲမှာ ရွှေကို ရောဖမ်းမိနေတဲ့အတွက် ကျင်ခွက်သုံးပြီး ကျင်ယူကြပါတယ်။
ဒီလို ဗြုံးစုပ်တာ၊ မျောတိုက်တာကို ပင်လယ်ဘူးနဲ့ ကောလင်းကြား မြို့တွေနဲ့ (၇) မိုင်အကွာလောက် အတွင်းမှာ ကားအင်ဂျင်အပါအဝင် စက်အကြီးအသေး စက်မျိုးစုံ သုံးပြီး ရွှေထုတ်နေကြတာ ဖြစ်ပါတယ်။ အင်ဂျင်ပါဝါကြီးရင် ရေအားပိုသုံးပြီး မြေစာများများ ဖျော်ပေးနိုင်ပါတယ်။ အရပ်အခေါ် ရွှေမျောတိုက်ကြတဲ့အခါ အဓိကက မြေစာ များများဖျော်နိုင်ရင် ရွှေများများ ရတာမို့ မြစ်ချောင်းတွေရဲ့ အနေအထားနဲ့ ဝန်းကျင်ပျက်စီးမှုတွေ ပိုများနိုင်ပါတယ်။
ကောလင်းကနေ ပင်လယ်ဘူးအသွား ကားလမ်းနံဘေး စီးဆင်းနေတဲ့ ချောင်းထဲမှာ စံနစ်တကျမဟုတ်ဘဲ၊ စက်အားသုံပြီးး ရွှေရှာဖွေ တူးဖေါ်မှုတွေကြောင့် မြေစာပုံတွေ၊ ချိုင့်တွေနဲ့ ချောင်းရဲ့ ရေစီးကြောင်း အနေထား ပြောင်းကုန်သလို၊ ကမ်းပါးပြိုကျတာတွေအပြင်၊ တံတားနဲ့ ကားလမ်းတွေကိုပါ ထိခိုက်တာမျိုး ဖြစ်လာစေတာပါ။
လက်လုပ်လက်စား ဒေသခံတွေဟာ မြစ်ချောင်းရှိရာ နေရာတဝိုက် စက်သေးလေးတွေနဲ့ ဒီလို ရွှေမျောတိုက်ပြီး စားဝတ်နေရေးအတွက် ရှာဖွေစားသောက်ကြသလို စက်အား မတတ်နိုင် သူတွေကတော့ ချောင်းရေနဲ့အတူ မျောပါပြီး တင်နေလေ့ရှိတဲ့ ရွှေကို တနိုင်တပိုင် ကျင်ယူကြပါတယ်။ ရွှေကျင်တဲ့အခါ ယမနေသားနဲ့ လုပ်လေ့ရှိတဲ့ ပေါ့ပါးလှတဲ့ ကျင်ခွက်ကိုသုံးကြပြီး ကျင်ခွက်ထဲမှာ ရွှေအမှုန်တချို့ကို မြင်ရတတ်သလို တချို့ကိုတော့ မမြင်နိုင်ပါဘူး။ အဲဒီ မြင်ရမမြင်ရ ရွှေမှုန်တွေကို ပြဒါးနဲ့ စုပြီး ဖမ်းကြတာပါ။
စုထားတဲ့ ပြဒါးရည်ကို ထီးပိတ်စလို ပိတ်စိမ်းပါးအစနဲ့ ပြန်စစ်ပြီး ပြန်ညှစ်ယူကြပါတယ်။ ဒီအခါမှာ ရွှေမှုန်လေးတွေကို ပြဒါးကငုံထားတဲ့အတွက် ပြဒါးအရောင် အတိုင်းပဲ မြင်ကြရပါတယ်။ အဲဒါကို အပူပေးပြီး ပြဒါးမှုတ်လိုက်တဲ့အခါ ပြဒါးကလွင့်သွားတာမို့ ပြန်ဝါသွားပြီး ရွှေကို ရပါတယ်။
ဒေသခံအများစုဟာ ရွှေဖမ်းလို့ရတဲ့ ပြဒါးက သင့်တဲ့ ပြဒါးဆိပ်ရဲ့ အန္တရာယ်ကို မသိတာများပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀) ကျော်က ကျောက်ပုထိုးမှာ ရွှေကို ရွှေတထပ်ကျောက်တထပ် ရှိနေတာမျိုး တွေ့ရေတတ်သလို တဆယ်သားလောက်ရှိတဲ့ ကျောက်တတုံးကနေ ရွှေငါးကျပ်သားလောက် ထွက်တဲ့အထိ ပါဝင်နှုန်းများခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုအချိန်အထိလည်း ဒီဒေသမှာ တနိုင်တပိုင် ရွှေရှာဖွေကြသူတွေ အများအပြား ရှိနေဆဲဖြစ်ပြီး ကောလင်းက ကျောက်ပုထိုးဒေသမှာတော့ အမှတ် (၂) သတ္တုတွင်းက ၁၉၈၂ ခု ကတည်းက စတင်တူးဖေါ်ခဲ့သလို ၂၀၀၇ ခုနှစ်မှာ ပုဂ္ဂလိက ကုမ္ဗဏီထာဝရနဲ့ ဖက်စပ်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ တူးဖေါ်ရရှိတဲ့ ရွှေတွေကို ကျောက်ပုထိုး ရွှေသန့်စင်စက်ရုံမှာ သန့်စင်နေတာပါ။ ဒီစက်ရုံက ထွက်တဲ့ ညစ်ညမ်းတဲ့ စက်ရုံစွန့်ပစ်ရေတွေကြောင့် လယ်မြေတွေ ပျက်စီးရတာ နှစ်အတော်ကြာ ကတည်းကလို့ ပြောသူက ဇင်မင်းခြုံရွာက ဦးနက်ပြာပါ။
ဦးနက်ပြာ ။ ။ ဒီရေနဲ့တွေ့ရင် ဒီရေက သူတို့အဆိပ်တော့ မဟုတ်ဖူးပေါ့ဗျာ။ ပထမ ကျထားတဲ့ အဆိပ်ဆိုတော့ ဒီရေနဲ့တွေ့ရင် အပင်တွေက တဖတ်ဖတ် ကွာကျတယ်။
ဒေါ်ခင်မျိုးသက် ။ ။ အဲဒီအခါမှာ ဘာတွေထိခိုက်လဲ။ မြေတွေကွာကျတော့။
ဦးနက်ပြာ ။ ။အနံှကျတော့ မထွက်လာတော့ဘူး။ မသေရုံတမယ်လောက်ပဲ။
ဒေါ်ခင်မျိုးသက် ။ ။ ကွာကျတယ်ဆိုတာ စပါး ကွာကျတာလား။
ဦးနက်ပြာ ။ ။ စပါး အလက်တွေ၊ အောက်လက်တွေ ပြုတ်ပြုတ်ကျတာ။
ဒေါ်ခင်မျိုးသက် ။ ။ စပါးအလက်တွေက အဖတ်လက် ကွာကျတာ။ အခု ဦးတို့ ဘာစပါး စိုက်လဲ။
ဦးနက်ပြာ ။ ။ ချင်း (၃) ခေါ်တယ်။ ချင်း (၃) နဲ့ တည့်တယ်။
ဒေါ်ခင်မျိုးသက် ။ ။ ဒီဒေသတဝိုက်မှာ ချင်း (၃) စိုက်ကြလား။
ဦးနက်ပြာ ။ ။ ဒီနားပတ်ဝန်းကျင်မှာ ချင်း (၃) စိုက်ကြတယ်။
ဒေါ်ခင်မျိုးသက် ။ ။ အဲဒီလိုမျိုး ဖြစ်လာတာ ဘယ်လောက်ကြာပြီလဲ။
ဦးနက်ပြာ ။ ။ မှတ်တောင် မမှတ်မိဘူး။ အရင်အနှစ် (၃၀) လောက်ကပဲ။ မြောင်းထားတာဆိုတော့ လေးငါးခြောက်နှစ် ဒီလို ဖြစ်ဖြစ်နေတာ။
ဒေါ်ခင်မျိုးသက် ။ ။ ကျောက်ပုထိုးမိုင်းရဲ့ မြောက်ဘက်မှာ သန့်စင်စက်ရုံထွက် ရေစစ်ကန်ရှိပြီး ဒီကန်ဟာ ကျောက်အိုးချောင်းဘေးမှာ ရှိပါတယ်။ ကျောက်ပုထိုးစက်ရုံက တောင်ပိုင်းမှာ မြောင်းဖေါက်ပေးထားပြီး ညအချိန်မှာ စွန့်ပစ်ရေကို ထုတ်ပစ်လေ့ရှိသလို ဒီရေထဲမှာ စက်ရုံအညစ်အကြေးတွေ ပါတဲ့အတွက် အရောင်ရဲရဲ ဖြစ်နေကို တာတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သဖန်းကုန်းရွာသား ။ ။ ဒီချောင်းကြီးကို သတ္တုမိုင်းဘက်က ဆင်းလာတဲ့ချောင်းကို ပင်လယ်ချောင်းလို့ ခေါ်ပါတယ်။ ပင်လယ်ချောင်းရဲ့ အရှည်က ကျနော်တို့ ဗျူဟာလမ်းမကြီးရဲ့ အဆုံးထိ (၁၀) မိုင်အထိ သတ်မှတ်ထားတာကို တွေ့ရှိရပါတယ်။ အခုလက်ရှီ ဒီဘက်ကလာတဲ့ မင်းဝံတောင်ကျရေ ဖြစ်တဲ့ အော်ဂဲနစ် မြေဆွေးတွေပါ ပါလာတဲ့ ရေကောင်းရေသန့်သည် ဒီနေရာမှာ လာဆုံပါတယ်။ ဒီနေရာမှာ လာဆုံတဲ့အတွက်ကြောင့်မို့ ရေဆိုးတွေက အထိုက်အလောက် ပါတာကြောင့်မို့ ဆိုးသွမ်းရေနဲ့ ကောင်းတဲ့ရေ လာဆုံတဲ့အတွက်ကြောင့်မို့ သားငါးလေးတွေ ဒီနေရာမှာ ရှိပါတယ်။
အဲဒီလို ရှိတဲ့အတွက်ကြောင့်မို့ ဓါတ်ဆိုးရေ ဘယ်လောက် ပြင်းမပြင်းဆိုတာကို ကျနော်တို့ဒေသ အသိအနေနဲ့ ဘယ်လို သိရသလဲဆိုတော့ ဒီဓါတ်ဆိုးရေကြောင့် ငါးတွေက သေကျေ ပျက်စီးရပါတယ်။ နောက် သောက်သုံးရေ - ကျွန်တော်တို့ သဖန်းကုန်းရွာဟာ ရွာချောင်းရဲ့ ရွာလယ်ခေါင်တည့်တည့်မှာပဲ ဖောက်ထားတာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ကျွဲနွားများ၊ လှည်းများ အခိုက်အတန့် ရွာထဲကို ဒီချောင်းကရေထဲ မောင်းသွင်းရတဲ့အခါ ကျွဲနွားတွေ ဒီရေ မသောက်သုံးမိစေဖို့ အတင်းမောင်းရသလို၊ နှာခေါင်းပိတ်သဘောမျိုး နဖားကိုဆွဲပြီးတော့ မောင်းသွားရတာ ရှိပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ အခုလို ထိခိုက်မှုတွေ ရှိနေချိန်မှာပဲ ကျောက်ပုထိုးစက်ရုံကို အကြီးချဲ့ဖို့ လုပ်လာသလို ဆည်တော်ကြီးကနေ သွယ်ပြီးဖြန့်ဖြူးပေးနေတဲ့ လျှပ်စစ်ဓါတ်အားအတွက် လိုင်းအသစ်သွယ်ဖို့ ဖိအားပေးခြိမ်းခြောက်မှုတွေပါ ရှိလာတယ်လို့ ခနဲရွာသား ကိုဌေးတင့်က ပြောပါတယ်။
ကိုဌေးတင့် ။ ဒီ အလဲဗင်းလိုင်းကို မတပ်ဆင်ရင် မီးဖြတ်မယ်ဆို ရွာသားတွေကို အမျိုးမျိုးခြိမ်းခြောက်တယ်။
ဒေါ်ခင်မျိုးသက် ။ ။ ကျောက်ပုထိုးစက်ရုံကို တိုးချဲ့ဖို့လုပ်နေတာဟာ ရေဆိုးတွေ စီးဆင်းမှု ပိုများလာနိုင်တာမို့ ကျောက်အိုးချောင်းရေကို အားထားနေရတဲ့ ရွာတွေကလည်း စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
သဖန်းကုန်းရွာသား ။ ။ လက်တွင်းပိုက်ကလေးတွေ ချပြီးတော့ - လက်တွင်းပိုက်က အနည်းဆုံး (၆) ပေ၊ အမြင့်ဆုံး (၇) ပေလောက် ရေအနက် ရှိပါတယ်။ အဲဒီရေကို ပိုက်မှာ အပေါက်ကလေးဖောက်ပြီးတော့ အသုံးပြုနေရတာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဓါတ်ဆေးပါတဲ့ အနယ်အနှစ်တွေက အန္တရာယ်အများဆုံး ဖြစ်နိုင်တဲ့အနေအထားမှာ ရှိတဲ့အတွက်ကြောင့်မို့ ကျနော်တို့က အခုလို တင်ပြခြင်း ဖြစ်ပါတယ်။ နောက်ပြီးတော့ ဒါက စိုးရိမ်ရတဲ့ အနေအထားတခု။ တချို့ဆိုရင် ချောင်းကမ်းပါးတလျှောက်လုံးမှာ ရှိပါတယ်။ ပိုက်တွေနဲ့ သွယ်တန်းထားတာ တွေ့ပါလိမ့်မယ်။ အဲဒီအတွက် ကျန်းမာရေးအန္တရာယ်ဟာ လူထုအပေါ်မှာ ဒီကုမ္ပဏီရဲ့ ဆိုးကျိုးပေးတဲ့ ဓါတ်ဆေးပြင်းအားတွေကြောင့် ဘယ်လောက်အထိ သက်ရောက်နိုင်တယ်ဆိုတာကတော့ အဖြေကတော့ အတိအကျ မသိပါဘူး။ ဒါပေမဲ့လို့ အန္တရာယ်ရှိနေတဲ့ အနေအထားမှာတော့ လက်တွေ့အနေနဲ့ ဆရာတို့ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ ကျောက်ပုထိုးမိုင်းကို အခု တာဝန်ယူထုတ်လုပ်နေတဲ့ ထာဝရကုမ္ဗဏီထဲကို ရွှေသန့်စင်တဲ့ အနေထား သိရအောင် သွားရောက် ကြည့်ရှုခွင့်တော့ မရခဲ့ပါဘူး။ ဒါပေမယ့် စက်ရုံကြောင့် ပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် ကြိုးစားနေကြောင်းနဲ့ ဒေသတွင်း ဖွံဖြိုးရေးတွေအတွက်လည်း လုပ်ဆောင်ပေးနေတယ်လို့ ထာဝရကုမ္ဗဏီက အကြီးတန်းတာဝန်ခံတဦးက ပြောပါတယ်။
သောက်သုံးရေအတွက် သောက်ရေကန်တွေနဲ့ အဝီစိတွင်းတွေ တူးပေးနေသလို ဝန်းကျင်ကျေးရွာ (၁၁) ရွာကို ဖွံ့ဖြိုးရေးအတွက် (၂) သိန်းစီ ပေးလှူနေပြီး ကျောင်းဆရာတွေကို တလ (၂) သောင်းစီ ထောက်ပံ့ နေတယ်လို့လည်း ပြောပါတယ်။ ဒါ့ပြင် ပတ်ဝန်းကျင် ထိမ်းသိမ်းရေးအတွက် ကျွန်းပင်နဲ့ ရေထိမ်းအမြစ်ရှည်အပင်တွေ စိုက်ပျိုးပေးသလို ကုမ္ဗဏီရဲ့ လုပ်ငန်းတွေကို စောင့်ကြည့် ကြီးကြပ်တဲ့ အစိုးရအဖွဲ့တွေက အမြဲတမ်းစစ်ဆေးနေတယ်လို့လည်း ပြောပါတယ်။
ဒီကုမ္ဗဏီအနေနဲ့ လုပ်ဆောင်ပေးတဲ့ အပိုင်းတွေ ရှိပေမယ့် လုံလောက်မှု မရှိသေးသလို ဒေသခံတွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဖို့လိုနေ သေးတယ်လို့ ကံသာခရိုင် တောင်သူလယ်သမား သမဂ္ဂ KTRFU ကိုတည်ထောင်သူ ကိုမြသိန်းထွန်းက ပြောပါတယ်။
ကိုမြသိန်းထွန်း ။ ။ သူတို့တွေ ဖျက်ဆီးခဲ့တဲ့ နှစ်ပေါင်း (၃၀) ကျော်ကာလ ဘယ်သူလုပ်ခဲ့သည်ဖြစ်စေ ဒီမိုင်းလုပ်ငန်း၊ Mine plan ကြောင့် ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က Mine Plan ကို လက်ညှိုးထိုးတယ်။ ဒီမိုင်းအစီအစဉ်ကြီးကို လက်ညှိုးထိုးတယ်။ အဲဒီကြောင့် မိုင်းအစီအစဉ်ကြီးကြောင့် ထိခိုက်ခဲ့တဲ့ တောင်သူလယ်သမားတွေကို နစ်နာမှုက ဘယ်အစိုးရလက်ထက်မှာမှ ပေးဆပ်ခဲ့တာ မရှိတဲ့အတွက် ဘယ်နည်းနဲ့ ပေးမလဲ။ ဥပဒေ၊ နည်းဥပဒေအတိုင်း ပေးမလား။ ဒါမှမဟုတ် ညှိနှိုင်းပေးခြေမလား။ ဘယ်လိုပုံစံမျိုးနဲ့ ကူညီနိုင်မလဲ။ တနည်းနည်းနဲ့ ကူညီသင့်တယ်။
ဒေါ်ခင်မျိုးသက် ။ ။ မြောက်ဖျားက မဲဇာတောင်အပါအဝင် တောင်တန်းတွေပတ်လည်ဝိုင်းနေတဲ့ ကောလင်း-ဝန်းသို ဒေသဟာ ရွှေအမြောက်အများထွက်တဲ့ သာယာလှပတဲ့ ဒေသတခု ဖြစ်ပါတယ်။ ဒီဒေသဝန်းကျင်မှာ တူးဖေါ်နေတဲ့ ရွှေသတ္တုမိုင်းက ရာနဲ့ချီရှိနေတာမို့ ဒီလိုတူးဖေါ်မှုတွေကနေ သဘာဝဝန်းကျင်ကိုရော ဒေသခံတွေကိုပါ မထိခိုက်စေဖို့ အရေးကြီးပါတယ်။