သုံးရလွယ်ကူစေသည့် Link များ

ဒီတပတ် မြန်မာ့ရေးရာဆွေးနွေးခန်းအစီအစဉ်မှာ ဖက်ရှင် (fashion) လျှောက်လမ်းပေါ်က မော်ဒယ် (model) တယောက်အဖြစ် အောင်မြင်ဖို့ဆိုတာ ရုပ်ရည်တင်မက၊ စိတ်ဓါတ်နဲ့ လုပ်ငန်းပိုင်းမှာပါ ကျွမ်းကျင်ပိုင်နိုင်ဖို့ လိုအပ်တာပါ။ ဒါကြောင့် Talent & Model Agency ဖွင့်ထားတဲ့ မတင်မိုးလွင်တို့က သင်တန်းသူတွေကို ဘယ်လို လေ့ကျင့်ပေးနေပါလဲ။ မော်ဒယ်တဦးချင်းဟာ သူတို့ကို အားကျအတုယူမယ် လူငယ်မိန်းကလေးတွေအတွက် စံနမူနာပြုနိုင်မယ့်သူတွေ ဖြစ်နိုင်မယ်လို့ မတင်မိုးလွင် က ပြောဆိုပါတယ်။ မတင်မိုးလွင် အမေရိကန်ပြည်ထောင်စုတလွှာ အလည်အပတ်ခရီး ရောက်နေစဉ်အတွင်း ဝါရှင်တန်ဒီစီ VOA ရုံးချုပ် Studio မှာ မအင်ကြင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

မအင်ကြင်းနိုင် ။ ။ ကြုံတုန်းကြုံခိုက် အခုလို ဖိတ်ခေါ်ပြီးတော့ မေးခွင့်ရတဲ့အတွက် ကျမတို့ အများကြီး ဝမ်းသာပါတယ်။ အဲဒီတော့ မမိုးက မြန်မာနိုင်ငံမှာ မော်ဒယ်သင်တန်း ပေးနေတဲ့အခါကြတော့ လက်ရှိ မြန်မာနိုင်ငံမှာ မော်ဒယ် စီးပွားရေးလောကမှာ အခြေအနေတွေ ဘယ်လောက်အထိ တိုးတက်မှုတွေ ရှိနေလဲရှင့်။

မတင်မိုးလွင် ။ ။ မြန်မာနိုင်ငံရဲ့  စီးပွားရေးလောကကတော့ အရမ်းကြီးလည်း တိုးတက်တာ မဟုတ်ပေမယ့် အလားအလာတွေ အများကြီးရှိနေတဲ့ စီးပွားရေးလောက။ မျှော်လင့်ချက်တွေ အများကြီးရှိတယ်။ နောက်ပြီးတော့ မျှော်လင့်လို့လည်း ရပါတယ်။ အခြေအနေ၊ အချိန်အခါကို လိုက်ပြီးတော့ အချိန်မရွေး၊ ချက်ချင်းကြီး အရမ်းအောင်မြင်သွားနိုင်တဲ့ အခြေအနေမျိုးလိုလည်း ဖြစ်နိုင်တယ်လို့ မမိုးတို့ ထင်ပါတယ်။ ဒါပေမဲ့ ဒါကတော့ တိုင်းပြည်ရဲ့  ငြိမ်းချမ်းမှုတွေ။ နောက်ပြီးတော့ အခြားသော နိုင်ငံရေးအခြေအနေတွေနဲ့လည်း ဆိုင်မယ်လို့ ထင်ပါတယ်။ Modeling ကတော့ ခေတ်ကာလ အခြေအနေ ပြောင်းလဲမှုနဲ့ ကမ္ဘာကြီးက အရှေ့ အနောက် ကမ္ဘာ့ရွာ ဖြစ်လာတဲ့အခါကြတော့ လက်ရှိအခြေအနေတွေအားလုံးက တကမ္ဘာလုံးမှာ လည့်ပတ်ပြီး စီးဆင်းသွားတယ်။ ဒီလိုမျိုးပုံစံနဲ့ Modeling ကလည်း ရှင်သန်လာတယ်။ ပိုမိုလည်း တိုးတက်လာတယ်။ ပိုပြီးတော့လည်း တွင်ကျယ်လာပါတယ်။ မမိုးတို့ သင်တန်းကျောင်းကို ပြောရမယ်ဆိုရင်တော့ မော်ဒယ်သင်တန်းတခုတည်း မဟုတ်ပါဘူး။ အဓိက သင်တန်းကတော့ Personal Grooming အဓိပ္ပါယ်ကတော့ ကိုယ်ရည်ကိုယ်သွေးကို တောက်ပအောင်၊ ပိုမိုတောက်ပအောင် မြှင့်တင်တာပေါ့။ အဲဒီတော့ Make-up ပြင်ရုံ၊ အဝတ်အစားဝတ်တာနဲ့ ကိုယ်ရည်ကိုယ်သွေး မြှင့်တင်တယ်လို့ မမိုးတို့က မသတ်မှတ်ထားဘူး။ ဥာဏ်ပညာ အတွေးအခေါ်။ နောက်ပြီးတော့ စိတ်ထားနှလုံးသား။ ပြီးတော့ ပြန်လည်ပြီး အသုံးချနိုင်တာ။ ကိုယ့်ကိုယ်ကိုယ် ဘယ်လို Present လုပ်မလဲ။ ရုပ်အားဖြင့် မဟုတ်ဘဲနဲ့ စိတ်အားဖြင့် အပြုအမှုအားဖြင့်၊ အတွေးအခေါ်အားဖြင့်၊ ဆုံးဖြတ်ချက်အားဖြင့်၊ လူထုအကျိုးပြုအားဖြင့် ဘယ်လိုမျိုး လောကပတ်ဝန်းကျင်ကို ကိုယ့်ကောင်းကျိုးနဲ့ အလှဆင်မလဲနိုင်မလဲ။ ဒါမျိုးကို Personal Grooming လို့ တွတ်တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လူတွေက မော်ဒယ်လေးတွေ၊ အနုပညာလောကထဲမှာ အောင်မြင်တဲ့သူတွေ ပေါ်ထွက်လာတော့ မော်ဒယ်သင်တန်းလို့ အလွယ်ပဲ နားလည်ထားကြတယ်။ တကယ်တော့လဲ မော်ဒယ်ဘာသာရပ်က တစိတ်တပိုင်းပဲ ဖြစ်ပါတယ်။ ၉၉ ရာခိုင်နှုန်းကတော့ ကမ္ဘာလောကကြီးမှာ ကောင်းကျိုးပြုနိုင်မယ့် လူသားတယောက်ဖြစ်ဖို့ ရည်ရွယ်ပါတယ်။

မအင်ကြင်းနိုင် ။ ။ မမိုး အဲဒီလို သင်တန်းပေးတဲ့အခါမှာ နိုင်ငံတကာနဲ့ ယှဉ်ပြီးတော့ လူငယ်တွေကို ဘယ်လို ပညာပေးတာမျိုး ဒါမှမဟုတ် Training အဲဒါမျိုးကြတော့ နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ဘယ်လို ဆောင်ရွက်ပါလဲ။

မတင်မိုးလွင် ။ ။ အဓိကတော့ စိတ်ဓါတ် - အလုပ်လုပ်မယ်ဆိုရင် စိတ်ဓါတ်က အရမ်းအရေးကြီးတာ။ လုပ်လိုစိတ်၊ လေ့ကျင့်လိုစိတ်၊ နောက်ပြီးတော့ မှတ်သားနာယူလိုစိတ်၊ လေ့လာနိုင်စွမ်းအား၊ အသုံးချလိုစိတ်။ ဒါတွေလိုတယ်။ နောက်ပြီးတော့ ကောင်းမွန်တဲ့ အတွေးအခေါ်ကောင်းတွေ။ အဲဒီတော့ စိတ်ဓါတ်နဲ့ အတွေးအခေါ်ကောင်းတွေ ပေါင်းဖို့ပဲလိုတာဆိုတော့ ဘယ်အလုပ်ပဲလုပ်လုပ် မမိုးက သင်တန်းမှာ အဲဒါကို အရင်သင်တယ်။ မော်ဒယ်လိုင်းပဲသွားသွား၊ ပညာရေးလိုင်းပဲသွားသွား၊ စီးပွားရေးလိုင်းပဲသွားသွား၊ လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေး ဘယ်လိုင်းပဲသွားသွား စိတ်ဓါတ်ကို အရင်သင်တယ်။ ပြီးတော့ လူတယောက် လုပ်ငန်းခွင်ထဲမှာ ရှိရမယ့် စည်းကမ်း။ အဲဒီ စည်းကမ်းတွေကို နေ့စဉ်နေ့တိုင်း လုပ်ငန်းခွင်ထဲမှာ၊ လက်တွေ့ထဲမှာ တောက်လျှောက်စည်းကမ်းနဲ့ သွားတယ်။ ပြီးတော့မှ ပါလာတာက ပညာပေါ့။ မော်ဒယ်လုပ်မယ်ဆို မော်ဒယ်ပညာ။ သရုပ်ဆောင်လုပ်မယ်ဆို သရုပ်ဆောင်ပညာ။ ဒီ (၃) ခုက မမိုးတို့ ငယ်စဉ်ကတည်းက အခြေခံပညာကျောင်းတွေမှာ သင်ကြားပေးခဲ့တဲ့ တြိဂံပုံစံ အချက် (၃) ချက်ပေါ်မှာ အဓိက အမြဲတမ်းထားပါတယ် - စိတ်ဓါတ်၊ စည်းကမ်း၊ ပညာ။

မအင်ကြင်းနိုင် ။ ။ ဆိုတော့ မမိုး ပေးလိုက်တဲ့ သင်တန်းကနေ ထွက်လာတဲ့ လူတွေက မော်ဒယ်တခုတည်း မဟုတ်ဘူး။ အသက်မွေးဝမ်းကျောင်းပေါင်းစုံပါ ဝင်ပြီးတော့ ရှင်သန်နိုင်အောင်ဆိုတော့ အဲဒီတော့ မမိုးဆီက ထွက်လာတဲ့ လူငယ်တွေ။ မမိုးဆီ လာတက်တဲ့ လူငယ်တွေ - အမျိုးသား၊ အမျိုးသမီးတွေ - သူတို့ရဲ့  အားသာချက်တွေ ဘာတွေတွေ့ရပါလဲရှင့်။

မတင်မိုးလွင် ။ ။ သူတို့ကတော့ ခေတ်သစ်မှာ သူတို့ရဲ့  ပုံစံကို အကျမခံဘဲနဲ့ တိုးတက်နေတဲ့လူတွေ၊ အောင်မြင်နေတဲ့လူတွေ၊ ကြိုးစားနေတဲ့လူတွေ၊ ဘယ်လိုခွန်အား၊ ဘယ်လို စိတ်ဓါတ်၊ အတွေးအခေါ်၊ ဥာဏ်ပညာနဲ့ ကြိုးစားနေသလဲဆိုတာကို သိချင်လို့ ဒီသင်တန်းကို လာတာ။ မမိုးအနေနဲ့လည်း မော်ဒယ်သင်တန်းလို့ ခေါ်တာကိုလည်း မတားဘူး။ ဘာကြောင့်လဲဆိုတော့ စင်ပေါ်တက်ပြီးတော့ လျှောက်မှ မော်ဒယ် မဟုတ်ဘူး။ စင်ပေါ်တက်ပြီးတော့ ဖက်ရှင်ဝတ်စုံတွေ ဝတ်ပြီးတော့ လျှောက်ရင် ဒါက ဖက်ရှင်မော်ဒယ် (Fashion Model)။ ဒါပေမဲ့ ကိုယ့်ရဲ့  လူမှုလောကပတ်ဝန်းကျင်ထဲမှာ သူများတွေက အတုယူရတယ်။ စံနမူနာ ယူထိုက်တဲ့လူဆိုရင် သူက Role Model - အဲဒီတော့ မမိုးရဲ့  သင်တန်းကို လာတက်တဲ့ သင်တန်းသား၊ သင်တန်းသူများကို နယ်ပယ်ကဏ္ဍအသီးသီးမှာ Role ဖြစ်စေချင်တာ။ သူတို့နောက်က Generations တွေက သူတို့ကိုကြည့်ပြီးတော့ သူတို့လိုဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ Role တွေ၊ Icon တွေ၊ Ideal တွေ အဲဒီလို ဖြစ်စေချင်တာ။ ဥပမာ အမေစုပေါ့။ ဒေါ်အောင်ဆန်းစုကြည်။ သူကို စပြီးတော့ ကြားသိကတည်းက အရမ်းလေးစားတယ်။ မမိုးတို့ဘဝမှာ အနှစ် (၃၀) လုံး သူကိုကြည့်ပြီးတော့ ခွန်အားတွေ အများကြီးရတယ်။ စိတ်ရှည်သည်းခံ ဇွဲသန်မှုတွေ အများကြီးရတယ်။ အဲဒီတော့ သူက Fashion Show လျှောက်တဲ့ မော်ဒယ်တော့ မဟုတ်ဘူး။ ဒါပေမဲ့ မမိုးတို့ဘဝရဲ့  Role Model. မမိုးက Talents and Models ပေးထားတာကလည်း အဲဒီစိတ်ကူးနဲ့ ပေးထားတာပါ။

မအင်ကြင်းနိုင် ။ ။ အခု မမိုး သင်တန်းပေးတဲ့အခါမှာ လူငယ်တွေကို ဘယ်လို စည်းကမ်းတွေနဲ့ ဥပမာပေးပြီးတော့ ပြောပေးလို့ ရမလား။

မတင်မိုးလွင် ။ ။ မမိုးတို့ဆီ ရောက်လာတယ်ဆိုကတည်းက အောင်မြင်တဲ့ လမ်းကြောင်းကို သွားချင်လို့၊ အောင်မြင်တဲ့ လမ်းစကို ရှာဖွေကြတာ။ မမိုးက ရှေ့ ဆောင်လမ်းပြတယောက်အနေနဲ့၊ စွန့်ဦးတည်ထွင်သူတယောက်အနေနဲ့ ဒီလမ်းကို ဖောက်ခဲ့တဲ့ ဖြစ်တဲ့အတွက် မမိုး ရှေ့ ကသွားနေပေမယ့်၊ နောက်မှာ လူမပါလာရင်လည်း မမိုးအတွက် Entrepreneur လို့ခေါ်တဲ့ စွန့်ဦးတည်ထွန်သူအဖြစ် ကိုယ့်ကိုယ်ကိုယ် မသတ်မှတ်နိုင်ဘူး။ ကိုယ်တီထွင်လိုက်တဲ့ လမ်းကြောင်းမှာ နောက်ကလူတွေ အလုပ်ဖြစ်တယ်။ အောင်မြင်တယ်ဆိုရင် ကိုယ်လည်း ကျေနပ်တယ်။ အောင်မြင်တဲ့ စွန့်ဦးတီထွင်သူတယောက်လည်း ဖြစ်တယ်။ ကလေးတွေအားလုံးကို အဲဒီလိုပဲ သတ်မှတ်ပါတယ်။ Teacher ရဲ့  နောက်ကို လိုက်တဲ့အခါ အသစ်ထွင်ချင်ရင်လဲ ထွင်နိုင်ဖို့ အားတွေပေးလိုက်မယ်။ လုပ်ငန်းတခု၊ လမ်းကြောင်းတခု၊ ဖန်တီးမှုတခုကို တီထွင်ချင်တယ်ဆိုရင် ခွန်အားတွေ ပေးလိုက်မယ်။ အဲဒီလိုမှ မဟုတ်ဘူး။ ဒီလမ်းကြောင်းပေါ် လျှောက်မယ်ဆိုရင်လဲ Teacher ထက် ပိုတော်တဲ့၊ ပိုပြီးတော့ အားအင်စိုက်နိုင်တဲ့၊ ပိုပြီးတော့ နိုင်ငံအတွက် အကျိုးပြုသူတယောက်ဖြစ်အောင် ကြိုးစား။ အဓိကတော့ သင်တန်းရဲ့  အဓိကတော့ စိတ်ဓါတ်ခွန်အား၊ ဥာဏ်စွမ်းအား၊ နောက်ပြီးတော့ နှလုံးသားနဲ့ ခံစားပြီးတော့ ကောင်းတဲ့ဘက်ကနေပြီးတော့ နိုင်ငံရေးပဲဖြစ်ဖြစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် - Environmental ဖြစ်ဖြစ်၊ Social Responsibilty တွေပဲဖြစ်ဖြစ်၊ လူတွေကို ကယ်တာပဲဖြစ်ဖြစ် အားလုံးကို သူတို့ Alert ဖြစ်နေရမယ်။ လူငယ်တွေဆိုတော့ လမ်းမပြပေးရင် မပြောပေးရင် မှားသွားနိုင်တယ်။ မမှားဘူဆိုရင်တောင်မှ အားမရှိဘဲနဲ့ ဒီလိုပဲ ဖြေးဖြေးသွားမယ်။ နည်းနည်းနောက်ကလည်း တွန်းပေးရတယ်။ အရှေ့ ကလည်း ဆွဲခေါ်ပေးရတယ်။ ဘေးကလည်း ရံပေးရတယ်။ အဲဒီလိုသဘောနဲ့ မမိုးက စည်းကမ်း၊ သင်ရိုးညွှန်တမ်းတွေ လုပ်ပေးထားတာ ဖြစ်ပါတယ်။

မအင်ကြင်းနိုင် ။ ။ အဲဒီတော့ မြန်မာနိုင်ငံရဲ့  ဖက်ရှင်မော်ဒယ် က အခု မမိုး ၁၉၈၈ နောက်ပိုင်းမှ ပိုပြီးတော့ တွင်ကျယ်လာတာ။

ဆိုတော့ အခု အနေအထား - နှစ် (၂၀) ကျော်လာပြီဆိုတဲ့ အချိန်ကာလ၊ အခြေအနေမှန်မှာ တကယ်အတိုင်းအတာအရဆိုရင် မော်ဒယ်လောက ဘယ်လိုနေလဲ။ တကယ်ပဲ တိုးတက်လာပါလား။

မတင်မိုးလွင် ။ ။ တိုးတက်ပါတယ်။ မြန်မာပြည် အနေအထားနဲ့ဆိုရင် အရမ်းတိုးတက်တာပေါ့။ မမိုးတို့ ခေတ်တုန်းကဆိုရင် လက်ချိုးရေတွက်လို့ ရတယ်။ လက်ချိုးရေတွက်လို့ရတယ်။ အများကြီးလည်း မရှိဘူး။ ဒီလိုမျိုး ကာယအလှမယ်။ လှယဉ်ကျေးမယ်ဆိုတာပဲ ရှိပြီးတော့ ဖက်ရှင်မယ်၊ မော်ဒယ်မယ်ဆိုတာက ဖက်ရှင်မယ်လို့ပဲ ခေါ်ကြတာ။ မော်ဒယ်လိုတောင် မခေါ်တတ်ကြဘူး။ အဲဒီလိုကနေ အခု အနှစ် (၂၀) ကျော် အစိတ် အတော်အတွင်းမှာ Super Model, Professional Model, International Model တွေ ပေါ်လာတယ်။ ကလေးတွေက သူတို့ Measurement ကို လိုက်ပြီးတော့ Miss ပြိုင်နိုင်တဲ့လူတွေ။ နောက်ပြီးတော့ နိုင်ငံတကာမှာ Top Model တွေ ဝင်ပြိုင်ရင်နဲ့ Top စာရင်းဝင်လာတယ့်လူတွေ။ နောက် မြန်မာနိုင်ငံရဲ့  မီဒီယာလောက၊ Printing မီဒီယာလောက၊ Online မီဒီယာလောက၊ Commercial တွေမှာ မော်ဒယ်တွေ အများကြီးဝင်လာပြီ။ ဒီလို ဈေးကွက်စီးပွားရေးနဲ့အတူ လိုက်ပါလာတဲ့ ပမာဏကို ကြည့်မယ်ဆိုရင် မော်ဒယ်လောက်က မြန်မာပြည်ရဲ့  အခြေအနေနဲ့ဆိုရင် အရမ်းတိုးတက်လာတာ။ နိုင်ငံတကာကို ထိုးဖောက်နိုင်တာ၊ မထိုးဖောက်နိုင်တာကတော့ အခြေအနေကို စောင့်ရအုံးမှာပေါ့။ ဒါပေမဲ့ ဒီလိုအရှိန်အတိုင်းသွားရင် တချိန်တော့လည်း ရောက်လာမှာပါ။

မအင်ကြင်းနိုင် ။ ။ ဒီလို အုပ်စုလိုက် ဒီနိုင်ငံတွေမှာဆို သူတို့က အုပ်စုလိုက်၊ မော်ဒယ်အုပ်စုလိုက်တွေ ရှိတယ်။ သူတို့အုပ်စုနဲ့သူတို့ အဲဒီလိုမျိုး ပွဲတွေမှာ ပြရတာမျိုးဆိုရင် မြန်မာနိုင်ငံက အဲဒီလို မော်ဒယ်ထဲမှာ ဘယ်လို အခြေအနေ ရှိပါလဲ။

မတင်မိုးလွင် ။ ။ မြန်မာနိုင်ငံမှာလည်း သူ့ရာသီနဲ့ သူ့ရာသီ။ Seasonal Shows တွေ ရှိတယ်။ Fashion Week တွေ ရှိတယ်။ နောက်ပြီးတော့ ကိုယ့်အဖွဲ့အစည်းနဲ့ ကိုယ် လုပ်ကြတာပဲ။ Bridal ဆိုလည်း Bridal. မိုးရာသီဆိုလဲ မိုးရာသီ - International Fashion week - နိုင်ငံခြားက Designers တွေလာ။ ဒါမျိုးတွေရှိတယ်။ နောက်ပြီးတော့ နိုင်ငံခြားတိုင်းပြည်တွေက ဖိတ်ကြားထားတာတွေလည်း သွားရတယ်။ China သွားတယ်။ ကွာလမ်လန်ပူ အာရှဖက်ရှင်၊ မလေးရှားမှာ လုပ်တာကို ဆက်တိုက်သွားဖြစ်ခဲ့တယ်။ သူတို့နိုင်ငံရဲ့  သတင်းစာတွေ၊ ဂျာနယ်ခေါင်းကြီးပိုင်းတွေမှာ မမိုးတို့ ပါခဲ့ရတယ်။ ဒီနောက်ပိုင်းမှာတော့ နည်းနည်းလေး ပိုပြီးကျယ်ပြန့်လာတယ်။ ဒီဇိုင်းနာတွေ အများကြီး ပေါ်လာတယ်။ Designer Association တွေ ရှိလာတယ်။ နောက်ပိုင်းဆိုရင် ဒီထက်ပိုပြီးတော့ ကမ္ဘာရဲ့  စင်မြင်တွေပေါ် ခြေဆန့်လာတော့မှာပေါ့။ အခုလဲ မြန်မာဒီဇိုင်းနာတွေ၊ သူတို့ မော်ဒယ်တွေလည်း ခေါ်သွားပြီးတော့ နိုင်ငံခြားရဲ့  Fashion Week မှာ ပြနေကြတာ။ ဒီထက်ပိုပြီး အကျယ်တဝံ့ ဖြစ်လာရင်တော့ Myanmar Fashion, Myanmar Culture, မြန်မာရဲ့  Tourism တွေ ပြီးတော့ အလားအလာ ပိုကောင်းလာမယ်လို့ ထင်ပါတယ်။ ဖက်ရှင် နဲ့ မော်ဒယ်လောကကလည်း Tourism ကြီး။

မအင်ကြင်းနိုင် ။ ။ အဲဒီတော့ နိုင်ငံတကာဘက်က မြန်မာနိုင်ငံက မော်ဒယ်တွေကို သူတို့ စိတ်ဝင်စားတဲ့အခါမှာ သူတို့ အမြင်နဲ့ သူတို့ကြည့်တဲ့အကြည့်က အားသာချက်တွေ ဘာတွေကို တွေ့ရပါလဲ။

မတင်မိုးလွင် ။ ။ မြန်မာတွေက အသားအရေကောင်းတယ်။ နောက်ပြီးတော့ မျက်လုံးမျက်ဖန် - မြန်မာမျက်လုံးလေးတွေက နက်နက်ကလေးတွေနဲ့ တောက်နေတယ်။ စိတ်ထားတွေက အရမ်းရိုးသားတော့ မျက်လုံးလေးတွေက ကြည်ပြီးတော့ ရယ်နေတာမျိုး။ အဲဒီတော့ ပြုံးမယ်ဆိုလဲ ချက်ချင်းပြုံးနိုင်တယ်။ သင်ရင်လည်း သင်ရတာလွယ်တယ်။ အရမ်းလည်း Sharp ဖြစ်ကြတယ်။ ပညာရေးဖြစ်ဖြစ်၊ တခုခု အလုပ်အကိုင် အသက်မွေးကျောင်း အားလုံး သင်ရတာလွယ်တယ်။ နောက် အပြုံးလေးတွေ သူတို့ သဘောကျကြတယ်။ ကျန်တာကတော့ Measurement နဲ့ တိုင်မယ်ဆိုရင်တော့ High Fashion Model တယောက်ဖြစ်ဖို့တော့ ရှားပါးတာပေါ့။ အရပ်နဲ့ဆိုရင် မြန်မာအရပ်က ဂျပန်နဲ့ Level လောက်ပဲရှိတာ။ International က ၅.၈ (၁၇၀ စင်တီမီတာ) ကျော်မှဖြစ်မှာဆိုတော့ ၁၇၀ စင်တီမီတာအောက်လောက် များတယ်ဆိုတော့ နည်းနည်းတော့ ခက်တယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ အစာအဟာရတွေနဲ့ လူငယ်တွေရဲ့  Generation အပြောင်းအလဲမှာတော့ အရမ်းကို Measurement တွေ၊ Hight တွေ High Fashion တွေ အများကြီး ရှိလာပါပြီ။

မအင်ကြင်းနိုင် ။ ။ အမျိုးသမီးတွေအတွက် အခွင့်အလမ်းတွေ မြန်မာနိုင်ငံမှာ အများကြီးရှိသလား။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက စစ်အစိုးရက အုပ်ချုပ်ခဲ့တဲ့ အချိန်ကာလတွေ ရှိခဲ့တယ်။ အခုတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရဆိုပေမယ့်လဲ အခုမှ အပြောင်းအလဲက စဖြစ်တော့ အမျိုးသမီးတွေအတွက် အခွင့်အလမ်းတွေကော ..

မတင်မိုးလွင် ။ ။ အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်။ မြင်တတ်တဲ့လူ၊ မြင်နိုင်တဲ့လူတွေဆိုလဲ မြင်နေရတယ်။ Opportunity ကို အများကြီး မြင်နေရတယ်။ နောက်ပြီးတော့ သတ္တိရှိတဲ့လူ။ ရဲရင့်တဲလူ၊ ခွန်အားတွေ အများကြီး မွေးမြူးနိုင်သူဆိုလည်း ရှေ့ ကို ရောက်လာတာပဲ။ ဘယ်လောက်ပဲ ပိတ်နေပါစေ ဖောက်ထွက်နိုင်တဲ့ နည်းလမ်းတွေကို အမျိုးသမီးတွေက ရှာကြံနိုင်တယ်။ ပုခတ်လွှဲသောလက်က ကမ္ဘာကို အုပ်စိုးနိုင်မယ်ဆိုတဲ့ စကားအတိုင်း … ကလေးတွေကို သူတို့က ကြင်နာစွာဖြင့် ပုခတ်ကို လွှဲပေးနိုင်ပေမယ့် ဒီလက်နဲ့ပဲ သူတို့က အလုပ်တွေလည်း အများကြီး လုပ်နိုင်တယ်။ အများကြီး ပေထက်အက္ခရာ တင်နိုင်တာ၊ ကိုယ်တိုင်ကိုယ်ကျ လုပ်ပြနိုင်တာတွေ အများကြီး။ အခုဆိုလို့ရှိရင် ခေတ်ပြောင်းတာ၊ ခေတ်မပြောင်းနိုင်လို့ ။ အရင်စစ်အစိုးရလက်ထက်မှာပဲ မမိုးတို့က ရှင်သန်ကြီးပြင်းခဲ့တာ။ ဒါပေမဲ့ ကိုယ်သွားချင်တဲ့လမ်းကြောင်း၊ ကိုယ်ရပ်တည်ချင်တဲ့ နယ်ပယ်ကို ကိုယ်ရွေးချယ်ခဲ့တယ်။ ကိုယ်ဘာသာကိုယ် တည်ဆောက်ခဲ့တယ်။ အခု မမိုးတို့ထက် နောက်ထပ်(၁၀) နှစ် Generation က အနှစ် (၂၀) နောက်ကျတဲ့ Generation၊ အနှစ် (၃၀) Generation/ အခု မမိုးတို့ မွေးထားတဲ့ ကလေးတွေရဲ့  Generation (၁၀) တစ်ခါ ကန့်သတ်မယ်ဆိုရင်တော့ Generation (၄) ခုလောက် ရှိသွားပြီ။ အမတို့ဆိုရင် လေးဆယ်ကျော်သွားပြီ။ သူတို့ဆိုရင် ပိုပြီးတော့ Power တွေ ပိုပြီးတော့ ရှိလာလေ။ အခြေအနေလည်း ပိုပေးလာတယ်။ ဒါကြောင့်မို့ အမျိုးသမီးတွေက ဒီထက်ပိုပြီးတော့လဲ အခွင့်အရေး ရနိုင်တယ်။ ဒီထက်ပိုပြီးတော့ ရှေ့ တန်းရောက်နိုင်တယ်။ ဒီထက်ပိုပြီး အောင်မြင်နိုင်တယ်လို့ မမိုးက ပြောချင်ပါတယ်။

မအင်ကြင်းနိုင် ။ ။ ကျေးဇူးတင်ပါတယ်ရှင့်။ အခုလို အင်တာဗျူးပေးတဲ့အတွက်။

မတင်မိုးလွင် ။ ။ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG