သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ခရီးသွားလုပ်ငန်း အခက်အခဲ


ဝါရင့်ဧည့်လမ်းညွှန် ကိုစိုင်းကက်နက် နဲ့ ကိုဘွန်နီဦး
ဝါရင့်ဧည့်လမ်းညွှန် ကိုစိုင်းကက်နက် နဲ့ ကိုဘွန်နီဦး
မြန်မာ့ခရီးသွားလုပ်ငန်း အခက်အခဲ
please wait

No media source currently available

0:00 0:11:12 0:00
တိုက်ရိုက် လင့်ခ်


ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍဟာ အလားအလာကောင်းတွေ အများကြီးရှိနေပေမယ့် ဒီထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ချမှတ်ထားတဲ့ မူဝါဒတွေကို ထိထိရောက်ရောက် အကောင်ထည်ဖော်ဖို့ အနှိမ့်ဆုံးအဆင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်း ပိုကောင်းလာအောင်လုပ်ဖို့ ဒီကဏ္ဍမှာ ကျွမ်းကျင်သူတွေကို နေရာမှန်ပေးဖို့ စတာတွေလုပ်ဖို့ လိုအပ်တယ်လို့ ဝါရင့်ဧည့်သည်လမ်းညွှန်တွေက ထောက်ပြပြောဆိုကြပါတယ်။ မြန်မာ့ခရီးသွားလုပ်ငန်း လက်ရှိ အခြေအနေ၊ ရင်ဆိုင်နေရတဲ့ အကျပ်အတည်း ရှေ့အလားအလာတွေနဲ့ ပတ်သက်ပြီး ဝါရင့်ဧည့်ညွှန်တွေဖြစ်ကြတဲ့ ကိုစိုင်းကက်နက် နဲ့ ကိုဘွန်နီဦးတို့ကို ရန်ကုန်မြို့ VOA Studio မှာ ကိုကျော်ကျော်သိန်း တွေ့ဆုံမေးမြန်းထားပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ ကျနော်တို့ မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍ အလားအလာတွေကို ကျနော်တို့ ဆွေးနွေးကြမယ်ဆိုတော့ ကိုစိုင်းကက်နက် နဲ့ ကိုဘွန်နီဦးတို့က တကယ့်ဝါရင့် ခရီးသွားဧည့်လမ်းညွှန်တွေ ဖြစ်ကြတဲ့အတွက် အကိုတို့ သဘောထားက အင်မတန် အရေးပါမယ်လို့ ကျနော် ယုံကြည်ပါတယ်။ ပထမဦးဆုံးက လက်ရှိ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအခြေအနေသည် လွန်ခဲ့တဲ့ သုံးလေးနှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ပိုတက်လာနေပါသလား။ တန့်နေပါသလား၊ ကျသွားပါသလား။

ကိုစိုင်းကက်နက် ။ ။ ကျနော့် ပုဂ္ဂလိအမြင်ကို လက်ရှိအခြေအနေ၊ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ အနာဂတ် ပြောရမယ်ဆိုရင်တော့ လောလောဆယ်မှာတော့ တန့်နေတယ်လို့ ပြောလို့ရပါတယ်။ တချို့တွေတော့ တက်လာတာ ရှိပါတယ်။ တချို့ Sector အသေးလေးတွေပေါ့။ ဥပမာ မြစ်အတွင်းမှာ သွားလာနေတဲ့ ကျနော်တို့အခေါ် Cruise Tour တွေပေါ့။ မြစ်အတွင်း အပျော်စီးသင်္ဘောတွေ Sector တွေဆိုရင် တော်တော်လေးကို Double digits နဲ့ကို တိုးတက်လာတာ မြင်ရတယ်။ နောက် နိုင်ငံခြားကနေ အဲဒီလို တကယ့် ပင်လယ်ကူး သင်္ဘောကြီးတွေနဲ့ ဆိပ်ကမ်းသင်္ဘောတွေ ဝင်လာတာဆိုရင်လည်း တော်တော်လေး တိုးတက်လာတာကို တွေ့ရပါတယ်။ ခါတိုင်းဆိုရင် တနှစ်လုံးမှ ရန်ကုန် Port ကို ဝင်တဲ့ သင်္ဘောက ရှစ်စီး၊ ကိုးစီးထက် မပိုတဲ့ဟာက အခုဆိုရင် အစီး (၃၀) ကျော် ဝင်ပါတယ် တနှစ်ကို။ ကျန်တဲ့ Nation တွေနဲ့ နှိုင်းယှဉ်ရင်တော့ နည်းနေသေးပေမယ့် ကျနော်တို့အနေနဲ့တော့ တိုးတက်မှုလေး တခုလို့ မြင်လို့ရပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ ဆိုလိုတာက တချို့တက်တာတွေတော့ ရှိတယ်။ ဒါပေမဲ့ အားလုံးခြုံကြည့်မယ်ဆိုရင်တော့ တန့်နေတယ်ပေါ့။

ကိုစိုင်းကက်နက် ။ ။ Overall အနေနဲ့ ပြောရင်တော့ နည်းနည်းလေး တန့်သွားတယ်လို့ ပြောလို့ရပါတယ်။ အများစုက ခန့်မှန်းထားတာတော့ အခုဆိုရင် လူသစ်၊ စိတ်သစ်၊ အစိုးရသစ်နဲ့ ကဏ္ဍတခု ရောက်သွားတဲ့အချိန်မှာ တဟုန်းထိုး တိုးတက်လာမယ်လို့ မျှော်မှန်းထားတာ တအားကြီးမားသွားတဲ့အတွက်ကြောင့်မို့လဲ ထင်သလို Take up ဖြစ်မလာတဲ့ အနေအထားလေးတခု ဖြစ်သွားတယ်လို့ ကျနော် ယူဆပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ ကိုဘွန်နီဦးအနေနဲ့ တန့်နေတယ်ဆိုတာကို သဘောတူလား။

ကိုဘွန်နီဦး ။ ။ တန့်နေတယ်ဆိုတာ ဟုတ်ပါတယ်။ ကျနော်တို့က လက်တွေ့ မြင်ခဲ့တွေ့ခဲ့ရတာ တန့်နေတယ်ဆိုတဲ့အပိုင်းက။ အခုနပြောသလို တချို့အပိုင်းလေးတွေမှာ တိုးတက်မှု ရှိလာတယ်။ Cruise Tour မြစ်ကြောင်းသွားခရီးသွားမှာ တိုးတက်လာတယ်။ ဒါပေမဲ့ Overall အနေနဲ့ ပြန်ကြည့်လိုက်ရင် တန့်သွားတယ်။ ကျနော်တို့ မျှော်လင့်ထားသလောက် အရေအတွက် ဖြစ်မလာသေးဘူးဆိုတာ သိရတယ်။ အဲဒီအတွက် ကျနော်တို့က တန့်နေတယ်လို့ပဲ ဆိုချင်ပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ ဆိုတော့ ဒီတန့်နေတယ်ဆိုတဲ့ အချက်ကို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုပြီး အဖွဲ့တွေ ဖွဲ့ထားတယ်။ လုပ်နေကြတာ ရှိတယ်။ တာဝန်ရှိတဲ့လူတွေ ပါတယ်။ ဒီလူတွေကိုယ်တိုင်က အသိအမှတ်ပြုပါရဲ့လား။ ဒီတန့်နေတဲ့ဟာကို ဘယ်လိုပြိုင်ကြမလဲ။ ဘယ်လို ပြောင်းကြမလဲ။ မူအရ၊ လုပ်ငန်းအစီအစဉ်အရကော ဘယ်လိုလုပ်ကြမလဲဆိုတာ သေသေချာချာ၊ ကျကျနန စဉ်းစားပြီးတော့ လုပ်ဖို့ အလားအလာမျိုးကော ရှိရဲ့လား။ လုပ်ကောလုပ်နေရဲ့လား။

ကိုစိုင်းကက်နက် ။ ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်ထင်တာကတော့ အခုအနေနဲ့ ကျနော်တို့တိုင်းပြည်မှာ Leading Body တခု ရှိတယ် Myanmar Tourism Federation ခေါ်တဲ့ မြန်မာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်က Leading Body လည်းဟုတ်တယ်။ Ruling Body လည်းဟုတ်တယ်။ ဝန်ကြီးဌာနအောက်ကနေပြီးတော့ - အဲဒီဘက်ပိုင်းမှာ သူတို့ အားကောင်းမောင်းသန်နဲ့ လှုပ်ရှားဖို့ ပိုပြီးလိုအပ်တယ်လို့ ကျနော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်တဲ့ အိမ်နီးနားချင်းနိုင်ငံတွေမှာ အဲဒီဘက်ပိုင်းမှာ ကျနော်တို့တွေထက်လုပ်တာ အများကြီး အားသာနေတာ တွေ့ရပါတယ်။ ယိုးဒယားမှာဆိုရင် Tourism Authority of Thailand, မလေးရှားမှာဆိုရင် Malaysian Tourism Board ဆိုပြီးတော့ တော်တော်ကြီးကို အားကောင်းမောင်းသန်နဲ့ သူတို့ရဲ့ ခရီးသွားလုပ်ငန်းကို မောင်းနှင်းထိန်းကျောင်းပြီး ကဏ္ဍတခုကို ရောက်အောင် နှစ်တိုင်းနှစ်တိုင်းလိုလို ညွှန်းကိန်းအသစ်တွေနဲ့ တိုးတက်လာအောင် လုပ်နိုင်တဲ့ စွမ်းအားတခုကို တွေ့ရပေမယ့် ကျနော်တို့တိုင်းပြည်မှာ အဲဒါနဲ့ ပတ်သက်လာရင်တော့ အနည်းငယ် နှေးကွေးနေတယ်လို့ ပြောလို့ရပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ ကိုယ်က ပြိုင်ရမယ်။ လုပ်ရမယ်။ သူများတွေကတော့ ဒီလိုလုပ်နေပြီ၊ ငါတို့လည်းပဲ သေသေချာချာ၊ ကျကျနန စဉ်းစားပြီး လုပ်ရမယ်ဆိုတာကို တကယ် တာဝန်ယူပြီးတော့ လုပ်နေတဲ့လူတွေက သိရဲ့လား။ သူတို့ တွေ့မိရဲ့လား။

ကိုဘွန်နီဦး ။ ။ သိတော့သိမှာပါ။ ဒါပေမဲ့ အကောင်အထည်ဖော်တဲ့ နေရာမှာ အားနည်းတာ။ သိကြပါတယ်။ ကျနော်တို့ နိုင်ငံအနေနဲ့ဆိုရင် ရေမြေသဘာဝအရ အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်မယ်ဆိုရင် ကျနော်တို့ရဲ့ Virgin Places တွေ၊ Wild Virgins တွေက ကျနော်တို့ဆီမှာ အများကြီး။

ကိုကျော်ကျော်သိန်း ။ ။ လူသူမရောက်သေးတဲ့ နေရာတွေ၊ အသစ်သက်သက်နေရာတွေ။

ကိုဘွန်နီဦး ။ ။ အသစ်သက်သက်နေရာတွေ အများကြီးရှိတယ်။ ခရီးသွားတွေလည်း စိတ်ဝင်စားမယ့် နေရာတွေ အများကြီးရှိတယ်။ ကျနော်တို့က အဲဒီဥစ္စာတွေကို ဖော်ထုတ်ရမယ်။ အကောင်အထည် ဖော်ထုတ်ရမယ်။ ဖော်ထုတ်တဲ့နေရာမှာ ကျနေ်ာတို့မှာ လိုအပ်ချက်ရှိမယ်။ Tourism အရဆိုရင် CAT လို့ ခေါ်တယ်။ Communication (ဆက်သွယ်ရေး), Accommodation (နေရာထိုင်ခင်း), Transportation ချောမွေ့တယ်ဆိုမှ ကျနော်တို့ ဒီနေရာတွေကို ရောက်နိုင်မှာ။ဒါမှလဲ ဧည့်သည်တွေ ရောက်နိုင်မယ်။ ဥပမာ ထိုင်းနိုင်ငံ။ မဲ့ဆော့လို့ နေရာမျိုး။ မဲ့ဆော့ဆိုတာ ပြောမယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ တောရွာဇနပုဒ်နေရာ။ ဒီဇနပုဒ်နေရာမှာ သူ့ရဲ့ Tourism က ဖွံ့ဖြိုးနေတာကို တွေ့ရတယ်။ သွားတွေ့ရတယ်ဆိုတဲ့ နေရာမှာ ဘာတွေနဲ့ ချိန်ထိုးကြည့်လို့ရသလဲဆိုရင် ဥပမာ အဲဒီမှာရှိတဲ့ မဲ့ကာဆာဆိုတဲ့ ရေတခွန်လေးဟာဆိုရင် ရေတောင်မှ တတောက်တောက်လောက် ကျနေတဲ့ဥစ္စာလေး သေးသေးလေး။ အဲဒီနေရာလေးမှာ လူတွေက လာပြီးတော့ လည်တယ်။ ပျော်ပျော်ရွှင်ရွှင်ရှိတယ်။ ရေကလည်း သန့်ရှင်းကြည်တောက်နေတာကို တွေ့ရတယ်။ အဲဒီလို စီစဉ်ထားတာ။ ဒီရေတံခွန်က ကျနော်တို့နိုင်ငံနဲ့ ယှဉ်မယ်ဆိုရင် ကျနော်တို့ဆီမှာရှိတဲ့ ရေတခွန် - ပြင်ဦးလွင်ဆိုရင် BE Fall ရေတခွန်၊ ဘွေးကောက်ရေတခွန် - သုံးထပ်ရေတခွန်ကြီး။ ရေတွေလည်း တဝေါဝေါ စီးနေတယ်။ ကျနော်တို့ ရေတခွန်နဲ့ သူတို့ရေတခွန် ဘယ်လိုမှ ယှဉ်လို့မရဘူး။ နှစ်ချက်ရှိတယ် - ယှဉ်လို့မရတာ။ ကျနော်တို့က ရေတွေလည်း အများကြီးလာတယ်။ တအားလည်း လှတယ်။ သူတို့ဆီမှာ ရေက တတောက်တောက်ပဲကျတယ်။ ဒါပေမဲ့ ကွာခြားချက် ရှိတဲ့တချက်က ကျနော်တို့ ရေတခွန်က ရေတဝေါဝေါ ကျနေတာနဲ့ မတူဘူး။ အဲဒီရေထဲမှာ ရေသန့်ဘူးခွံတွေ၊ ပလက်စတစ်အိတ်တွေ၊ အမှိုက်သရိုက်တွေနဲ့ စီးနေတဲ့ရေတွေ ဖြစ်နေတာကတပိုင်း။ ဟိုမှာကြတော့ ရေက သန့်ရှင်းကြည်လင်နေတယ်။ အဲဒါအပြင် ကျနော်တို့ ဘွေးကောက်ရေတခွန်ကို သွားမယ်ဆိုရင် ကျနော်တို့က Education ကို သူတို့လုပ်ထားလို့ပဲ ဖြစ်မယ်။ တံတွေးထွေးလို့လည်း မရဘူး။ အမှိုက်ပစ်လို့လည်း မရဘူး။ သန့်ရှင်းနေတယ်။

ကိုကျော်ကျော်သိန်း ။ ။ ဒါကတော့ လူထုကိုယ်တိုင်ကလည်း ထိန်းသိမ်းတာပေါ့။

ကိုဘွန်နီဦး ။ ။ လူထုကိုယ်တိုင်းက ပါဝင်ထိန်းသိမ်းတာရှိတယ်။ ကျနော်တို့ဆီမှာကြတော့ အမှိုက်တွေ ပစ်ထားတယ်။ ဒီထဲမှာ ဒီရေက သောက်ချင်စရာလည်း မကောင်းဘူး။ ချိုးချင်စရာလည်း မကောင်းဘူး။ အဲဒါအပြင် ပိုက်ဆံကောက်တယ်။ လူလည်းကောက်တယ်။ ကားလည်းကောက်တယ်။ ဒီနှစ်ခုကို ယှဉ်ကြည့်လိုက်တော့ တခု ဘာသွားပြီး တွေ့သလဲဆိုတော့ ငါ့တို့ဆီက ကောက်ထားတဲ့ ပိုက်ဆံတွေက ဘယ်ရောက်သွားလဲ။ ဒါတွေကို Maintaince အတွက် မသုံးလို့လား။ ဟိုမှာက ပိုက်ဆံလည်း မကောက်ဘဲနဲ့ သူတို့ Maintaince လုပ်နိုင်တာ ဘာကြောင့်လဲဆိုတဲ့ စဉ်းစားစရာတခု ပေါ်သွားတယ်။

ကိုကျော်ကျော်သိန်း ။ ။ ဆိုတော့ စီမံခန့်ခွဲမှုပိုင်း၊ ထိန်းသိမ်းမှုပိုင်း၊ လူထုကိုယ်တိုင်ရဲ့ ပါဝင်ဆောင်ရွက်နေမှုပိုင်းမှာ ယှဉ်လို့မရသေးတဲ့ အနေအထားမှာ ရှိတာပေါ့။

ကိုစိုင်းကက်နက် ။ ။ နောက်တခုက တာဝန်သိမှု။ ပြည်သူလူထုအနေနဲ့ ပါဝင်လာဖို့ဆိုတာ တာဝန်သတိနဲ့ ပါလာမှ ဒါတွေက အခုခေတ်စားနေတဲ့ ဒေသအခြေပြု ခရီးသွားလုပ်ငန်း Community Base ဆိုတာလည်း လူထုက တတက်တအား ပါလာမှ အဆင်ပြေ၊ ချောမွေ့မယ့် ဝင်ငွေတိုးမယ့်အလုပ်လေ။ အဲဒါကြောင့်မို့ ကျနော်တို့ထင်တာ အဲဒီအပိုင်းမှာ တာဝန်သိ ပါလာဖို့ိကို Educate လုပ်ဖို့

ကိုကျော်ကျော်သိန်း ။ ။ ဆိုတော့ နေရာထိုင်ခင်းပိုင်း။ မြန်မာပြည်က ဈေးကြီးတာမှ ဈေးကြီးလွန်တယ်လို့ နာမည်ဆိုးနဲ့ သိပ်ကျော်ကြားနေတာ - ကျနော်တို့ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ ခရီးသွားဆောင်းပါးတွေ ဖတ်လိုက်ရင် မြန်မာနိုင်ငံရဲ့ ဟော်တယ်ခတွေ ဈေးကြီးတာ အကြီးအကျယ်ပါနေကြ။ နောက်တခါ ကားကြပ်တာ။ ခရီးသွားလာရေး အဆင်မပြေတဲ့ကိစ္စ။ အဲဒါတွေကလည်း အမြဲတမ်း ပါနေကြဆိုတော့ ဒါတွေကို ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင်ဆိုပြီး လုပ်နေတဲ့လူတွေက မမြင်ဘူးလား။ သူတို့ လုပ်ဖို့ မစဉ်းစားဘူးလား။ လုပ်တာတွေကော ရှိလား။ ရှင်းတာတွေကော ရှိလား။

ကိုစိုင်းကက်နက် ။ ။ အဲဒီဘက်ပိုင်းမှာတော့ ကျနော်ထင်တာ အစိုးရကိုယ်တိုင်က တချို့ အဲဒီလိုမျိုးလုပ်တဲ့ Longterm Plan ရေရှည်စီမံကိန်းတွေမှာ ထိရောက်စွာ ဖြေရှင်းနိုင်သေးတဲ့ မရှိသေးတဲ့အတွက်ကြောင့်မို့ ဝန်ကြီးဌာနအနေနဲ့ ခရီးသွားလုပ်ငန်းအနေနဲ့ ဒါကြီးကို ဝင်ပြီးတော့ သူသက်သက် အင်အားနဲ့တော့ လုပ်နိုင်မယ်လို့ မထင်ဘူး။

ကိုကျော်ကျော်သိန်း ။ ။ ဒီဥစ္စာက ဖြေရှင်းလို့ မရတဲ့ကိစ္စလား။ အခုနပြောတဲ့ နေရာထိုင်ခင်း ဈေးကြီးတဲ့ကိစ္စ။ သယ်ယူပို့ဆောင်ရေးမှာ အခက်အခဲရှိတဲ့ကိစ္စ။ ဖြေရှင်းလို့ မရနိုင်တဲ့ ကိစ္စလား။

ကိုဘွန်နီဦး ။ ။ အဲဒီလိုတော့ မဟုတ်ဘူး။ ဖြေရှင်းမယ်ဆိုရင်တော့ ဖြေရှင်းလို့ ရနိုင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့က Longterm Plan အနေနဲ့ သွားပြီး ဖြေရှင်းမှရမှာ။ ကျနော်တို့က Shortterm ထဲမှာတော့ ချက်ချင်းကြီး ပြချက်ချင်းလျှော့ချလိုက်။ လျှော့ချလိုက်တာနဲ့ ဧည့်သည်တွေ ဝုန်းကနဲ့ တလုပ်ရမယ်။ Longterm Plan နဲ့ လုပ်မယ်ဆိုတဲ့နေရာမှာ ပြည်တွင်းမှာ လိုအပ်ချက်တွေ ရှိသလို၊ ပြည်ပနိုင်ငံတွေအနေနဲ့ ချိန်ထိုးပြီး ယှဉ်ရမယ့်အပိုင်းလေးတွေ ရှိလာတယ်။ အဲဒီအတွက် ကျနော်တို့ ဒီလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်နေတဲ့လူတွေ - ကျနော်တို့ Toursim ဆိုတာ Industrial ကြီးတခု။ Service Industrial ကြီး တခုလုံးနဲ့ ပတ်သက်နေတဲ့အတွက် ဒီ Service Industrial တခုလုံးမှာ ပါဝင်ပတ်သက်နေတဲ့ အားလုံးက ညီညာထကြွစွာနဲ့ အကောင်အထည်ဖော်မှဖြစ်မှာ။

ကိုကျော်ကျော်သိန်း ။ ။ ဆိုတော့ Tourism နဲ့ ပတ်သက်ရင် ဘေးထွက်ဆိုးကျိုးဆိုတာလည်း ရှိတယ်။ အခု ပုံစံအတိုင်းက မြန်မာပြည်က အကိုတို့ ဝါရင့်ဧည့်လမ်းညွှန်တွေ အတွေ့အကြုံအရ ဖြစ်သင့်သလောက် မဖြစ်သေးဘူး။ လာသင့်သလောက် မလာသေးဘူး။ ဆိုတော့ ဒီအခြေအနေမှာ အခုနပြောတဲ့ ဘေးထွက်ဆိုးကျိုး သဘာဝပတ်ဝန်းကျင် ထိခိုက်တာတို့၊ ရှေးဟောင်းအဆောက်အဦးတွေ ပျက်ဆီးတာတို့ အဲဒါတွေကော အလားအလာ အခြေအနေ၊ လက်ရှိ အခြေအနေက ဆိုးနေပြီလား။ အစဆိုးစပျိုးနေပြီလား။ ဒါမှမဟုတ် အဆင်ပြေနေသေးလား။ ပြဿနာ မရှိသေးဘူးလား။

ကိုစိုင်းကက်နက် ။ ။ စဆိုးစပြုနေပြီလို့ပဲ ပြောလို့ရပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ ဘေးထွက်ဆိုးကျိုးတွေ စခံစားနေရပြီလား။

ကိုစိုင်းကက်နက် ။ ။ ကမ္ဘာလှည့်ခရီးသွားတွေ ခပ်စိတ်စိတ် ရောက်တဲ့ဒေသမှာ ဘေးထွက်ဆိုးကျိုးလေးတွေ သွားမြင်ရပါတယ်။ ပုဂံ၊ အင်းလေးမှာ တခါတလေ အဲဒါလေးတွေ စမြင်လာရတဲ့အပိုင်းတွေ သွားရှိတယ်။ နောက်တချို့ ပုဂံမှာ တခါတလေ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း မလိုက်နာတွေ။ တခါတလေကြတော့ ဘာမှမဟုတ်ဘဲနဲ့ စည်းကမ်းဖောက်ဖျက်မှုလေးတွေ ကျူးလွန်လာတာလေးတွေ တွေ့ရတယ်။ နောက်ပြီးတော့ မူးယစ်သောက်စားပြီးတော့ မလုပ်သင့်တာတွေ လုပ်တဲ့ဟာတွေ ရှိတယ်။ နောက်တခါ ဘုရားမြေပေါ်မှာ မသင့်လျော်တဲ့ကိစ္စတွေကို သူတို့ သိလို့ပဲဖြစ်ဖြစ်၊ မသိလို့ပဲဖြစ်ဖြစ် အဲဒီလိုမျိုးလုပ်ပြီး ကျူးလွန်တာတွေက ခပ်စိတ်စိတ်တော့ ကြားလာလို့ ရှိပါတယ်။ ဘေးထွက်ဆိုးကျိုးဆိုပေမယ့်လဲ တခါတလေ ကျနော့်အနေနဲ့ ပိုမြင်နေတဲ့ ဘေးထွက်ဆိုးကျိုးကတော့ ကမ္ဘာလှည့်ခရီးသွားတွေ ဆိုတာထက် ပြည်တွင်းခရီးသွားတွေ စည်းကမ်းမဲ့စွာ အမှိုက်ပစ်တာက တခု။

ကိုကျော်ကျော်သိန်း ။ ။ ခရီးသွားလုပ်ငန်းတခုလုံးနဲ့ဆိုရင် ဆိုင်တာပဲ။

ကိုစိုင်းကက်နက် ။ ။ ကမ္ဘာလှည့်ခရီးသွား ရောက်တဲ့နေရာတိုင်းမှာ ပြည်တွင်းခရီးသွားတွေကလည်း ခါတိုင်းထက်စာရင် ပိုခရီးသွားလာတဲ့နေရာမှာ သူတို့တွေ စည်းကမ်းမဲ့စွာ ပစ်လာတဲ့ အမှိုက်တွေက တိုင်းပြည်ပုံရိပ်ကို ကျစေတဲ့ ဘေးထွက်ဆိုးကျိုး တော်တော်ကြီးကြီး ဖြစ်တာကို ကျနော် သတိထားမိပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ ဆိုတော့ တာဝန်ရှိသူတွေ သတိထားမိပါလား။ အဲဒါကို သူတို့ ကိုင်ဖို့တွယ်ဖို့ ဖြေရှင်းဖို့ ကြိုးစားနေ့ပြီလား။

ကိုဘွန်နီဦး ။ ။ သတိထားမိလားဆိုတာ နေရာအားလုံးနဲ့ ပတ်သက်ရင်တော့ သူတို့ သိချင်မှာသိမယ်။ အကုန်လုံးတော့ မသိနိုင်ဘူး။ ဥပမာ ကျနော်တို့ အမြဲတမ်း သွားနေတဲ့ နေရာမျိုး ကျိုက်ထီးရိုးလို နေရာမျိုးဆိုရင် မြင်မကောင်းအောင် အမှိုက်တွေက တောင်ပေါ်က ကြည့်လိုက်တာနဲ့ ဧည့်သည်တွေကိုယ်တိုင် “မင်းတို့ ဒီလိုပဲလား” ဆိုတာမျိုး အပြောခံရတယ်။ မြင်နေရတယ်။ အမှိုက်စွန့်ပစ်တဲ့ ကိစ္စတွေ။ အဲဒီအတွက် ဒီဟာတွေကတော့ ဒီလိုနေရာမျိုးတွေတော့ သိနိုင်တာပေါ့။ တချို့မသိနိုင်တဲ့ နေရာမျိုးတွေလည်း ရှိနိုင်ပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။

XS
SM
MD
LG