သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ရွေးကောက်ပွဲအတွက် NLD ဘာတွေ ပြင်ဆင်ထား


NLD ပြောခွင့်ရသူ ဦးဉာဏ်ဝင်း
NLD ပြောခွင့်ရသူ ဦးဉာဏ်ဝင်း

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ ဒီနှစ်ထဲမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ အပြည့်အဝ လွတ်လပ်မျှတမှု ရှိမယ်လို့ မျှော်လင့်မထားပေမဲ့ ဒါမျိုးတွေ အနည်းဆုံးဖြစ်အောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးစားလုပ်သွားမယ်လို့ NLD ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောလိုက်ပါတယ်၊ NLD ပါတီအနေနဲ့လည်း မဲဆန္ဒနယ်အားလုံးမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထားပါတယ်လို့ VOA မြန်မာပိုင်းနဲ့ သီးသန့်မေးမြန်းခန်းမှာ ဦးဉာဏ်ဝင်းက ပြောကြားခဲ့ပါတယ်၊ အခုလို ကျင်းပဖို့ရှိနေတဲ့ ရွေးကောက်ပွဲအတွက် NLD ရဲ့ ပြင်ဆင်မှု၊ NLD ပါတီအတွက် မျိုးဆက်သစ်ခေါင်းဆောင်တွေ ပေါ်လာဖို့ ဆောင်ရွက်နေမှု နဲ့ လက်ရှိ ပြုပြင်ပြောင်းလဲရေးအပေါ် NLD ရဲ့ အမြင်တွေကို ရန်ကုန် VOA ရုံးခွဲတာဝန်ခံ ဒေါ်ခင်စိုးဝင်းနဲ့ မေးမြန်းခန်းမှာ ဦးဉာဏ်ဝင်းက ပြောကြားထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါရှင်။ ကျမတို့ကို အခုလိုမျိုး NLD ရုံးချုပ်ကို လာခွင့်ပြုပြီးတော့ တွေ့ဆုံမေးမြန်းခွင့်ပြုတာကို ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။ ဦးဉာဏ်ဝင်းတို့အနေနဲ့ ဒီနှစ်ထဲမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက်ကို ပြင်ဆင်မှုတွေ လုပ်နေပါတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အဖွဲ့အစည်းတခု ဖွဲ့စည်းပြီးတော့ စီစဉ်ဆောင်ရွက်နေတယ်လို့ ကြားရပါတယ်။ အဲဒီ ကိစ္စလေးနဲ့ ပတ်သက်လို့ နည်းနည်းရှင်းပြပေးပါလား။

ဦးဉာဏ်ဝင်း ။ ။ ကျနော်တို့က အခုအချိန်အထိ ရွေးကောက်ပွဲ ပတ်သက်ပြီးတော့ ကော်မရှင်က တရားဝင်ကြေညာထားတာ အခုထိ မရှိသေးဘူး။ ဘာကို ဆိုလိုတာလဲဆိုတော့ ရွေးကောက်ပွဲကြေညာမှ မဲဆန္ဒနယ်မြေတွေကို ကျနော်တို့သိမယ်။ မဲဆန္ဒနယ်တွေသိမှ ပြင်ဆင်ရမှာ။ သို့သော်လဲ အကြောင်းအမျိုးမျိုးကြောင့် ကျနော်တို့က ကြိုတင်ပြီးတော့ လုပ်ရမယ့်အချိန်တွေက သိပ်နည်းသွားပြီ။ တပြည်လုံးအတိုင်းအတာ (၁) ထောင်ကျော်အတွက် အချိန်နည်းနေပြီ။ ဒါကြောင့် ကျနော်က ပထမဦးဆုံး ရွေးကောက်ပွဲ အောင်နိုင်ရေး (၂) ဖွဲ့။ ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ကို ဖွဲ့ပါတယ်။ ဒါကို ဖွဲ့ပြီးတာနဲ့ ချက်ချင်းပဲ ကျနော်တို့ ပြည်နယ်တိုင်း မြို့နယ်အထိကို အောက်ခြေမှာ တိုင်းကနေ ဆက်ဖွဲ့သွားဖို့ ကျနော်တို့ ညွှန်ကြားချက်တွေ ပေးနေပါတယ်။ လုပ်လဲလုပ်နေကြပါပြီ။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ ရွေးကောက်ပွဲ ကော်မရှင်ကနေ ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို အတိအကျ မကြေညာသေးရတဲ့အတွက်ကြောင့်မို့ ဦးဉာဏ်ဝင်းတို့ ပြင်ဆင်ဖို့ အခက်အခဲရှိတဲ့ သဘောပေါ့။

ဦးဉာဏ်ဝင်း ။ ။ ဟုတ်ပါတယ်။ သူတို့က ဒီမှာက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကို သတ်မှတ်တာကို ရက် (၆၀) သတ်မှတ်တော့ သူတို့ မကြေညာမချင်း ရက် (၆၀) က မရှိသေးဘူး ဖြစ်နေတယ်။ ကျနော်တို့က အဲဒီအခါမှ လုပ်လို့ရှိရင် အလုပ်တွေက သိပ်များမှာစိုးလို့ လုပ်နိုင်တာတွေကို အခု လုပ်နေကြတာ။

ဒေါ်ခင်စိုးဝင်း ။ ။ ဟုတ်ကဲ့ပါ။ အဲဒီတော့ NLD အနေနဲ့ မဲဆန္ဒနယ်မြေ ဘယ်နှစ်ခုလောက်ကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ စဉ်းစားထားပါလဲ။

ဦးဉာဏ်ဝင်း ။ ။ ကျနော်တို့ရဲ့ နဂိုမူလ ရည်ရွယ်ချက်ကတော့ အပြည့်ကို ဝင်ရောက်ယှဉ်ပြိုင်မယ်။ မဲဆန္ဒနယ်မြေအားလုံးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ ရွေးကောက်ပွဲမတိုင်ခင်မှာ အများပြောနေကြတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲကို အရင် ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ လူထုဆန္ဒ ခံယူပွဲ ကျင်းပဖြစ်လိမ့်မယ်လို့ NLD အနေနဲ့ ယုံကြည်ပါလား။

ဦးဉာဏ်ဝင်း ။ ။ ကျနော် ယုံကြည်ပါတယ်။ ဘာကြောင့် ယုံကြည်လဲဆိုတော့ ကျနော်တို့ NLD က တောင်းဆိုလို့ မဟုတ်ပါဘူး။ ပြင်ဆင်ဖို့ လိုအပ်တဲ့ တခြားအချက်တွေလည်း အစိုးရနဲ့ လွှတ်တော်ဘက်မှာ ရှိနေတယ်လို့ ကျနော်တို့ နားလည်တယ်။ ဒါကြောင့် ဒီဟာက လုပ်ကိုလုပ်ရမယ့် ကိစ္စတခုလို့ မြင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ NLD ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဝင်ပြီးတော့ ယှဉ်ပြိုင်ခဲ့တဲ့ အဓိက ရည်ရွယ်ချက်ကလည်း ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဦးတည်ခဲ့တာပဲ။ အဲဒီတော့ အခု နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကလည်း အမြဲတမ်း ပြောပါတယ်။ တိုင်းပြည်တည်ငြိမ် အေးချမ်းမှသာ ရွေးကောက်ပွဲကို ရွေးကောက်ပွဲကို ကျင်းပဖို့ရှိတယ်။ တကယ်လို့ တိုင်းပြည်ရဲ့ တချို့နေရာတွေမှာ မတည်ငြိမ်ဘူးဆိုရင် အရေးပေါ် အခြေအနေ ကြေညာပြီးတော့ ရွေးကောက်ပွဲ အထမမြောက်အောင် လုပ်နိုင်ခြေရှိတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်နေတာ ရှိပါတယ်။ အဲဒီနယ်မြေတွေကလည်း NLD အနေနဲ့ ရာနှုန်းပြည့် နိုင်ခြေရှိတဲ့ နယ်မြေတွေပေါ့။ အဲဒီလိုများ ဗျူဟာတခုအနေနဲ့ လုပ်လာခဲ့လိမ့်မယ်လို့ နိုင်ငံရေးအကဲခတ်တွေက ယူဆနေတဲ့ဟာမျိုး စိုးရိမ်မကင်း ဖြစ်နေတဲ့ဟာမျိုးကို NLD အနေနဲ့ ဘယ်လိုများ သဘောရပါလဲ။

ဦးဉာဏ်ဝင်း ။ ။ အဲဒီ စိုးရိမ်မှုကို ကျနော် သဘောတူပါတယ်။ စိုးရိမ်ထိုက်တယ်။ ကျနော်တို့ ကြားဖြတ်ရွေးကောက်ပွဲမှာတုန်းက NLD က နိုင်မယ်လို့ စိတ်ချယုံကြည်ထားတဲ့ ကချင်ပြည်နယ်က ဗန်းမော်၊ မိုးညင်း၊ ဖားကန့် ဒီနယ်မြေတွေကို လုံခြုံရေးအကြောင်းပြချက်နဲ့ ရွေးကောက်ပွဲ ဖျက်သိမ်းခဲ့ပါတယ်။ ဒီလိုဟာမျိုး ထပ်ပြီးတော့ ဒီနေရာကို ပြောတာမဟုတ်ပါဘူး။ ဒီလိုမျိုး တပြည်လုံး အတိုင်းအတာမှာ ပေါ်နိုင်တယ်လို့ ကျနော်တို့လည်း မျှော်လင့်တယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခုဆိုရင် နိုင်ငံရဲ့ အခြေအနေမှာ ရှမ်းပြည်မြောက်ပိုင်းမှာလည်း လတ်တလောဖြစ်နေတဲ့ လောက်ကိုင်မြို့ဒေသ ကိုးကန့်ဒေသမှာ ဖြစ်နေတဲ့ ပဋိပက္ခတိုက်ပွဲတွေလည်း ဖြစ်နေပါတယ်။ အဲဒီ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ NLD ရဲ့ သဘောထား ငြိမ်းချမ်းရေး ဦးတည်ချက် လမ်းစပျောက်နေသလားလို့ ယူဆပါလားရှင့်။

ဦးဉာဏ်ဝင်း ။ ။ လောက်ကိုင်ကိစ္စက နည်းနည်းတော့ ရှုပ်ထွေးပါတယ်။ ဒီဘက်ကလဲ တရုတ်တွေ ပါတယ်လို့ စိုးရိမ်နေတာတွေ။ ဟိုမှာလဲ အဓိကအားဖြင့် ကျနော် သိသလောက်၊ ကျနော် ရောက်ဖူးသလောက်ဆိုရင် နယ်စပ်မှာ တရုတ်သွေး မကင်းတာတွေက ဗမာပြည်ထဲမှာ အများကြီးပါ။ တရုတ်လို့ ပြောလိုက်ရင် မဟုတ်ဘူးလို့ ငြင်းရတာ အတော်ခက်ပါတယ်။ ဒီ အခြေအနေမျိုးမှာ လောက်ကိုင်အခြေအနေက စိုးရိမ်စရာ ကောင်းပါတယ်။ နယ်မြေဆိုရာ အချုပ်အာဏာနဲ့ ဆိုင်ပါတယ်။ နယ်မြေအတွက်ကို စိုးရိမ်စရာတွေ ရှိနေတယ်လို့ ကျနော်က အဲဒီလိုပဲမြင်တယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ရွေးကောက်ပွဲမှာ မသမာမူတွေ ရှိနေနိုင်တယ်။ NLD နိုင်ခြေရှိတဲ့ နေရာတွေမှာ အရေးပေါ်အခြေအနေ ကြေညာခဲ့မယ်ဆိုတာမျိုး တကယ်များ တွေ့ခဲ့ရင် NLD အနေနဲ့ လာမယ့်ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ရှိပါသလား။

ဦးဉာဏ်ဝင်း ။ ။ ကျနော်တို့ သပိတ်မှောက်ဖို့တော့ အခြေအနေ မရှိဘူး။ ဒီမိုကရေစီမှာ ရွေးကောက်ပွဲက အရေးကြီးတဲ့ကဏ္ဍမှာ ပါပါတယ်။ ဒါကို ပြစ်ပယ်လို့ မရဘူး။ သို့သော် လုံးဝလွတ်လပ်တဲ့ဟာမျိုးကို မျှော်လင့်လို့လည်း မရဘူး။ အနည်းဖြစ်အောင် ကြိုးစားရမယ်။ ဘာ ကြိုးစားလဲဆိုတော့ ကျနော်တို့ NLD အဖွဲ့ဝင်တွေ၊ ပြည်သူပြည်သား နိုင်ငံသူနိုင်ငံသားတွေ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေ သိအောင် educated လုပ်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ရွေးကောက်ပွဲကော်မရှင်ကို တကယ်ပဲ တရားမျှတစွာနဲ့ ကျင်းပပေးလိမ့်မယ်လို့ ယူဆပါလား။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက အရင်တုန်းက ဗိုလ်ချုပ်ကြီးဟောင်းလည်း ဖြစ်ခဲ့တယ်။ ပြီးတော့ အာဏာရပါတီနဲ့လည်း မကင်းဘူးဆိုတဲ့ သဘောမျိုးတွေ ရှိတယ်။ ဆိုတော့ သူ့အနေနဲ့ ရွေးကောက်ပွဲကြီးကို မျှမျှတတ ရွေးကောက်ပွဲ ကျင်းပပေးလိမ့်မယ်လို့ ယူဆပါလား။ နောက်ပြီးတော့ ရွေးကောက်ပွဲကော်မရှင်ထဲမှာ နောက်ပိုင်းမှာ ထည့်လာတဲ့လူတွေကလည်း အကုန်လုံး စစ်တပ်ကလာတဲ့ လူတွေများပါတယ်။ ဦးဉာဏ်ဝင်းတို့အနေနဲ့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မြန်မာနိုင်ငံရဲ့ လာမယ့်ရွေးကောက်ပွဲကြီးဟာ လွတ်လပ်ပြီး မျှမျှတတ ကျင်းပပေးနိုင်မယ်လို့ ယူဆပါလားရှင့်။

ဦးဉာဏ်ဝင်း ။ ။ ဥပဒေအရ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး။ ဒီအဖွဲ့တင်မကဘူး ဘယ်အဖွဲ့တက်တက် တရားမျှတမှု မရနိုင်ဘူး။ လွတ်လပ်မှုကတော့ ရနိုင်မယ်။ လွတ်လပ်မှု ပေးလို့တော့ ရနိုင်တယ်။ ဒါပေမဲ့ ဥပဒေပြဌာန်းချက်တွေထဲက တရားမျှတမှု မရနိုင်ဘူးလို့ အဲဒီလိုပဲ သတ်မှတ်ထားတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဘာကြောင့်များပါလဲရှင့်။

ဦးဉာဏ်ဝင်း ။ ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီးတခုလုံးက ဒီမိုကရေစီနဲ့ ဆန့်ကျင်တဲ့ အလွဲလွဲအချော်ချော်တွေ အများကြီးပဲ။ အဲဒီ အခြေအနေမျိုးမှာ တရားမျှတအောင် ဆောင်ရွက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဥပဒေပြင်မှသာ ဖြစ်နိုင်မယ်လို့ ကျနော်တို့ လက်ခံထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ရွေးကောက်ပွဲ ကျင်းပဖို့ စိုင်းပြင်းနေတဲ့ အခြေအနေမှာ နိုင်ငံတကာ အကဲခတ်၊ လေ့လာရေးအဖွဲ့တွေကိုလည်း ဖိတ်ခေါ်မယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။ နိုင်ငံတကာ အကဲခတ် လေ့လာရေးအဖွဲ့တွေ လာမယ့်အပေါ် NLD အနေနဲ့ ဘယ်လိုများ သဘောထားပါလဲရှင့်။

ဦးဉာဏ်ဝင်း ။ ။ ကျနော်တို့ ရှေ့ရွေးကောက်ပွဲတွေထဲက အဲဒီ တောင်းဆိုတဲ့ထဲမှာ ကျနော်တို့ ပါပါတယ်။ ကိုယ်က မှန်မှန်ကန်ကန် လုပ်နေရင် ဘာမှ ဒီဟာလုပ်တဲ့လူတွေကို ကန့်ကွက်စရာ အကြောင်းမရှိဘူး။ ကိုယ်က မှန်မှန်ကန်ကန် လုပ်ဖို့ပဲ အရေးကြီးတယ်။ အခု ဒါကိုလက်ခံတဲ့အတွက် ကျနော်တို့ ကြိုဆိုပါတယ်။ ဒါပေမဲ့ အသေးစိတ် ပြောရင်တော့ ဘယ်လောက်အထိ ခွင်ြ့ပုမလဲ။ ရွေးကောက်ပွဲနေ့လား။ ရွေးကောက်ပွဲတခုဆိုတာ အဲဒီ ကျင်းပတဲ့ နေ့တနေ့ထဲ မဟုတ်ဘူး။ အဲဒီရှေ့မှာ ပြင်ဆင်မှုကဏ္ဍတွေ အများကြီး ရှိပါတယ်။ ဥပမာအားဖြင့် မဲဆန္ဒနယ်မြေစာရင်း။ ကောက်ယူပုံ ကောက်ယူနည်း။ အဲဒီတော့ သူ့ဥပဒေအရ မဲဆန္ဒစာရင်း ပြုစုတဲ့အခါမှာ ပါတီတွေ ပါဖို့လိုတယ်။ ဒါပေမဲ့ ဒီနေ့အထိ ပါတီတွေကို မဖိတ်သေးဘူး။

ဒေါ်ခင်စိုးဝင်း ။ ။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက NLD က အများစု အနိုင်ရခဲ့တယ်။ အခုလာမယ့် ရွေးကောက်ပွဲမှာ NLD အနေနဲ့ တခဲနက် အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ထားပါလား။

ဦးဉာဏ်ဝင်း ။ ။ ကျနော်တို့ကတော့ အဲဒီတုန်းက ရာခိုင်နှုန်းထက်ကို ပိုအောင် ကြိုးစားမှာပဲ။ ဒါပေမဲ့ ဘယ်လောက်အထိ မျှော်လင့်သလဲဆိုရင် Majority ကတော့ မျှော်လင့်ပြီသား။ အဲဒီ Majority margin က ဘယ်ကို သွားမလဲတော့ မသိဘူး။ Majority မှာ margin နိမ့်နေလို့ရှိရင် ကျနော်တို့ လွှတ်တော်ထဲမှာ အလုပ်ခက်တာပေါ့။ ကျနော်တို့ အားလုံးပြိုင်မယ်။ အားလုံးနိုင်အောင် ကြိုးစားမယ်။ အဲဒါ ကျနော်တို့ရဲ့ သဘောထား။

ဒေါ်ခင်စိုးဝင်း ။ ။ တကယ်လို့ NLD နိုင်သွားပြီး NLD က Majority ရသွားပြီးတော့ သမ္မတ ရွေးမယ်ဆိုတဲ့ အဆင့်ရောက်ခဲ့ရင် အဲဒီအခါကျရင် ဘယ်လိုများ စီစဉ်ထားလဲ မသိဘူး။ ဒီ ဖွဲ့စည်းပုံ မပြင်သ၍။

ဦးဉာဏ်ဝင်း ။ ။ ကျနော် နားလည်သလောက် ဖွဲ့စည်းပုံမှာပါတဲ့ အဲဒီဟာက သမ္မတ Qualification က ကမ္ဘာမှာ ဘယ်မှာမှလဲ မတွေ့ဖူးဘူး။ ကျနော် ကြုံကြိုက်ရင်လည်း မေးတယ်။ ရှာလည်းရှာတယ် မတွေ့ဘူး။ ဒီဥစ္စာက ပြင်ကိုပြင်ရမယ့်ကိစ္စ။ လုံးဝ မဆီလျှော် မသင့်လျှော်တဲ့ ပြဌာန်းချက်ပါ။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို မျှော်လင့်နေတယ်ဆိုတဲ့ သဘောပေါ့။

ဦးဉာဏ်ဝင်း ။ ။ ဒါက အရေးကြီးပါတယ်။ လုပ်လည်းလုပ်ရမယ်။

ဒေါ်ခင်စိုးဝင်း ။ ။ NLD ပါ ဒေါ်အောင်ဆန်းစုကြည်ပြီးရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုအောက်မှာ NLD က လှုပ်ရှားနေကြတယ်။ ဒေါ်အောင်ဆန်းစုကြည်လို နောက်ထပ်ခေါင်းဆောင်တွေ ပေါ်လာအောင် NLD မျိုးဆက်သစ်တွေကို ဘယ်လိုများ ပြုစုပျိုထောင်ဖို့ အစီအစဉ်တွေ ရှိပါလဲရှင့်။

ဦးဉာဏ်ဝင်း ။ ။ မျိုးဆက်သစ်တွေ ခေါင်းဆောင်မှုရဖို့ အဓိက အရေးအကြီးဆုံးက အဲဒီ မျိုးဆက်သစ်တွေကို အလုပ်ပေးခိုင်းမှု အရေးကြီးပါတယ်။ သူတို့တွေက ဒီအချိန်မှာ အလွန်တက်လွယ်တဲ့ အရွယ်တွေပါ။ သူတို့ကို ခိုင်းမှာ နောင်မျိုးဆက်အတွက် လူရမှာပါ။ ကျနော်တို့က အများအားဖြင့် အဲဒါကိုပဲ တိုက်တွန်းမှာပါ။ လူငယ်တွေကို တာဝန်ပေးရမယ်။

ဒေါ်ခင်စိုးဝင်း ။ ။ NLD မှာ များသောအားဖြင့် ကြည့်လိုက်လို့ရှိရင် ဦးဉာဏ်ဝင်းတို့ကအစ သက်ကြီးပိုင်းတွေ ရောက်လာပြီဆိုတော့ စိတ်သွားတာ ကိုယ်မပါတာတွေ ရှိမှာပေါ့။ ဒီတော့ လူငယ်တွေကို တွဲခေါ်တဲ့နေရာမှာ အားမလိုအားမရ ဖြစ်ကြတယ်ရှင့်။ အများအမြင်မှာ ဒေါ်စုလည်း အားလုံးက ကြည်ညိုလေးစားကြတယ်။ နိုင်ငံခေါင်းဆောင်အဖြစ်၊ ပြည်သူ့ခေါင်းဆောင်အဖြစ်နဲ့ အားလုံးက လေးစားကြတယ်။ ဒါပေမဲ့ NLD အပေါ် တချို့တလေ အမြင်မကြည်တာတွေ ရှိပါတယ်။ အဲဒီတော့ အဲဒါနဲ့ ပတ်သက်ပြီးတော့ NLD ရဲ့ နည်းဗျူဟာ၊ မဟာဗျူဟာတွေ ဘယ်လိုများ ပြောင်းလဲဖို့ ရှိပါလဲရှင့်။ အများပြည်သူရဲ့ အမြင်မှာ အားမလိုအားမရ ဖြစ်တာတွေကို။

ဦးဉာဏ်ဝင်း ။ ။ ကျနော့် စိတ်ထဲမှာ ကျနော် စိတ်ကူးထားတာနဲ့ လုပ်လည်းလုပ်နေတာက လူငယ်တွေကို တာဝန်ပေးဖို့ပဲ။ ယုံယုံကြည်ကြည် ပေးရမယ်။ သူက မလုပ်ခဲ့ဘူး။ မလုပ်နိုင်ဘူးလို့ ဒီလို ပြောလို့မရဘူး။ အခု လူကြီးတွေကော ဘယ်တုန်းက လုပ်ခဲ့ကြလဲ။ ဒီလိုပဲ Experience နဲ့ Train လုပ်ကြရတယ်။ အဲဒီတော့ ဒီလို အတွေ့အကြုံတွေရအောင် တာဝန်ပေးဖို့ အရေးကြီးပါတယ်။ သူတို့ကလည်း တာဝန်ယူလုပ်မယ်။ မှားတာရှိမယ်။ ကျနော်တို့ ပြင်ကြမယ်။ ဒီလို သွားရပါလိမ့်မယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အရင်တုန်းကတော့ အရင် စစ်အစိုးရလက်ထက်။ အခု အရပ်သားအစိုးရလို့ ခေါ်လို့ရနေပါပြီ။ အဲဒီ အရင်အစိုးရလက်ထက်မှာတော့ အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်။ NLD မှာ တော်တော်လေးလည်း လှုပ်ရှားရ ခက်ပါတယ်။ အခုနောက်ပိုင်းမှာ ဘယ်လို အခက်အခဲတွေ ရှိပါလဲ။

ဦးဉာဏ်ဝင်း ။ ။ အစိုးရနဲ့ တိုက်ရိုက်အခက်အခဲတော သိပ်မရှိပါဘူး။ သို့သော် အစိုးရထုတ်တဲ့ စာတွေဘာတွေ အားလုံးအပေါ်မှာတော့ ကျနော်တို့ NLD က ကျေနပ်မှု မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြုပြင်ပြောင်းလဲမှုကို အရှိန်အဟုန် မရှိအောင်၊ နှေးအောင် လုပ်နေတယ်လို့ ကျနော်တို့ အဲဒီလိုပဲ မြင်လို့။ ဘာကို ပြောချင်တာလဲဆိုတော့ ငြိမ်းချမ်းရေး။ ငြိမ်းချမ်းရေး ပြီးခဲ့တဲ့ တနှစ်လောက်ကတည်းက Nationwide လက်မှတ်ထိုးကြမယ်။ လုပ်ကြမယ်လို့ ပြောတယ်။ ပြောတဲ့အချိန်မှာ ဘာပြောလဲဆိုတော့ ကျနော်တို့က ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ညှိနှိုင်းခဲ့တာ အချက် သုံးလေးချက်ပဲ ကျန်ပါတယ်လို့ ပြောတယ်။ ပြီးခဲ့တဲ့လက တာဝန်ရှိတဲ့လူက ထပြောပြန်တယ် သုံးလေးချက်ကနေ ရှစ်ချက် ဖြစ်သွားတယ်။ အဲဒီတော့ ဒါက ဘာလဲဆိုတော့ ရှေ့ကို သွားရမယ့်ခြေလှမ်းတွေကို တုန့်ဆွဲတဲ့ကိစ္စတွေက အများကြီးဖြစ်နေတယ်။ ဒါကြောင့် အချိန်တွေ ကြန့်ကြာတယ်။ လိုရင်းကို မရောက်ဘူး အဲဒါတွေ ဖြစ်နေတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ NLD အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဘယ်လိုကဏ္ဍကနေ ပါဝင်ဖို့ ရှိပါသလဲရှင့်။

ဦးဉာဏ်ဝင်း ။ ။ ငြိမ်းချမ်းရေး MPC က လုပ်တဲ့ အကြိုဆွေးနွေးပွဲတွေအားလုံးမှာ NLD တက်ပါတယ်။ လိုအပ်တာလဲ ဝင်ရောက်ဆွေးနွေးပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။

XS
SM
MD
LG