သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တဖန်သက်ဝင်လာတဲ့ လှိုင်တက္ကသိုလ်


ရန်ကုန်တက္ကသိုလ် (လှိုင်) စာသင်ခန်းမ
ရန်ကုန်တက္ကသိုလ် (လှိုင်) စာသင်ခန်းမ
တဖန်သက်ဝင်လာတဲ့ လှိုင်တက္ကသိုလ်
please wait

No media source currently available

0:00 0:11:06 0:00
တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့အရေး အစီအစဉ်မှာ ရန်ကုန်မြို့မှာ ၁၉၉၆ ခုနှစ်ကုန်ကတည်းက ပိတ်ထားခဲ့တဲ့ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) ရဲ့ ကျောင်းဆောင်တချို့ကို အခု ၂၀၁၇ ဒီဇင်ဘာလမှာ ပြန်ဖွင့်လိုက်တဲ့အကြောင်းကို မစုမွန် က အထူးအစီအစဉ်အဖြစ် တင်ဆက်ထားပါတယ်။

မစုမြတ်မွန် ။ ။ တက္ကသိုလ်ကျောင်းတခု အခုလိုမျိုး လှုပ်ရှားသက်ဝင်မှုမျိုးကို မတွေ့ရတာ အခုဆိုရင် နှစ်ပေါင်း (၂၀) ကျော်ပြီဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေမှာ အခုဆိုရင်တော့ ဘွဲ့ကြိုကျောင်းသူကျောင်းသားတွေနဲ့ ပြန်လည်စည်းကား သက်ဝင်နေပါပြီ။ အခုလောလောဆယ်မှာတော့ ၂၀၁၇-၂၀၁၈ ခုနှစ် ပညာသင်နှစ်အတွက်ကို ဝိဇ္ဇာ-သိပ္ပံ အထူးကျောင်းသားတွေ တက်ခွင့်ရနေပါတယ်။ ၁၉၉၆ ခုနှစ်ကတည်းက စာသင်ခန်းတွေ ပိတ်ထားတဲ့ ကျောင်းထဲမှာ အခုလိုမျိုး ကျောင်းသားတွေ ပြန်လည်တက်ရောက်ခွင့်ရတဲ့အတွက် အခုလောလောဆယ် တက်နေကြတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ အရင် ဒီမှာ တက်ရောက်သင်ကြားခဲ့ကြတဲ့ ကျောင်းသားဟောင်းတွေ အင်မတန် ဝမ်းသာနေကြတာကို တွေ့ရပါတယ်။

RC (2) လို အသိများတဲ့ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေထဲမှာ လန်းဆန်းတက်ကြွနေကြတဲ့ တက္ကသိုလ် ကျောင်းသူကျောင်းသားတွေကို အခု ပြန်လည်မြင်တွေ့နေရပါပြီ။

ကျောင်းသူ ။ ။ ပျော်ပါတယ်။ အခု ပထမဦးဆုံး နှစ်ပေါင်း (၂၀) ကျော်ကြာပြီးမှ ပြန်ဖွင့်တာ၊ ပထမဦးဆုံးလည်း ဖြစ်တယ်ဆိုတော့။ ပြီးတော့ ညီမအဖေကလည်း ဟိုးအရင်ခေတ်က ကျောင်းသားကြီး ဒီမှာတက်ခဲ့တယ်ဆိုတော့ အဖေ့ခြေရာနင်းရလို့လည်း ပျော်ပါတယ်။

မစုမြတ်မွန် ။ ။ ဒီကျောင်းခမကြီးတွေကို လိမ္မော်ရောင်အုတ်တွေနဲ့ ဆောက်ထားလို့ လိမ္မော်ရောင်ကောလိပ်လို့လည်း တင်စားခေါ်နေကြတာပါ။ အခုပြန်ဖွင့်နေတဲ့ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ သင်္ချာဌာနရဲ့ တွဲဘက်ပါမောက္ခ စောမာလာအောင်ကလည်း ကျောင်းတက်သူတွေရဲ့ အပျော်တွေကို ခံစားရတယ်လို့ ပြောဆိုပါတယ်။

ပါမောက္ခစောမာလာအောင် ။ ။ အရင်တုန်းကတည်းက တက္ကသိုလ်ဆိုတော့ တက္ကသိုလ်နယ်မြေတခုက တက္ကသိုလ် ပြန်ဖြစ်လာတာ ဝမ်းသာဖို့ ကောင်းပါတယ်။ စစချင်း ဖွင့်တဲ့နေ့ကဆိုရင် တက်ဖူးတဲ့ ကျောင်းသားဟောင်းတွေ၊ မိဘတွေကလည်း အသစ်ဖွင့်တယ်ဆိုတော့ အကုန်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ပျော်စရာကောင်းပါတယ်။ အဆောင်တွေကလည်း ဒီထဲမှာဆိုတော့ ကလေးတွေအတွက် တော်တော်လေး အဆင်ပြေပါတယ်။ အဆောင်တွေကလည်း တော်တော်ကောင်းကောင်းတွေဆိုတော့ ကလေးတွေမှာ တက်ရတာ ပျော်ပျော်ရွှင်ရွှင်နဲ့ အဆင်တော်တော်ပြေပါတယ်။ ဒီကနေ Praticial နေ့ဆိုရင်တော ဟိုဘက်ကို သွားရတယ် တစ်ရက်။

မစုမြတ်မွန် ။ ။ RC (2) မှာ ပျော်ပျော်ရွှင်ရွှင် ကျောင်းတက်ခွင့်ရခဲ့တဲ့ ကျောင်းသူကျောင်းသားဟောင်းကြီးတချို့ဆိုရင် အခုလို ကျောင်းပြန်မဖွင့်ခင်ကတည်းက ဒီကျောင်းကြီး ပြန်လည်အသက်ဝင်လာစေဖို့အတွက် သိပ်ကိုမျှော်လင့်ခဲ့ကြ၊ ကြိုးစားခဲ့ကြပါတယ်။

ကျောင်းသူဟောင်း ။ ။ အမတို့ကျောင်းကြီးက နှစ်ပေါင်းတော်တော်များများ မူလတန်းကျောင်းကလေး ဖြစ်ခဲ့တယ်။ TTC ကျောင်းက ယူထားခဲ့တယ်။ အခုမှ တက္ကသိုလ်ကျောင်းသားတွေ အသစ်ကလေးတွေ ရောက်လာတော့ အမတို့စိတ်ထဲမှာ ဝမ်းသာပီတိ ဖြစ်ခဲ့တယ်။

မစုမြတ်မွန် ။ ။ RC (2) မှာ ၁၉၈၆-၈၇ အထိ သင်ကြားခဲ့ကြတဲ့ မချစ်ချစ်ဇော် နဲ့ မသီတာမြင့်တို့ဆိုရင်လည်း ကျောင်းအုပ်ကြီးဟောင်း ဦးကောင်းညွှန့်ပုံကို တွေ့ရလို့ မျက်ရည်ဝဲတဲ့အထိ ခံစားကြရတယ်လို့ ဆိုပါတယ်။

မချစ်ချစ်ဇော် ။ ။ အမတို့တုန်းကဆိုရင် ဒီ RC (2) ကြီးကိုလည်း မီခဲ့တယ်။ ရန်ကုန်တက္ကသိုလ်ကြီးမှာလည်း ပျော်ပျော်ရွှင်ရွှင် တက်ခဲ့ရတယ်။ ဒီခေတ်ကလေးတွေကို အမအနေနဲ့ အရမ်းကို သနားတယ်။ သူတို့မှာ ဘွဲ့တဘွဲ့ရဖို့အတွက် အဝေးကြီးကိုသွားပြီးတော့ တက်ကြရတယ်။ စဉ်းစားကြည့်လိုက် - အသွားနဲ့အပြန် ဒီခေတ် ကား traffic နဲ့ သူတို့မှာ ပညာလေး ရဖို့အတွက်ကို။ နောက်တခါ တက္ကသိုလ်ရဲ့ တကယ့်အငွေ့အသက်ဆိုတာ ဒါကြီးတွေ။ ဆိုတော့ အခု ဒီမှာ ကလေးတွေ ပြန်တက်ခွင့်ရတယ်ဆိုတော့ သူတို့အတွက်က - သူတို့တော့ မသိဘူး၊ အမတော့ သူတို့အတွက် အရမ်းပျော်တယ်။ မနာလိုတောင် ဖြစ်မိတယ်။ ကိုယ်လည်း ပြန်တက်ချင်တာပေါ့။

မသီတာမြင့် ။ ။ ကြားထဲမှာ မတက်လိုက်ရတဲ့ ဒီကျောင်းကြီးကို မတက်လိုက်ရတဲ့ မောင်လေးတွေ၊ ညီမလေးတွေကိုလည်း အရမ်းသနားတယ်။ ဘာဖြစ်လို့လဲဆိုတော့ မမတို့ တက္ကသိုလ်ကြီးရဲ့ ဒီကျောင်းဆောင်ကြီးတွေ၊ နောက်ပြီးတော့ ဒီလို Theater တွေဆိုတာ RC (2) တခုတည်းမှာပဲ ရှင်သန်နေတာ။

မစုမြတ်မွန် ။ ။ အခု တက်နေတဲ့ မောင်လေးတွေ၊ ညီမလေးတွေ၊ ကျောင်းသူကျောင်းသားသစ်တွေအတွက် အမတို့လို ကျောင်းသူဟောင်းတွေက ဘယ်လိုမျိုး အမှာကြားစကား ပြောချင်ပါလဲ။

မသီတာမြင့် ။ ။ ကလေးတွေကို ကျောင်းကောင်းကြီးမှာ တက်ခွင့်ရပြီ။ တက္ကသိုလ်ဆိုတာကြီးကို သူတို့ တကယ့်ကို ထဲထဲဝင်ဝင် ရှိတဲ့အချိန်မှာ စာကြိုးစားကြပါ။ ပညာတတ်ကြီးတွေဖြစ်အောင် ကြိုးစားကြပါ။ ဘာဖြစ်လို့လဲဆိုတော့ အမတို့ ကြားနေရတာ တခြားကျောင်းတွေမှာဆိုရင် ပညာကောင်းကောင်း မသင်ဘဲနဲ့ ထန်းရည်သောက်နေတာ၊ ဘာညာအစုံပေါ့။ ဒါမျိုးတွေ မလုပ်ကြပါနဲ့။ အခွင့်အရေးရတုန်း အခွင့်အရေးကို ရအောင်ယူပါ။

မချစ်ချစ်ဇော် ။ ။ အခုဆို အမတို့ ဒီထဲကို ဝင်လာတယ်။ အမတို့ ဆရာကြီးဦးကောင်းညွှန့်။ သူ့ Trademark က သူက အမြဲတမ်း ပြုံးနေတာ။ အရမ်းအေးချမ်းတယ်။ ဆရာကြီးကို မြင်လိုက်တာနဲ့ အမ မျက်ရည်လည်တယ်။ အဲဒီလိုမျိုး ဆရာတွေကို အမတို့ခေတ်တုန်းကတော့ အရမ်း ဂါရဝထားကြတယ်။ ဒီခေတ်မှာလည်း မထားဘူးလို့ မပြောလိုဘူး။ ထားကြစေချင်တာ။ ဟေးလေးဝါးလေး ပျော်ဖို့ထက် ဒီအငွေ့အသက်ကြီး တက္ကသိုလ်အငွေ့အသက်ကို တကယ့်ကို ဒီ RC (2) က ရှုရှိုက်ရတာ။ တက္ကသိုလ်နဲ့ကို တူတာ။ အဲဒီလိုမျိုးလေးမှာ သူတို့ နေရတယ်။ အဲဒီအတွက်ကြောင့် သူတို့အတွက်က လုံးဝကို ပြည့်ပြည့်ဝဝ တန်းဖိုးရှိသွားပြီ။ တက္ကသိုလ်ကျောင်းသားကျောင်းသူနဲ့ တူသွားပြီ။ ဒီထက်ထပ်ပြီးတော့ စာကိုလည်း ကြိုးစားစေချင်တယ်။ ပြီးတော့ ဆရာ၊ ဆရာမတွေကိုလည်း လေးစားဂါရဝ ထားစေချင်တယ်။

မစုမြတ်မွန် ။ ။ ၁၉၇၉ ခုနှစ်မှာ စပြီးတော့ ဒေသကောလိပ် (၂) အဖြစ်နဲ့ ဖွင့်ခဲ့တဲ့ ဒီကျောင်းကြီးကို ၁၉၈၁ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေလို့ ပြောင်းလည်းသတ်မှတ်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ ကျောင်းသားတွေ ဦးဆောင်တဲ့ ဒီမိုကရေစီ တောင်းဆိုလှုပ်ရှားမှု စခဲ့ပြီးနောက်ပိုင်း ကျောင်းသားတွေ စုစည်း၊ စုဝေးဆန္ဒပြကြမှာကို စိုးရိမ်တဲ့အတွက် တက္ကသိုလ်တွေကို (၂) နှစ်ကျော် ပိတ်ခဲ့ပါတယ်။ ၁၉၉၁ မှာ ပြန်ဖွင့်ခဲ့ပေမယ့် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွေကြောင့် ဒီဇင်ဘာလမှာ ရန်ကုန်တက္ကသိုလ် ကျောင်းတွေကို ပြန်ပိတ်ခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ RC (2) လို့ လူသိများတဲ့ လှိုင်နယ်မြေမှာ ဝိဇ္ဇာ-သိပ္ပံ ဘွဲ့ကြိုကျောင်းသားတွေ ကျောင်းတက်ခွင့် မရတော့တာ ဖြစ်ပါတယ်။ အခုလိုမျိုး နှစ်ပေါင်းများစွာကြာမှ လှိုင်နယ်မြေမှာ နေရာဒေသစုံမှ ပထမနှစ် ကျောင်းသူကျောင်းသားတွေအတွက် စာသင်ခန်းတွေ ပြန်ဖွင့်ပေးတာနဲ့ ပတ်သက်လို့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်း က အခုလို ရှင်းပြပါတယ်။

ဒေါက်တာဖိုးကောင်း ။ ။ ၂၀၁၇ ခုနှစ် ၂၀၁၇-၁၈ မှာ ပညာသင်နှစ်မှာ ကျောင်းသားဦးရေက တော်တော်လေးကို များလာတော့ ရန်ကုန်တက္ကသိုလ် (ပင်မ) ထဲမှာ စာသင်ခန်း အခက်အခဲတွေ၊ အဆောင်နေဖို့ ကျောင်းသားတွေအတွက် အဆောင်အခက်အခဲတွေ တွေ့လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်တက္ကသိုလ်က အခုအချိန်မှာ ဘွဲ့ကြိုသင်တန်းတွေ ရှိသလို၊ ဘွဲ့လွန်သင်တန်း မဟာ၊ ပါရဂူတို့အထိ ရှိပါတယ်။ ဆိုတော့ ကျောင်းသားဦးရေက တော်တော်လေးကို ခြောက်ထောင်ကျော်၊ ခုနှစ်ထောင်နီးပါး ဖြစ်နေတယ်။ အဲဒီတော့ စာသင်ခန်းအခက်အခဲတွေ ရှိတယ်။ ကျောင်းဆောင်အခက်အခဲတွေ ရှိလာပါတယ်။ ဒီအတွက်ကြောင့် ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ။ အခု ပြန်လည်ဖွင့်လှစ်တဲ့ လှိုင်နယ်မြေမှာ ကျနော်တို့ အမျိုးသား (၄၀၀)၊ အမျိုးသမီး (၄၀၀) ဆန့်တဲ့ အဆောင် (၂) ဆောင်ကို ဆောက်ထားပါတယ်။ နာမည်က မြတ်လေးဆောင် နဲ့ ကေတုမတီဆောင် ဆိုတို့ ဖြစ်ပါတယ်။ အဆောင်အနေနဲ့လည်း အသစ်တွေပါ။ အဆောင်တွေက အတော်ကြီးတဲ့၊ များတဲ့ အဆောင်တွေ ဖြစ်ပါတယ်။ နောက် ဒီအဆောင်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် အသွားအလာလွယ်ကူတဲ့ စာသင်ခန်းတွေလည်း ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေမှာ ရှိပါတယ်။ ဒါကြောင့်မို့ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေမှာ ပြန်လည်ဖွင့်လှစ်တာပါ။

မစုမြတ်မွန် ။ ။ ရန်ကုန်တိုင်းထဲမှာဆိုရင် ဝိဇ္ဇာ-သိပ္ပံ တက္ကသိုလ် ကျောင်းသူကျောင်းသားများအတွက် ဒဂုံတက္ကသိုလ် ရှိမယ်။ အရှေ့ပိုင်းတက္ကသိုလ်၊ အနောက်ပိုင်းတက္ကသိုလ် ရှိတယ်။ အခု လှိုင်နယ်မြေမှာ တက်ခွင့်ရတဲ့ ကျောင်းသူကျောင်းသားတွေကို ဆရာတို့ ဘယ်လို ရွေးချယ်ပါလဲ။ အခု အဲဒီမှာ ဘယ်နှစ်ယောက်လောက် တက်နေပါလဲ။

ဒေါက်တာဖိုးကောင်း ။ ။ ဘာသာရပ်အနေနဲ့ (၂၁) ခု။ ဒီနှစ်မှာ နဂိုကရှိတာ (၂၁) ခု။ ဒီနှစ်မှာ (၃) ခု တိုးလာပါတယ် - Microbiology, Biochemstry, Environmental Studies ဆိုပြီး တိုးလာပါတယ်။ အဲဒီလို တိုးလာတော့ ကျောင်းသားပေါင်း ၁၄၀၀ ကျော် ၁၅၀၀ နီးပါး ရှိပါတယ်။

မစုမြတ်မွန် ။ ။ လှိုင်နယ်မြေက ပိတ်ထားတာ နှစ် (၂၀) လောက် ကြာပါပြီးဆိုတော့ အခုလိုမျိုး ကျောင်းခန်းတွေ၊ ကျောင်းသားတွေ ပြန်တက်နိုင်ဖို့ ပြင်ဆင်တဲ့အခါမှာ ဘယ်လိုမျိုး စိန်ခေါ်မှုတွေ တွေ့ရပါလဲ။ အထူးသဖြင့် လက်တွေ့လုပ်ရတဲ့ Lab တွေ၊ ဘာတွေဆိုရင်တော့ လောလောဆယ် အဲဒီမှာ မရှိသေးဘူးလို့လဲ သိရပါတယ်။ ဒါပေမဲ့ စာသင်ခန်းတွေ ပြင်ဆင်တဲ့အခါမှာ ဆရာတို့ ဘယ်လိုမျိုး စိန်ခေါ်မှုမျိုးတွေ ဖြတ်သန်းရပါလဲ။

ဒေါက်တာဖိုးကောင်း ။ ။ စိန်ခေါ်မှုကတော့ ဒီလောက်တော့ မရှိဘူး။ သို့သော်လဲ အခုဟာကတော့ စာသင်ခန်းတွေက အရင်က စာသင်ခန်းတွေနဲ့ မတူတော့ဘူး။ အခုက Projector Multimedia ပစ္စည်းတွေ Equipment တွေ တပ်ပေးရတယ်။ စာသင်ခန်းတိုင်းမှာ Projector တွေရှိပြီး၊ Theater တွေမှာ Projector တွေ အပြည့်အစုံ ရှိပါပြီ။ စာသင်ခန်းတွေမှာလည်း Projector တွေ တပ်ဆင်ဖို့ အစီအစဉ် ရှိပါတယ်။ ဒဂုံတက္ကသိုလ်၊ တခြားတက္ကသိုလ်တို့နဲ့ ကွာတဲ့အချက်ကတော့ ရန်ကုန်တက္ကသိုလ် ဝင်လာတဲ့ကျောင်းသားတွေက ဘာသာရပ်မှာလည်း စိတ်ပါဝင်စားပြီးတော့ သူတို့ရဲ့ အခြေခံပညာ အထက်တန်းစာမေးပွဲမှာလည်း ထူးချွန်တဲ့ကျောင်းသားတွေ ဖြစ်ပါတယ်။ ထူးချွန်တဲ့ ကျောင်းသားတွေအပြင် စိတ်ဝင်စားတဲ့ ကျောင်းသားတွေကို ကျနော်တို့က ထူးချွန်အောင်လုပ်ပေးရမှာပေါ့။

မစုမြတ်မွန် ။ ။ အဲဒီလို ဆရာပြောသလို ဒီကျောင်းသားတွေ ပိုပြီးတော့ ထူးချွန်အောင် လုပ်ပေးတဲ့အခါမှာ သင်ထောက်ကူတွေ၊ လိုအပ်ချက်တွေ။ နောက်တခါ ဆရာ၊ ဆရာမတွေရဲ့ ပံ့ပိုးမှုတွေကို ဆရာတို့အနေနဲ့ ဘယ်လိုမျိုး ပြင်ဆင်ထားပါလဲ။

ဒေါက်တာဖိုးကောင်း ။ ။ ဆရာ၊ ဆရာမတွေကို နိုင်ငံတကာ သင်ရိုးတွေနဲ့ ဘာသာရပ် (၃) ရပ်မှာလည်း နိုင်ငံတကာ သင်ရိုးတွေနဲ့ ကိုက်ညီအောင် သင်ပါတယ်။ ဆရာ၊ ဆရာမတွေကိုလည်း အရည်အသွေးမြှင့်ဖို့ နိုင်ငံခြားတွေလည်း လွှတ်ပါတယ်။ နောက် နိုင်ငံတကာ သင်ရိုးညွှန်တမ်းတွေကိုလည်း လေ့လာစေပါတယ်။ လက်တွေ့လုပ်ရတဲ့ ပစ္စည်းတွေနဲ့ကြတော့ အခု ရန်ကုန်တက္ကသိုလ်မှာပဲ ပင်မမှာ ပထမနှစ်ဝက်မှာ လုပ်နိုင်ဖို့ စီစဉ်ထားပါတယ်။

မစုမြတ်မွန် ။ ။ မနက်ကလည်း ရောက်ခဲ့ပါတယ်။ RC (2) လှိုင်နယ်မြေကို - တချို့ စာသင်ခန်းတွေကတော့ ပြန်မဖွင့်သေးဘူး။ အဲဒီ စာသင်ခန်းတွေကို အရင်တုန်းက ၁၉၉၆ ခုနှစ် တက္ကသိုလ်ကျောင်းကြီးအနေနဲ့ မပိတ်ခင် အခြေအနေမျိုးလို ပြန်ဖြစ်အောင် ဆရာတို့ နောက်လုပ်ဖို့ အစီအစဉ် ရှိပါသလား။

ဒေါက်တာဖိုးကောင်း ။ ။ ရှိပါတယ်။ ကျနော်တို့က ဒုတိယနှစ်ဝက်အမီ လုပ်မှာပါ။ ဒုတိယနှစ်ဝက်အမီမှာ အခုန ပြောသလို အရင်ကလို ဖြစ်မယ့်အပြင်၊ ခေတ်မီတဲ့ ဓါတ်ခွဲခန်းတွေ၊ ခေတ်မီတဲ့ စာသင်ခန်းတွေ - ခေတ်မီတဲ့ စာသင်ခန်းဆိုတာ အရင်က စာသင်ခန်းနဲ့ မတူဘူး။ အရင်ကတော့ ကျောင်းသင်ပုန်းနဲ့ မြေဖြူ။ အခုတော့ White Board, Projector တွေနဲ့ ဆရာ၊ ဆရာမတွေက Presentation တွေကိုလည်း သူတို့ လေ့လာပို့ချချက်တွေကိုလည်း Power Point Presentation တွေနဲ့ လုပ်နိုင်အောင် Video Slide တွေနဲ့ ထိုးနိုင်အောင် Projector တွေလည်း အကုန်ဆင်မှာ ဖြစ်ပါတယ်။

မစုမြတ်မွန် ။ ။ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေကို ပြန်ဖွင့်ပေးနိုင်တဲ့အတွက် လှိုင်နယ်မြေမှာ တက်ခဲ့တဲ့ ကျောင်းသားဟောင်းတယောက်အနေနဲ့ ဂုဏ်ယူတယ်လို့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းက ပြောပါတယ်။ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေမှာ အခုလို ဘွဲ့ကြိုကျောင်းသားကျောင်းသူတွေ ကျောင်းတက်ခွင့် မရခဲ့တဲ့အချိန်တွေတုန်းကတော့ ကျောင်းအတွင်းမှာရှိတဲ့ တချို့ကျောင်းဆောင်တွေကို ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း TTC ရဲ့ သူငယ်တန်းကနေ ငါးတန်းအထိ အတန်းတွေကို ၂၀၀၀ ခုနှစ်ကနေ ၂၀၁၇ နိုဝင်ဘာလအထိ ဖွင့်လှစ်ခဲ့ပါတယ်။

XS
SM
MD
LG