သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNFPA ဌာနကိုယ်စားလှယ် နဲ့ သိကောင်းစရာ သန်းခေါင်စာရင်း


UNFPA ဌာနကိုယ်စားလှယ် Ms. Janet Jackson
UNFPA ဌာနကိုယ်စားလှယ် Ms. Janet Jackson
ဒိတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံအတွင်းမှာ မကြာခင် ကောက်ယူမယ့် သန်းခေါင်စာရင်းကောက်ယူမည့် လုပ်ငန်းအစီအစဉ်အတွက် ပူးပေါင်းဆောင်ရွက်နေတဲ့ ကမ္ဘာ့ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ The United Nations Population Fund (UNFPA) ဌာနကိုယ်စားလှယ် မစ္စဂျက်နက် ဂျက်ဆင် (Janet Jackson) ကို ဗွီအိုအေ အယ်ဒီတာ ဦးသားညွှန့်ဦး က တွေ့ဆုံမေးမြန်းထားပါတယ်။

ဦးသားညွှန့်ဦး ။ ။ အခုလိုမျိုး အချိန်ပေးတဲ့အတွက် ကျေးဇူးပါ။ ပထမဦးဆုံးတော့ သန်းခေါင်စာရင်းကောက်ခံမှုတွေကြောင့် မြန်မာပြည်သူတွေနဲ့ မြန်မာပြည်အတွက် ဘာတွေများ အထောက်အကူ ဖြစ်စေမလဲခင်များ။

Ms. Jackson ။ ။ မြန်မာနိုင်ငံအတွက်က သန်းခေါင်စာရင်းကောက်ဖို့ အထူးလိုအပ်နေပါတယ်။ နိုင်ငံတော်တော်များများမှာ ဆယ်နှစ်တခါ နိုင်ငံရဲ့ အချက်အလက်တွေကို စုဆောင်းကောက်ယူဖို့လိုတယ်ဆိုတော့ သန်းခေါင်စာရင်းကောက်ခံယူမှုက အတော့်ကို အရေးကြီးပါတယ်။ မြန်မာနိုင်ငံအတွက်တော့ တိတိကျကျနဲ့ အများလက်ခံယုံကြည်လောက်တဲ့ အချက်အလက်တွေ ကောက်ခံဖို့ဆိုတာ အခုနှစ် (၃၀) အတွင်းမှာ ပထမဦးဆုံးအကြိမ် ဖြစ်ပါလိမ့်မယ်။ ဒါဟာ ပြည်သူတွေအတွက် အကျိုးအများကြီး ရှိစေမယ့် တကယ့်ကို ကြီးမားတဲ့အောင်မြင်မှုလဲ ဖြစ်ပါလိမ့်မယ်။ အချက်အလက်တွေကိုတော့ ချက်ချင်းမရဘဲနဲ့ အချိန်တော့ ယူရမှာပါ။ အချက်အလက်တွေကို သုံးသပ်စီစစ်ဖို့ တနှစ်လောက် အချိန်ယူရမှာပါ။ ကောက်ခံတဲ့အချက်တွေကို ဆွေးနွေးသုံးသပ်ပြီးတော့မှ အတည်ပြုရမှာပါ။ ဒီအချက်အလက်တွေဟာ မြို့နယ်အဆင့် ပြည်နယ်အဆင့်မှာရော ပြီးတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ပါ တိုင်းပြည်ရဲ့ စီမံကိန်းတွေ ချမှတ်ဖို့အတွက် အတော်ကြီးကို အသုံးတည့်ပါလိမ့်မယ်။ ပြည်ထောင်စုအစိုးရရော၊ ပြည်နယ်အစိုးရခေါင်းဆောင်မှုအပိုင်းတွေအတွက် ဘယ်ကိစ္စမဆို ဦးစားပေးဆောင်ရွက်ရမလဲဆိုတဲ့ စီမံကိန်းတွေ ချမှတ်တဲ့နေရာမှာ အသုံးတည့်မှာပါ။ နောက်ထပ် ၅ နှစ် ၁၀ နှစ်အထိ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ ဆောင်ရွက်ရမယ့်ကိစ္စတွေမှာ အထောက်အကူ ဖြစ်ပါလိမ့်မယ်။ တက္ကသိုလ်နဲ့ အထက်တန်းသင်ရိုးညွှန်းတမ်းတွေ ရေးဆွဲတဲ့နေရာမှာ ပညာရှင်တွေအတွက် အထောက်အကူ ဖြစ်စေမှာပါ။ ဒီမှာက လူငယ်တော်တော်များများ ကျောင်းမပြီးကြဘူးဆိုတာ သိထားပါတယ်။ ဘဝမှာ ရွေးချယ်ရပ်တည်နိုင်ဖို့ သူတို့စိတ်ဝင်စားလာတဲ့နယ်ပယ်မှာ လုပ်နိုင်စွမ်းရည်တွေ ပြည့်ဝစေဖို့ အနာဂတ်မှာ တိုင်းပြည်ကို ဘာလုပ်ပေးနိုင်မလဲ။ ဒါဟာ လူငယ်တွေအတွက် ပညာရေးမှာ အရေးကြီးပါတယ်။ ကျန်းမာရေးအပိုင်းမှာဆိုရင်လည်း ကျန်းမာရေးစောင့်ရှောက်မှုတွေ စီမံလုပ်ဆောင်ရာမှာ ဒီအချက်အလက်တွေက အသုံးတည့်မှာပါ။ ဆင်းရဲတဲ့ပြည်သူတွေ၊ အားနည်းတဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက်လည်း အထောက်အကူ ဖြစ်ပါတယ်။ ဘယ်နေရာမှာ ဘယ်လိုအလုပ်အကိုင်မျိုးတွေ ဖန်တီးပေးမလဲ။ ဘယ်နေရာတွေမှာ စက်မှုထွန်းကားနိုင်မလဲ။ ဘယ်နေရာတွေမှာ တိုင်းပြည်အရင်းအမြစ်ကို ထုတ်ယူသုံးစွဲ၊ ရင်းနှီးမြှုပ်နံှမလဲ။ ဒီလိုအစီအစဉ်တွေ ချမှတ်ဖို့အတွက် အသုံးတည့်မှာပါ။ ပြီးတော့ အသက်အရွယ်အပိုင်းအခြားအလိုက် လူဦးရေ၊ မသန်းစွမ်းဖြစ်နေတဲ့ လူဦးရေတွေလည်း ကောက်ခံနိုင်ပါလိမ့်မယ်။ တိုင်းပြည်မှာ အသက်အရွယ်အပိုင်းအခြားအလိုက် လူဦးရေ ဘယ်လောက်ရှိသလဲဆိုတာဟာ ရေရှည်စီမံကိန်းတွေ ရေးဆွဲချမှတ်ဖို့အတွက် အရေးကြီးပါတယ်။ နောက်ဆုံးပြောရမယ်ဆိုရင် မူဝါဒချမှတ်သူတွေအတွက်လည်း လူဦးရေဆိုင်ရာ အချက်အလက်တွေ အရေးကြီးပါတယ်။ တကယ့်ရှိနေတဲ့ လူဦးရေနဲ့ တကယ့်အချက်အလက်တွေပေါ် မူတည်ပြီးတော့ စီမံကိန်းတွေဆွဲဖို့ အခု အစိုးရရော၊ နောင်လာမယ့် အစိုးရအတွက် အရေးကြီးပါတယ်။

ဦးသားညွှန့်ဦး ။ ။ နောက်တခုကတော့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့အနေနဲ့ ဒီလုပ်ငန်းစဉ်မှာ ဘယ်လိုပါဝင်ဆောင်ရွက်တာပါလဲ။ ဒါဟာ အစိုးရဖက်က ကမ်းလှမ်းတာလား။

Ms. Jackson ။ ။ ဒါက လွန်ခဲ့တဲ့ (၂) နှစ်က ဖြစ်ခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အစိတ်အပိုင်းတရပ်အနေနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ ရှေ့မှောက်မှာပဲ အစိုးရနဲ့ ကုလသမဂ္ဂကြား ဒီအစီအစဉ်ကို သဘောတူလက်မှတ် ရေးထိုးခဲ့ကြပါတယ်။

ဦးသားညွှန့်ဦး ။ ။ အခု ကောက်ခံမယ့် သန်းခေါင်စာရင်းကိစ္စမှာ ဘယ်လိုစိန်ခေါ်ချက်တွေ၊ ဘယ်လိုအခက်အခဲတွေ ရှိသလဲ။

Ms. Jackson ။ ။ စိန်ခေါ်ချက်ကတော့ အများကြီးပါ။ အခုကာလက မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးအတွက် တကယ့်ကို အရေးကြီးတဲ့အချိန်ကို ရောက်နေပါပြီ။ အခုဆိုရင် ရည်မှန်းထားတဲ့ ပြုပြင်ပြောင်းလဲရေးတွေလည်း လုပ်ဆောင်နေတယ်။ တချိန်တည်းမှာပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေလည်း လုပ်နေတယ်။ လာမယ့် ၂၀၁၅ မှာဆိုရင်လည်း ရွေးကောက်ပွဲက ကျင်းပမှာပါ။ အဲဒီတော့ သန်းခေါင်စာရင်းကောက်ခံမှုနဲ့ ပတ်သက်လို့ တကယ့်ကို ရှင်းရှင်းလင်းလင်း ဖြစ်နေဖို့ အရေးကြီးပါတယ်။ သန်းခေါင်စာရင်း ကောက်ခံမှုဆိုတာ သီးခြားလွတ်ကင်းတဲ့ လုပ်ငန်းတခုပါ။ ကိန်းဂဏန်းတွေ ကောက်ခံရတဲ့ကိစ္စတခုပါ။ ဒီရတဲ့ အချက်အလက်တွေဟာ တခြားလုပ်ငန်းစဉ်တွေကို အထောက်အကူ ဖြစ်စေမှာပါ။ ဒါပေမဲ့ အဲဒီမှာ စိန်ခေါ်ချက်တွေတော့ ရှိပါတယ်။ သန်းခေါင်စာရင်းဟာ ရွေးကောက်ပွဲနဲ့ မဆိုင်ဘူးဆိုတာ လူတွေ သဘောပေါက်နားလည်းဖို့ လိုပါတယ်။ ဥပမာ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်တွေ ကောက်ခံစုဆောင်းတာ မဟုတ်ပါဘူး။ ဒီအချက်အလက်တွေဟာ နိုင်ငံရဲ့ စီမံကိန်းတွေ ရေးဆွဲရာမှာ အရေးကြီးတယ်ဆိုပေမယ့် ဒီအချက်အလက်တွေကို အများပြည်သူကို ထုတ်ပြန်မှာ မဟုတ်ဘဲနဲ့ လျှို့ဝှက်ထားမှာပါ။ မြန်မာနိုင်ငံ အတိတ်ကာလက ရုန်းထွက်ပြီးတော့ အစိုးရရဲ့ ဂုဏ်သိက္ခာကို ပြောင်းလဲဖို့ ကြိုးစားနေတဲ့ အခုလိုကာလမျိုး ဒီတိုင်းပြည်ထဲမှာ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ပြီးတော့ ညီညွှတ်မှုရဖို့ ကြိုးပမ်းနေတဲ့ အခုလို ကာလမျိုးတွေဟာ အင်မတန် အရေးကြီးပါတယ်။ ဒီ သန်းခေါင်စာရင်းအချက်အလက်တွေကို နိုင်ငံတကာ စံနှုန်းအတိုင်း တိတိကျကျ ကောက်ခံရရှိဖို့လည်း အရေးကြီးပါတယ်။
ဦးသားညွှန့်ဦး ။ ။ အခု UNFPA ကတော့ ဒီလုပ်ငန်းစဉ်မှာ ပါဝင်ပတ်သက်နေပါတယ်။ အဲဒီတော့ ဒီလုပ်ငန်းစဉ်ထဲမှာ နိုင်ငံတကာရဲ့ အခန်းကဏ္ဍကရော ဘယ်လိုရှိပါသလဲ။

Ms. Jackson ။ ။ နိုင်ငံတကာအခန်းကဏ္ဍက အရေးကြီးပါတယ်။ နိုင်ငံတကာကလည်း ဒီလုပ်ငန်းစဉ်ကို အများကြီး စိတ်ဝင်စားပါတယ်။ ကျမတို့ UNFPA က ဒီလုပ်ငန်းစဉ်ကို ထောက်ပံ့ကူညီကြပါတယ်။ ဒီကိစ္စကနေ တခြားနယ်ပယ်တွေ ဖွံ့ဖြိုးတိုးတက်လာဖို့လည်း မျှော်လင့်ထားကြပါတယ်။ ကျမတို့ အကူအညီပေးတဲ့ အလှူရှင်တွေကလည်း ဒီလုပ်ငန်းစဉ်ဟာ အနာဂတ်ဖွံ့ဖြိုးရေးမူဝါဒတွေ ချမှတ်ရေးကိစ္စမှာ အတော့်ကို အရေးကြီးတယ်ဆိုတာ သိရှိနားလည်းထားကြတော့ ကျမတို့ကိုလည်း ယုံကြည်မှုရှိကြပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ အတော်လေး အထိအရှဖြစ်နိုင်တယ်ဆိုတာ ဟုတ်ပါတယ်။ တကယ့်ကို အကဲဆတ်တဲ့ လုပ်ငန်းပါ။ ဒါပေမဲ့ ဒါကို မှန်မှန်ကန်ကန်နဲ့ ကိုင်တွယ်လုပ်ဆောင်သွားမယ်ဆိုရင်တော့ ဒီလိုမျိုး စိန်ခေါ်မှုတွေကို ကျော်လွှာသွားနိုင်မှာပါ။

ဦးသားညွှန့်ဦး ။ ။ ပဋိပက္ခဖြစ်တဲ့ နယ်မြေဒေသတွေမှာ အချက်အလက်တွေ ကောက်ခံရရှိဖို့အတွက်ကော အခက်အခဲတွေ ရှိနိုင်သလား။

Ms. Jackson ။ ။ ဒါက နှစ် (၃၀) အတွင်းမှာ ပထမဦးဆုံးအကြိမ်ပါ။ ဒီတော့ ပြင်ဆင်မှုတွေ ဘယ်လိုလုပ်ထားထား ဘာတွေ ဖြစ်လာမလဲဆိုတာကို ကျမတို့ မသိနိုင်ပါဘူး။ အခုဆိုရင်တော့ ပြင်ဆင်မှုတွေက နောက်ဆုံးအဆင့် ရောက်နေပါပြီ။ လုပ်ငန်းစဉ်တွေကို သေချာအောင်လို့ စေ့စေ့စပ်စပ် ပြန်ကြည့်ရပါလိမ့်မယ်။ လုပ်ရမယ့် အစီအစဉ်အားလုံး စနစ်တကျ ဖြစ်ရဲ့လားဆိုတာပါ။ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းရတာလဲ အဆင်ပြေပါတယ်။ အဲဒီဒေသတွေမှာ သန်းခေါင်စာရင်း အောင်အောင်မြင်မြင်နဲ့ ကောက်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်ပါမယ်ဆိုတဲ့ သဘောတူညီချက်တွေလည်း ရထားပါတယ်။ တကယ့်ကို ပြင်ဆင်ဆောင်ရွက်မှုတွေလည်း တွေ့ရပါတယ်။ အဲဒီတော့ တကယ့်ကို သဘောတူပြီးတော့ ပိုင်းဖြတ်ချက်ရှိရှိနဲ့ လုပ်ကြမယ်ဆိုရင်တော့ အဲဒီနယ်တွေမှာလည်း အောင်မြင်မှာပါ။ အဲဒီဒေသမျိုးတွေမှာ သန်းခေါင်စာရင်း ကောက်နိုင်မှုက တော်တော်ကို အရေးကြီးပါတယ်။ ၁၉၈၃ ခုနှစ်တုန်းက ကောက်ခဲ့တဲ့ နောက်ဆုံး သန်းခေါင်စာရင်း ကောက်ယူမှုမှာတောင်မှ လူဦးရေ ၁.၂ သန်းကျော်ကို အချက်အလက်တွေ ပြည့်ပြည့်စုံစုံ မယူခဲ့ပါဘူး။ ဒီတခေါက်မှာတော့ သန်းခေါင်စာရင်း ကောက်ခံမှုကို လူတိုင်းပူးပေါင်းပါဝင်ဖို့ အရမ်းကို အရေးကြီးတာပါ။

ဦးသားညွှန့်ဦး ။ ။ နောက်တချက်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တော်တော်များများက ပြည်ပကို တရားဝင်တဲ့ပုံစံ၊ တရားမဝင်တဲ့ပုံစံတွေနဲ့ ထွက်ခွါပြီးတော့ အလုပ်လုပ်နေကြတာလည်းရှိတော့ သန်းခေါင်စာရင် ပြုစုမယ်ဆိုလို့ရှိရင် သူတို့ရဲ့ စာရင်းကို ဘယ်လိုပြုစုနိုင်မလဲ။

Ms. Jackson ။ ။ နည်းနည်းရှုပ်ထွေးနိုင်တဲ့ ကိစ္စရပ်နှစ်ရပ် ရှိပါတယ်။ တခုကတော့ ပြည်တွင်းမှာပဲ ရေတိုအလုပ်အကိုင်အတွက် ပြောင်းရွှေ့နေကြတဲ့ လူတွေရှိပါတယ်။ သန်းခေါင်စာရင်း ကောက်ခံယူမှုမှာတော့ လူတွေဟာ တရားဝင်နေထိုင်သူတွေလား၊ တရားမဝင် နေထိုင်သူတွေလားဆိုတာကို မထည့်တွက်ပါဘူး။ သန်းခေါင်စာရင်း ကောက်တယ်ဆိုတာ ဒီနိုင်ငံနယ်နမိတ်အတွင်းမှာရှိတဲ့ လူအားလုံးကို စာရင်းကောက်တာပါ။ သူတို့ဟာ အခုနေရာမှာ ယာယီရွှေ့ပြောင်းနေတာလား။ အမြဲတမ်းပဲလားဆိုတာကို သိဖို့လိုပါတယ်။ ဘယ်လို အလုပ်အကိုင် လုပ်နေတာလဲ အပါအဝင်၊ မေးခွန်းတွေအားလုံးကို ဖြေဆိုနိုင်မှာပါ။ တနေရာကနေ တနေရာကို ဘာကြောင့် ပြောင်းသွားလဲဆိုတာကို သိဖို့ပဲ အရေးကြီးပါတယ်။ တိုင်းပြည်အတွင်းမှာပဲ တနေရာကနေ နောက်တနေရာ ပြောင်းရွှေ့သွားကြတာ ဘာကြောင့်လဲဆိုတာကို အတိအကျ သိရှိနားလည်းနိုင်ဖို့ လိုတာကြောင့်ပါ။ ဘယ်လို အလုပ်အကိုင်တွေကြောင့် လူတွေပြောင်းရွှေ့လာကြသလဲဆိုတာကို သိဖို့လိုအပ်ပါတယ်။ ဒါဟာ ရွှေ့ပြောင်းနေထိုင်မှုနဲ့ ပတ်သက်လို့ နောက်ပိုင်း သုတေသနလုပ်ငန်းတွေအတွက်လည်း အသုံးဝင်မှာပါ။ နောက်တခုက အခု ရှင် မေးတဲ့မေးခွန်းထဲမှာ ပြည်ပကိုထွက်သွားတဲ့ လူတွေကိစ္စ။ ဒီနေရာမှာတော့ မတူတာတွေ ရှိပါတယ်။ သူတို့ကို စာရင်းကောက်တဲ့အခါမှာ မြန်မာနိုင်ငံထဲမှာပဲနေတဲ့ အိမ်ထောင်စုဝင်တွေ ကောက်တဲ့ပုံနဲ့ မတူပါဘူး။ စီးပွားရေးသမားပဲဖြစ်ဖြစ်၊ ကျောင်းသားဖြစ်ဖြစ်၊ ဒုက္ခသည်ဖြစ်ဖြစ် တိုင်းပြည်ကနေ သူတို့ဘာကြောင့် ထွက်သွားရသလဲဆိုတာကို မမေးပါဘူး။ သန်းခေါင်စာရင်းမှာ သိချင်တာ တခုကတော့ ပြည်ပရောက်နေသူတွေဟာ ဘယ်လိုလူတွေလဲ အရည်အတွက် ဘယ်လောက်ရှိသလဲဆိုတာကိုပါ။ နောက် သူတို့ ဘယ်တိုင်းပြည်မှာ နေသလဲဆိုတာကို မေးမှာပါ။ ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသား အရည်အတွက် ဘယ်လောက်ရှိသလဲဆိုတာ သိဖို့ကလည်း အရမ်းအရေးကြီးပါတယ်။

ဦးသားညွှန့်ဦး ။ ။ နောက်ထပ် မေးခွန်းတခုကတော့ တိုင်းရင်းသားလူမျိုးနွှယ်စုတွေကိစ္စပါ။ သန်းခေါင်စာရင်း ကောက်ခံမှုမှာ လူမျိုးနွယ်စု အမည်စာရင်းသတ်မှတ်မှုနဲ့ ပတ်သက်လို့ တိုင်းရင်းသားအဖွဲ့ချုပ်က စိုးရိမ်မှုတွေ ပြောဆိုကြတာ ရှိကြပါတယ်။ ခင်များအနေနဲ့ ဒါကို ဘယ်လို မှတ်ချက်ပေးနိုင်မလဲ။

Ms. Jackson ။ ။ ဘယ်လို အမည်သတ်မှတ်တာကို ပြောတာပါလဲ။

ဦးသားညွှန့်ဦး ။ ။ ဥပမာဆိုပါတော့ ရိုဟင်ဂျားကိစ္စပါ။ ရခိုင်ပြည်နဲ့ မြန်မာနိုင်ငံထဲမှာက အတော်များများက ရိုဟင်ဂျားဆိုတဲ့လူမျိုး အမည်ကို သဘောမတူပါဘူး။

Ms. Jackson ။ ။ ရှင်မေးတဲ့ မျိုးနွယ်စုပြဿနာဆိုတာ ကျမ သဘောပေါက်နားလည်းပါတယ်။ ဒီပြဿနာနဲ့ ပတ်သက်ရင် မျိုးနွယ်စုတွေကြားမှာ အတော်လေး တင်းမာမှုတွေ ရှိတယ်ဆိုတာလည်း ကျမ သိပါတယ်။ အခြေအနေတွေကိုလည်း ကျမတို့ နားလည်းသဘောပေါက်ပါတယ်။ သူတို့ စိုးရိမ်ချက်တွေကိုလည်း သိရှိနားလည်းဖို့လည်း လိုပါတယ်။ ကျမတို့လည်း ပါဝင်ဆွေးနွေးနေပါတယ်။ ဒါပေမဲ့လဲ လူ့အခွင့်အရေး ရှုထောင့်က ကြည့်မယ်ဆိုရင်လည်း ဒီလုပ်ငန်းစဉ်ထဲမှာ လူတွေပါဝင်ပတ်သက်ခွင့်ရဖို့ဆိုတာ လူ့အခွင့်အရေးတရပ်ပါ။ ကိုယ်ပိုင်အချက်အလက်တွေကို အများပြည်သူမသိစေချင်ဘူး။ ပြီးတော့ လျှို့ဝှက်ပေးရမယ့်နေရာမှာလည်း စာရင်းကောက်ခံသူကလွှဲလို့ ကိုယ့်အချက်အလက်ကို ဘယ်သူကမှ သိရမှာ မဟုတ်ပါဘူး။ လူဦးဆိုင်ရာအချက်အလက်တွေကို စမ်းစစ်ယူရတဲ့အခါမှာလည်း လူနံမည်တွေကို ထည့်သွင်းမှာ မဟုတ်ပါဘူး။ ကိုယ့်အချက်အလက်တွေကို ကောက်ခံထားရင် ကိုယ့်ရဲ့ သဘောတူညီမှု မပါဘဲနဲ့ အများပြည်သူကို အသိပေးထုတ်ပြန်တာမျိုး မလုပ်ရဘူးဆိုတာလည်း လူ့အခွင့်အရေးတရပ်ပါပဲ။ နောက်ထပ် လူ့အခွင့်အရေးတရပ်ကို ပြောမယ်ဆိုရင်လည်း ကိုယ်ဟာ ဘယ်လူမျိုး၊ ဘယ်အုပ်စုလဲဆိုတာကို ကိုယ်တိုင်ဆုံးဖြတ်ရွေးချယ် ပြောဆိုပြီးတော့ သတ်မှတ်တာမျိုး ဖြစ်ပါတယ်။ ဒါကြောင့်မို့ လူမျိုးစုခေါင်းဆောင်တွေက ဒီမေးခွန်းမျိုးကို ဘယ်လိုဖြေကြမလဲဆိုတာကို ဆွေးနွေးတိုင်ပင်နေပါတယ်။ အောက်ခြေလူမှုအသိုင်းအဝိုင်းအဆင့်မှာရော တခြားအဆင့်တွေမှာ ဆွေးနွေးမှုတွေ လုပ်နေရပါတယ်။ ဒါဟာ တကယ့်ကို လုပ်ရမယ့်ကိစ္စပါ။ တဦးတယောက်ချင်းမဆို ဘယ်အုပ်စု၊ ဘယ်လူမျိုးမဆို၊ သူတို့ကို ဘယ်လူမျိုးအဖြစ် သတ်မှတ်စေချင်သလဲဆိုတာ သူတို့ကိုယ်တိုင် ဆုံးဖြတ်သတ်မှတ်ရမယ့် အခွင့်အရေးရှိပါတယ်။

ဦးသားညွှန့်ဦး ။ ။ တိုင်းရင်းသားကိစ္စတွေ ပြောရင်တော့ ပြဿနာက ရိုဟင်ဂျားကိစ္စတင် မဟုတ်ပါဘူး။ တခြား ချင်းပြည်နယ်၊ ရှမ်းပြည်နယ် ဒေသတွေမှာလည်း တိုင်းရင်းသားမျိုးနွယ်စု အမည်သတ်မှတ်တဲ့ကိစ္စတွေမှာ သူတို့မှာ ပြဿနာတွေ ရှိတယ်လို့ ပြောပါတယ်။ မြန်မာအစိုးရ သတ်မှတ်ထားတာက လူမျိုးနွယ်စုက ၁၃၅ မျိုးပါ။ အချို့က ပြောတာက သူတို့ရဲ့ မျိုးနွယ်စုက အဲဒီစာရင်းထဲမှာ မပါဘူးတဲ့။ နောက် လူမျိုးနွယ်စုကြီးတွေကတော့ အဲဒီလောက် ကွဲပြားချက်ကို လက်မခံဘူး။ ဒါကြောင့်မို့ တိုင်းရင်းသားမျိုးနွယ်စုတချို့က သန်းခေါင်စာရင်းကောက်ခံမှုကို ရွှေ့ဆိုင်းချင်တဲ့၊ အစိုးရနဲ့ ညှိနှိုင်းချင်သေးတယ်ဆိုတဲ့ ပြောတာဆိုတာတွေ ရှိပါတယ်။

Ms. Jackson ။ ။ ဒါနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေ လုပ်နေပါသေးတယ်။ ကျမတို့ သိသလောက်တော့ အစိုးရကလည်း အစီအစဉ် အချိန်ဇယားအတိုင်းပဲ သန်းခေါင်စာရင်းကောက်ခံမှု ဆက်လုပ်သွားဖို့ ရှိပါတယ်။ လူမျိုးနွယ်စု ၁၃၅ မျိုးကို လက်ခံသတ်မှတ်ထားတာနဲ့ ပတ်သက်လို့တော့ အစိုးရကိုယ်တိုင်ရော၊ လက်ရှိ ပြည်သူပြည်သား သတ်မှတ်မှု ဒီစာရင်းကို အခြေခံရယူတာဖြစ်ပြီးတော့ သတ်မှတ်ချင်တဲ့ ကိုယ့်လူမျိုး သတ်မှတ်ချက်ကို သီးခြားဖြစ်လို့ရတယ်လို့ ပြောပါတယ်။ ကျမတို့က ဒါ ပြည့်စုံတဲ့စာရင်း မဟုတ်ဘူးဆိုတာကို သဘောတူလက်ခံထားပါတယ်။ ဒါကို ပြန်ပြီးတော့ စမ်းစစ်ရမယ်ဆိုတာလည်း အစိုးရက အသိအမှတ် ပြုပါတယ်။ ဒါပေမဲ့လဲ လက်ရှိရှိပြီသား လူမျိုးနွယ်စုစာရင်းကို အခြေခံယူပြီးတော့ ဒီလုပ်ငန်းကို စရတာပါ။ ဒါကြောင့်မို့ အခု ကျမတို့ ကောက်ခံမယ့် သန်းခေါင်စာရင်း မေးခွန်းတွေထဲမှာ လူမျိုးနွယ်စု သတ်မှတ်တဲ့ code တွေအရ မေးခွန်းထဲမပါတဲ့ လူမျိုးနွယ်စုတွေ ရှိပါလိမ့်မယ်။ ဒါပေမဲ့ ဒီထဲမှာမပါပေမယ့် သူတို့ကိုယ်တိုင် သတ်မှတ်ချင်တဲ့အမည်ကို တခြားဆိုတဲ့နေရာမှာ ဖြည့်ရေးလို့ရပါတယ်။ လူတဦးတယောက်ချင်းကိုပဲဖြစ်ဖြစ် လူအုပ်စုလိုက်ဖြစ်ဖြစ် ကုလသမဂ္ဂကပဲဖြစ်ဖြစ် အစိုးရကပဲဖြစ်ဖြစ် ပြီးတော့ တခြားအဖွဲ့အစည်းတခုခုကပဲဖြစ်ဖြစ် အတင်းအကြပ်လုပ်တာမျိုး၊ ခြိမ်းခြောက်တာမျိုး၊ ခွဲခြားဆက်ဆံတာမျိုး လုပ်လို့မရပါဘူး။ လူတွေကို သူတို့ရဲ့ ရွေးချယ်မှုအတိုင်း ခွင့်ပြုထားပါတယ်။
XS
SM
MD
LG