သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးများအခွင့်အရေး တိုက်ပွဲဝင်နေသူ ပြောစကား


မဝေဝေနု (Women for Justice)
မဝေဝေနု (Women for Justice)

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ အမျိုးသမီးဖြစ်နေတဲ့အတွက် တရားမျှတမှု ရရှိရေးမှာ အားနည်းနေသေးတယ်လို့ Justice for Women အဖွဲ့က မဝေဝေနု က ပြောပါတယ်။ သူတို့အဖွဲ့ဟာ အမျိုးသမီးတွေအတွက် တရားရေးဆိုင်ရာ ဝင်ဆောင်မှုတွေကို အခမဲ့ပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။ နိုင်ငံရေး၊ လူမှုရေးပိုင်မှာ အမျိုးသမီးတွေ တက်တက်ကြွကြွ ပါဝင်လာဖို့အတွက် စွမ်းရည်မြှင့်တင်မှု အသိပညာပေးမှုတွေ လုပ်ပေးတာဟာ မြန်မာနိုင်ငံရေး အပြောင်းအလဲမှာ အထောက်အကူ ဖြစ်နိုင်တယ်လို့လည်း မဝေဝေနု က ပြောပါတယ်။ သမ္မတဟောင်း Gorge W. Bush ရဲ့ Bush Center က စီစဉ်တဲ့ ဒီနှစ်အတွက် လွတ်လပ်မှုနဲ့ ခေါင်းဆောင်မှု သင်တန်းကို လာရောက်တက်ရောက်ပြီး ဝါရှင်တန်ဒီစီကို လာရောက်လည်ပတ်စဉ် မဝေဝေနု ကို ဗွီအိုအေက တွေ့ဆုံမေးမြန်းထားပါတယ်။

မခင်ဖြူထွေး ။ ။ မဝေဝေနု အခုလို ကျမတို့ ဗွီအိုအေရုံးကို တခုတကလာပြီး အင်တာဗျူးပေးတဲ့အတွက်လည်း အများကြီး ကျေးဇူးတင်ပါတယ်ရှင့်။

မဝေဝေနု ။ ။ အခုလို ဖိတ်ကြားပြီး အင်တာဗျူးပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

မခင်ဖြူထွေး ။ ။ မဝေဝေနု က မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး၊ အမျိုးသမီးရေး၊ အဓိကထားပြီးတော့ တက်ကြွလှုပ်ရှားနေသူတစ်ဦးလို့ ကျမ သိထားရပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်လာလို့ရှိရင် အမျိုးသမီးတွေဟာ ဘယ်လောက်အထိ အခွင့်အရေး ဆုံးရှုံးနေတယ်လို့ ပြောနိုင်သလဲ။

မဝေဝေနု ။ ။ ဒီအတိုင်း ခြုံကြည့်မယ်ဆိုရင်တော့ အာရှနိုင်ငံတွေထဲမှာ ခြုံကြည့်မယ်ဆိုရင် မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး သိပ်ပြီးဆုံးရှုံးခံရတာမျိုး မရှိဘူးလို့ ပြောကြတယ်။ နောက်တခါ ဒီ မိသားစုထဲမှာလည်း မိခင် အမျိုးသမီးဆိုပြီး respect ပေးခံရတယ်။ အလေးထားခံရတယ်ဆိုတာလည်း မှန်ပါတယ်။ ဒါပေမဲ့ တခြားတဖက်က ပြန်ကြည့်မယ်ဆိုလို့ရှိရင် အမျိုးသမီးတွေဟာ အခုအချိန်အထိ အမျိုးသမီးဖြစ်နေလို့၊ ဥပမာ sexual violence လိင်ပိုင်ဆိုင်ရာ စော်ကားခံရတာမျိုးတွေ အများကြီးရှိနေသေးတယ်။ နောက်တခုက အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်မှုတွေလည်း နည်းနည်းလေးပဲ ရှိနေသေးတယ်။ အခုလည်း လူမှုရေး၊ စီးပွားရေးတွေမှာ အမျိုးသမီးတွေ နောက်ကျနေသေးတယ်ဆိုတဲ့ဟာမျိုးတွေ ရှိနေသေးတော့ ဒါဟာ အမျိုးသမီးအခွင့်အရေးနဲ့ သွားပြီးသက်ဆိုင်တယ်လို့ မြင်ပါတယ်။

မခင်ဖြူထွေး ။ ။ ဆိုတော့ မဝေဝေနု ကိုယ်တိုင်က အမျိုးသမီးအခွင့်အရေးကို လှုပ်ရှားတက်ကြွသူတစ်ယောက်အနေနဲ့ အမျိုးသမီးအခွင့်အရေးကို ပြောလာတဲ့အခါကြရင် ဘယ်လို ဒီအပေါ်မှာ ယုံကြည်လက်ခံမှုနဲ့ ဒီလှုပ်ရှားမှုမှာ ပါဝင်ပတ်သက်နေသလဲ။

မဝေဝေနု ။ ။ ကျမအနေနဲ့ ပြောရမယ်ဆိုရင် မှန်တယ် ကျမတို့ အမျိုးသမီးတွေက ဥပမာ ကျမတို့မှာ ဒေါ်အောင်ဆန်းစုကြည်လို လေးစားအားကျရတဲ့ အမျိုးသမီးခေါင်းဆောင်တွေ ရှိတယ်။ ဒါက ကျမတို့ မြန်မာအမျိုးသမီးတွေအတွက် တကယ် ကံကောင်းတဲ့အရာတခုလို ပြောရမှာပေါ့။ ကျမတို့မှာ လေးစားစရာရှိတယ်ပေါ့။ နောက်ပြီးတော့လည်း စီးပွားရေးမှာ တချို့အပိုင်းမှာ အမျိုးသမီးတွေက တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်လာနိုင်တာရှိတယ်။ ဒါပေမဲ့ ကျမတို့ အမျိုးသမီးအခွင့်အရေးကို မြန်မာပြည်မှာ အမျိုးသမီးအခွင့်အရေးလို့ ပြောတဲ့အခါမှာ ကျမတို့က အခုနလို ပါဝင်ခွင့်ရတဲ့ အမျိုးသမီးတစု၊ ဒါမှမဟုတ် ရန်ကုန်မြို့၊ မန္တလေးမြို့ တကွက်ကိုပဲ ကြည့်လို့မရဘူးလို့ ကျမမြင်တယ်။ မြန်မာပြည်လို့ ပြောတဲ့အခါမှာ မြန်မာပြည်ထိပ်ဆုံးကနေ အောက်ဆုံးအထိ၊ မြောက်ပိုင်းကနေ တောင်ပိုင်း၊ အရှေ့ပိုင်းကနေ အနောက်ပိုင်းအထိ မြန်မာပြည်ရဲ့ ဧရီယာအတွင်းမှာ ရှိနေတဲ့ မြန်မာအမျိုးသမီးတွေအားလုံးရဲ့ အခြေအနေနဲ့ ခြုံငုံပြီး တိုင်းတာရမယ်လို့ ထင်တယ်။ အဲဒီလိုဆိုတဲ့အခါကြတော့ ကြည့်လိုက်မယ်ဆိုရင် တခြားဒေသ၊ ရန်ကုန်မြို့လိုဒေသလို မဟုတ်ဘဲ တခြားတိုင်းရင်းသားဒေသတွေမှာ rural area တွေမှာ အမျိုးသမီးတွေဟာ အများကြီးနောက်ကျနေတယ်။ အခွင့်အလမ်းတွေ မရဘူးပေါ့။ ဆိုတဲ့အခါကြတော့ ကျမက အဲဒါနဲ့ တိုင်းတာပြီးတော့ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်ပြီး ယှဉ်ပြီးတော့ ပြောလေ့ရှိတယ်။ လုပ်လေ့ရှိပါတယ်။ အဲဒါကို အဓိက မြှင့်တင်ပေးချင်တာပေါ့။

မခင်ဖြူထွေး ။ ။ ကျေးလက်ဒေသက အမျိုးသမီးတွေရဲ့ အမျိုးသမီးအခွင့်အရေးပိုင်းမှာ ဒီအပေါ်မှာ သိရှိလာဖို့အတွက် အားနည်းမှုတွေ ရှိနေတယ်ဆိုတော့။

မဝေဝေနု ။ ။ အမျိုးသမီးအခွင့်အရေး သိရှိလာဖို့ အားနည်းမှု ရှိတဲ့အပြင်၊ အမျိုးသမီးအခွင့်အရေးပါ ချိုးဖောက်ခံနေရတယ်။ ဥပမာ အမျိုးသမီးဖြစ်လို့ ဥပမာ လိင်ပိုင်ဆိုင်ရာ စော်ကားမှု ခံရတဲ့ဟာမျိုး၊ အမျိုးသမီးဖြစ်လို့ ပညာရေးမှာ နောက်ကျနေတဲ့ဟာမျိုး၊ ပညာရေးမှာ အခွင့်အလမ်း ပိုမရတဲ့ဟာမျိုးတွေ။ အဲဒါမျိုးတွေကလည်း အများကြီး ရှိနေသေးတယ်။

မခင်ဖြူထွေး ။ ။ အမျိုးသမီးတွေကလည်း မဝေနု ထောက်ပြတဲ့ အခြေအနေတွေကို သိရှိနားလည်းကြလား။ သူတို့ သိရှိနားလည်းမှုပိုင်မှာ အားနည်းနေသေးတယ်ဆိုရင် သိလာအောင် ဘာတွေလုပ်ဆောင်ပေးဖို့ လိုသလဲ။

မဝေဝေနု ။ ။ ဘယ်လိုပြောရမလဲ။ အမျိုးသမီးတွေကိုယ်၌ကဆိုတော့ ကျမတို့ အမျိုးသမီးအရေး လှုပ်ရှားနေတဲ့လူတွေ၊ ပညာတတ် အသိုင်းအဝိုင်းကတော့ ဒါကို ပညာတတ်တဲ့ အမျိုးသမီးတွေ၊ နောက်တခုက အမျိုးသမီးအရေးကို ဆောင်ရွက်နေတဲ့လူတွေ တော်တော်များများက သိရှိမယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ စာတတ်မမြောက်မှုနှုန်းက ကျေးလက်ဒေသတွေမှာ နည်းနေသေးတယ်။ တခြားတိုင်းရင်းသားဒေသတွေမှာ နည်းနေသေးတယ် ဆိုတဲ့အခါကြတော့ သာမန်အမျိုးသမီးတွေကတော့ သိပ်ပြီးတော့ ဒါကိုသဘောပေါက်ကြမယ်လို့ သိပ်တော့မထင်ဘူး။ တချို့က ဒါမလိုဘူးပေါ့။ အမျိုးသမီးတွေက ဒီအတိုင်းလဲ နေလို့ဖြစ်တာပဲဆိုတဲ့ အမြင်မျိုးလည်းရှိတယ်။ ဆိုတော့ ကျမတို့ အမျိုးသမီးထုတခုလုံး၊ တိုင်းပြည်တပြည် ဖွံ့ဖြိုးဖို့ဆိုရင် အမျိုးသမီး၊ အမျိုးသား ဖွံ့ဖြိုးဖို့လိုတယ်။ အမျိုးသမီးတွေက အခုနလို နောက်ကျကျန်ခဲ့မယ်ဆိုရင် ဖွံ့ဖြိုးဖို့ မဖြစ်နိုင်ဘူး။ ဖွံ့ဖြိုးဖို့ အတားအဆီးဖြစ်နိုင်တယ်။ ကျမတို့က မသိတဲ့အမျိုးသမီးတွေကို Awareness တွေ အသိပေး၊ ပညာပေးမှုတွေ လုပ်ပေးဖို့ လိုတယ်လို့ ထင်ပါတယ်။

မခင်ဖြူထွေး ။ ။ မဝေဝေနု ကိုယ်တိုင်က အခု အမျိုးသမီးအဖွဲ့ နှစ်ခုလောက်မှာ ဦးဆောင်မှုအခန်းကဏ္ဍကနေ ပါဝင်နေတယ်။ မဝေဝေနုတို့ အဖွဲ့အစည်းတွေက အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းတွေ ပို့ချတယ်လို့လည်း သိရပါတယ်။ ဆိုတော့ ဒီလိုမျိုး စောစောကပြောတဲ့ အမျိုးသမီးတွေဖက်မှာ သူတို့ကိုယ်ပိုင်အခွင့်အရေးတွေကို သိဖို့ အားနည်းနေတာတွေရှိတာတွေ၊ နောက် စောစောကပြောတဲ့ လူတွေက စာသိပ်မတတ်ကြတဲ့အခါမှာ စားဝတ်နေရေး ရုန်းကန်ရတဲ့ အခြေအနေမျိုးမှာ ဒီအကြောင်းအရာတွေကို မစဉ်းစားနိုင်တဲ့ အခြေအနေမျိုးတွေ ရှိတယ်ဆိုတော့ မဝေဝေနုတို့ အဖွဲ့အစည်းတွေအနေနဲ့ ဒီအခြေအနေတွေကို ပြောင်းလဲလာအောင် အမျိုးသမီးတွေအနေနဲ့ အခွင့်အရေးတွေ ပိုပြီးရရှိလာအောင် ဘယ်လိုလှုပ်ရှားမှုတွေကို အဓိက လုပ်ဆောင်နေသလဲ။

မဝေဝေနု ။ ။ ကျမအနေနဲ့ ပြောရမယ်ဆိုရင် ကျမအနေနဲ့ အမျိုးသမီးတွေရဲ့ power အင်အားကို ယုံကြည်တယ်။ အမျိုးသမီးတွေကို ယုံကြည်တယ်ဆိုတဲ့အခါကြတော့ ကျမတို့ လုပ်နေတာက အခုနပြောသလို အမျိုးသမီးတွေကို အသိပညာပေးမှုတွေ။ နောက်တခုက အမျိုးသမီးတွေကို အသိပညာပေးတဲ့အခါမှာဆိုရင် Justice for Women အနေနဲ့ဆိုရင် ဥပဒေပိုင်းဆိုင်ရာ အသိပညာပေးမှု။ လိင်ပိုင်ဆိုင်ရာ စော်ကားခံရတယ်ဆိုလို့ရှိရင် ဘယ်လိုမျိုး ဖြေရှင်းမလဲပေါ့။ ဘယ်လိုဆိုရင် လိင်ပိုင်ဆိုင်ရာ စော်ကားခံနေရတာလဲ။ နှုတ်ပိုင်ဆိုင်ရာ၊ ကိုယ်ထိလက်ရောက် စော်ကားခံရတာ၊ နှုတ်နဲ့ စော်ကားခံရတာ စသဖြင့် အဲဒီလိုဟာမျိုးတွေကိုလည်း အသိပေးတယ်။ နောက်ပြီးတော့ အဲဒီလို ဖြစ်လာရင် ဘယ်လိုမျိုး ဖြေရှင်းမလဲပေါ့ အဲဒီလိုမျိုးတွေလည်း အသိပေးတယ်။ နောက် အမျိုးသမီးအခွင့်အရေးဆိုတာ ဘာတွေလဲပေါ့။ အဲဒါမျိုးတွေလည်း ပြောပါတယ်။ နောက်ပြီးတော့ အမျိုးသမီးတွေအနေနဲ့ ကျမတို့ ပြန်ကြည့်မယ်ဆိုလို့ရှိရင် မြန်မာပြည်ထဲမှာ အမျိုးသမီးဖြစ်နေလို့ တရားမျှတမှုရရှိတဲ့ နေရာမှာ အားနည်းနေတာကို တွေ့ရတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေက တချို့အမျိုးသမီးတွေဆိုရင် ပြဿနာကြုံလာပြီဆိုရင် အမျိုးသမီးဖြစ်နေလို့ သွားမတိုင်ရဲဘူး။ ဥပမာ နည်းနည်း ရှက်စရာအမှုမျိုး၊ ရှက်စရာလို ယူဆတဲ့အမှုမျိုး၊ ဥပမာ လိင်ပိုင်ဆိုင်ရာ စော်ကားခံရမှုဆိုရင် သူတို့က ရှက်ပြီးတော့ မသွားတဲ့ဟာမျိုး။ ဒါမှမဟုတ် သူတို့က တစ်ယောက်တည်းသွားရမှာ ကြောက်လို့မသွားတဲ့ဟာမျိုး။ မသွားဘူးဆိုတာ တိုင်းဖို့တန်ဖို့ တရားစွဲဖို့ အားနည်းနေတာ။ နောက်တခါ အခုန မိသားစုမှာ ကိုယ်က influence လုပ်ခံလို့။ ဥပမာ ယောကျ်ားနဲ့ မိန်းမ ပြဿနာဖြစ်တယ်ဆိုရင်တောင် ယောကျ်ားကို ကြောက်ရလို့။ ဒါမှမဟုတ် ပတ်ဝန်းကျင်ကို ကြောက်ရလို့ သွားမတိုင်တဲ့ဟာမျိုးတွေ အမျိုးသမီးဖြစ်နေလို့ တရားမျှတမှု ရရှိမှုမှာ အားနည်းနေတဲ့ဟာတွေကို ကျမတို့ အမျိုးသမီးတွေကို ဥပဒေပိုင်းဆိုင်ရာ ပညာပေးမှု ဘယ်လို channel တွေက သွားလိုရလဲပေါ့။

မခင်ဖြူထွေး ။ ။ ပညာပေးမှုအပြင် လိုက်ပါကူညီဆောင်ရွက်ပေးတာမျိုးတွေ ရှိပါသလား။

မဝေဝေနု ။ ။ ရှိပါတယ်။ ကျမတို့ဆီမှာ Justice for Women ဆိုရင် ရှေ့နေအမတွေနဲ့ ထောင်ထားတာ။ ဒီ ရှေ့နေအမတွေက အရမ်းတော်တယ်။ Free Legal Consultation လိုဟာမျိုးတွေ ပေးပါတယ်။ နောက်ပိုင်းကျရင် Legal Aid အထိပေးဖို့ တရားရေးဆိုင်ရာအကြံဉာဏ် အခမဲ့ ပေးတာမျိုး၊ ဝန်ဆောင်မှု အခမဲ့ပေးတာမျိုးအထိ လုပ်နိုင်ဖို့ ကြိုးစားနေတယ်။ လောလောဆယ်တော့ တရားရေးဆိုင်ရာ ဝန်ဆောင်မှု အခမဲ့ ပေးနေပါတယ်။ နောက်တခုကျတော့ အခုန Women Peace Network ကနေ အထူးသဖြင့်ကတော့ အမျိုးသမီးတွေကို Social Activists တွေ ဖြစ်လာအောင်၊ Political Activists တွေ ဖြစ်လာအောင် Empowerment လုပ်ပေးတယ်။ Capacity ပိုင်း။

မခင်ဖြူထွေး ။ ။ နိုင်ငံရေး၊ လှုမှုရေးအပိုင်းမှာ တက်တက်ကြွကြွ ပါဝင်လာအောင်။

မဝေဝေနု ။ ။ နိုင်ငံရေး၊ လူမှုရေးအပိုင်းမှာ တက်တက်ကြွကြွ ပါလာအောင် စွမ်းရည်မြှင့်တင်မှုတွေ အသိပညာပေးမှုတွေ လုပ်ပေးပါတယ်။ လုပ်ပေးတဲ့အခါ ကျမတို့ ရည်ရွယ်ချက်က ဘာလဲဆိုတော့ အမျိုးသမီးတွေဟာ နိုင်ငံရေး - အခုနပြောတဲ့အထဲမှာ အမျိုးသမီးတွေကို ယုံကြည်တယ်အခါမှာ အမျိးသမီးတွေက ပိုပြီးတော့ ငြိမ်းချမ်းချင်ကြတယ်။ ပိုပြီးတော့ ကိုယ့်ရဲ့ မိသားစုဘဝ သာယာမှုကို လိုချင်ကြတယ်။ ကိုယ့်ရဲ့ သားသမီးတွေကို ကျောင်းကောင်းကောင်း တက်ရတာမျိုး။ ဥပမာ အမေတွေဆိုရင် သားသမီးတွေ အစားအစာ ပိုပြီး ဝဝလင်လင် စားရတာမျိုး၊ ခလေးတွေနဲ့ ပိုပြီးတော့ in touch ပိုရှိတဲ့အခါကြတော့ ပိုပြီးတော့ အလေးထားတယ်။ ဆိုတဲ့အခါကြတော့ သူတို့က ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်မှုကို လိုချင်တယ်။ ငြိမ်းချမ်းတဲ့ တိုင်းပြည်လည်း လိုချင်တယ်။ ကျမတို့ ရည်မှန်းတာ ဘာလဲဆိုတော့ အခုနလို အမျိုးသမီးတွေကို ပညာပေးပြီးတော့၊ စွမ်းရည်မြှင့်တင်မှုတွေ လုပ်ပေးပြီးတော့ ဒီ activities ထဲမှာ ပါလာတယ်ဆိုရင်တော့ ကျမတို့ တိုင်းပြည်အပြောင်းအလဲကာလမှာ အထောက်အကူ ဖြစ်မယ်ပေါ့။ နောက်တခုက ကျမက ရခိုင်ပြည်ကဆိုတော့ ရခိုင်ပြည်မှာရှိတဲ့ ကျမတို့ အမျိုးသမီးတွေက အများကြီးနှိမ့်ကျနေသေးတယ်။ အဲဒီဖက်က အမျိုးသမီးတွေကို စွမ်းရည်မြှင့်တင်ပေးခြင်းအားဖြင့် ရခိုင်ပြည်မှာရှိတဲ့ ကွန်မြူနီတီတစ်ခု လူ့အဖွဲ့အစည်းနှစ်ခုကို အတူတကွ လက်တွဲလုပ်ဆောင်နိုင်ပြီးတော့ ယုံကြည်မှုတည်ဆောက်ပြီးတော့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ကိုလည်း ယုံကြည်ပါတယ်။

မခင်ဖြူထွေး ။ ။ အခုလိုမျိုး လှုပ်ရှားတဲ့အခါမှာ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ ရှိရင်လည်း ပြောပြပါအုံး။ ကိုယ်က အမျိုးသမီးအရေး လှုပ်ရှားနေသူ ဖြစ်နေတာ၊ ပြီးတော့ ကိုယ်က လူနည်းစုအသိုင်းအဝိုင်း ပုံစံမျိုးက လာတဲ့လူ ဖြစ်တဲ့အခါကြတော့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေက ပိုပြီးတော့ များသလား။ ဒါမှမဟုတ် လှုပ်ရှားရတဲ့အပိုင်းမှာ အခက်အခဲတွေ၊ ဘာတွေ အဓိက ကြုံတွေ့နေရသလဲ။

မဝေဝေနု ။ ။ အဓိက အခက်အခဲကတော့ ပြောရမယ်ဆိုလို့ရှိရင်တော့ ရှိပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ အမျိုးသမီးဖြစ်နေတဲ့အတွက်ကြောင့်မို့ ကိုယ်ရဲ့စကားက တခါတလေ သိပ်ပြီးတော့ အလေးပေးမခံရတာမျိုး။ တခါတလေ အမျိုးသမီးလည်းဖြစ်တယ်။ ငယ်လည်းငယ်တော့ သိပ်ပြီးတော့ အလေးထားမခံရဘူးဟာမျိုးတွေ အဲဒါမျိုးတွေ တွေ့ရတယ်။ Respect တို့၊ Reorganization အသိအမှတ်ပြုခံရတဲ့ အပိုင်းတွေမှာ နည်းတာမျိုးတို့ တွေ့ရတယ်။ ဒါပေမဲ့ ကျမတော့ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသမီးတွေဟာ အရည်အချင်းရှိရင် သူ့နေရာနဲ့သူ တနေ့ရောက်မယ်လို့ ယုံကြည်တယ်။ အဲဒါကတော့ ကျမတို့ Culture concept တစ်ခုလို ဖြစ်နေတာပေါ့။ အမျိုးသမီးတွေ သေချာပါတယ်။ တန်းဖိုးထားကြတာ ဟုတ်တယ်။ ဒါပေမဲ့ တကယ့် decision level ရောက်တဲ့အခါကြရင် အမျိုးသမီးတွေကို သိပ်ပြီးတော့ ဦးစားပေးမခံရဘူး။ သိပ်ပြီး Respect လုပ်မခံရဘူးလို့ ခံစားမိတယ်။ အခုဆိုရင် ကျမတို့ဆီမှာ ထိန်းမြားလက်ထပ်ခွင့် ဥပဒေ Interfaith Marriage Law ဆိုတဲ့ဟာ ဗုဒ္ဓဘာသာအမျိုးသမီးတွေနဲ့ သက်ဆိုင်တဲ့ ထိန်းမြားလက်ထပ်ခွင့်ဥပဒေကို propose လုပ်လာတဲ့အခါကြတော့ အမျိုးသမီးခေါင်းဆောင်တချို့ အမျိုးသမီးရေး လှုပ်ရှားသူတွေက ပူးပေါင်းပြီးတော့ ဒီဟာက မဖြစ်သင့်ပါဘူး။ အမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာတွေကို စော်ကားခံရတဲ့ဟာမျိုးတွေ ဖြစ်တယ်လို့ ပြောလာတဲ့အခါမှာ အဲဒီအမျိုးသမီး ခေါင်းဆောင်တွေကို ခြိမ်းခြောက်တဲ့ဟာမျိုးတွေ၊ စော်ကားတဲ့ဟာမျိုးတွေ အဲဒီလိုမျိုးတွေ ကြုံရတယ်။ လုံခြုံမှုသိပ်မရှိဘူး မရကြဘူးလို့ ထင်တယ်။

မခင်ဖြူထွေး ။ ။ အမျိုးသမီးအရေး လှုပ်ရှားတက်ကြွသူတစ်ယောက်အနေနဲ့ အခုလက်ရှိ ကိုယ်လှုပ်ရှားဖြတ်သန်းခဲ့မှုအရ မြန်မာနိုင်ငံမှာ အမျိုးသမီးအခွင့်အရေးတွေက သိပ်မကြာခင်မှာ ပိုပြီးတော့ ဒီထက်ပိုပြီး ကောင်းမွန်လာမယ်လို့ မျှော်လင့်သလား။ သိပ်မကြာခင်ကာလတစ်ခုအတွက် အမျိုးသမီးအခွင့်အရေး ပတ်သက်ပြီးတော့ ဘယ်လောက်အထိ မျှော်လင့်ထားသလဲ။

မဝေဝေနု ။ ။ ကျမကတော့ မျှော်လင့်ပါတယ်။ အများကြီးမျှော်လင့်တယ်။ ဘယ်လို မျှော်လင့်သလဲဆိုရင် ကျမတို့မှာ အခုဆိုရင် အမျိုးသမီးနဲ့ ပတ်သက်ပြီး နားလည်းလာတဲ့လူတွေ အရမ်းများလာတယ်။ နောက်တခါ အမျိုးသမီးတွေကိုယ်၌က တက်ကြွလှုပ်ရှား ပါဝင်လာတာကို တွေ့ရတယ်။ နောက်တခုက အမျိုးသမီးအဖွဲ့အစည်းတွေလည်း အများကြီး ပေါ်လာတယ်။ အမျိုးသမီးခေါင်းဆောင်တွေလည်း တကယ့်ကို မှန်ကန်တဲ့ value တွေနဲ့ ရှေ့တိုးလာတဲ့ ခေါင်းဆောင်တွေလည်း အများကြီးပေါ်လာတဲ့အခါကြတော့ ကျမ ယုံကြည်ပါတယ် ကျမတို့ အမျိုးသမီးတွေ ပိုပြီးတော့ နေရာရလာမယ်။ လေးစားခံရမယ်။ အခွင့်အရေးတွေ ပိုရလာမယ်။ အခုနလိုမျိုး လိင်ပိုင်ဆိုင်ရာ စော်ကားမှုတွေ၊ ပညာရေးတွေမှာ တိုးတက်လာမယ်။ နောက် နိုင်ငံရေးမှာ ပိုပြီး ပါဝင်ခွင့်တွေ ရလာမယ်လို့ အဲဒီလို မြင်ပါတယ်။ ကျမတို့လည်း အမျိုးသမီးခေါင်းဆောင်တစ်ယောက် လိုအပ်တယ်လို့ ကျမတို့နိုင်ငံမှာ ယုံကြည်နေတယ်။ အဲဒီလို ဖြစ်လာဖို့ အရမ်းကို မျှော်လင့်ပါတယ်။

မခင်ဖြူထွေး ။ ။ အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

မဝေဝေနု ။ ။ ကျေးဇူးတင်ပါတယ် အမ။

XS
SM
MD
LG