သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးဌာနတွေ စောင့်ကြည့်ရေး လွှတ်တော်လုပ်ပိုင်ခွင့် လမ်းညွှန်ချက်ထုတ်


ပြည်သူ့လွှတ်တော်။
ပြည်သူ့လွှတ်တော်။
လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်အခန်းကဏ္ဍနဲ့ စောင့်ကြည့်လေ့လာခြင်း ဆိုတဲ့ လုပ်ငန်းစဉ်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေ ပိုသိရှိနိုင်အောင် လွှတ်တော်နာယက က လမ်းညွှန်ချက် ဖြန့်ဝေထားပါတယ်။ ဒီလမ်းညွှန်ချက်နဲ့ ပတ်သက်လို့ လွှတ်တော်တွင်း အမြင်ကွဲပြားမှုတွေလည်း ရှိနေပါတယ်။ ပြည်သူ့ လွှတ်တော်အမတ်တချို့ကတော့ လွှတ်တော်ရဲ့လုပ်ပိုင်ခွင့်တွေမှာ အခက်အခဲတွေ၊ အားနည်းမှုတွေ ရှိနေတယ်လို့ ပြောဆိုတာရှိပြီး အမျိုးသားလွှတ်တော်အမတ်တချို့ ကတော့ ဝန်ကြီးဌာနတွေကို ကြားနာစစ်ဆေးမှုတွေမှာ ထိရောက်မှုရှိပါတယ်လို့ ဆိုပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။

လွှတ်တော်ရဲ့လုပ်ပိုင်ခွင့်နဲ့ပတ်သက်ပြီး လွှတ်တော်နာယကကနေ လွှတ်တော် ကိုယ်စားလှယ်တွေ လေ့လာသိရှိနိုင်ဖို့ လွှတ်တော်ရဲ့ အဓိက အခန်းကဏ္ဍနဲ့ အုပ်ချုပ်ရေးကို စောင့်ကြည့် လေ့လာခြင်းလုပ်ငန်းစဉ်တွေကို ဇူလိုင်လ ၂၉ ရက်နေ့က ဖြန့်ဝေခဲ့ပါတယ်။ လွှတ်တော်အနေနဲ့ အစိုးရအဖွဲ့ကို စောင့်ကြည့်လေ့ လာနိုင်တဲ့ လုပ်ပိုင်ခွင့် အပြည့်ရှိတယ်ဆိုတာ သိရှိနားလည်နိုင်အောင်ဖြစ်တယ် လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ဗွီအိုအေကိုပြောပါတယ်။

“လွှတ်တော်တွေဟာ ပြည်သူလူထုရဲ့ ကိုယ်စားလှယ်တွေ ဖြစ်တဲ့အတွက် အုပ်ချုပ်ရေးကဏ္ဍက ၎င်းတို့ရဲ့ အုပ်ချုပ်ရေးတာဝန်တွေကို တာဝန်ခံဖို့၊ လွှတ်တော်က ပြဌာန်းလိုက်တဲ့ ဘတ်ဂျက်ဥပဒေတွေနဲ့အညီ မူဝါဒတွေကို ထိထိရောက်ရောက် အကောင်အထည်ဖော် မဖော် ဆိုတဲ့ ဟာတွေကို စောင့်ကြည့်ဖို့ ဆိုတာဟာ အဓိက နည်းလမ်းတခုဖြစ်တယ် ဆိုတာကို ရေးထားတာပါပဲ။ ကျနော်တို့ လွှတ်တော်ကနေပြီးတော့ အစိုးရအဖွဲ့ကို ဘယ်လို ထိထိရောက်ရောက် စောင့်ကြည့်လေ့လာနိုင်တယ်ဆိုတဲ့ နည်းလမ်းတွေကိုတော့ အသေးစိတ် ရေးထားပါတယ်။”

လွှတ်တော်အနေနဲ့ အစိုးရအဖွဲ့အပေါ် စောင့်ကြည့်လေ့လာခြင်းနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက်တွေ ရှိတဲ့အတွက် ထိထိရောက်ရောက် လုပ်ပိုင်ခွင့် အပြည့်အဝမရသေးဘူးလို့ ဦးရဲထွန်းက ဆက်ပြောပါတယ်။

“ကျနော်တို့လွှတ်တော်ဟာ အခု ၂ နှစ်ခွဲကြာလာတဲ့အခါမှာ ထိထိရောက်ရောက် အစိုးရအဖွဲ့အပေါ်မှာ တင်းကျပ်တာ၊ ထိန်းကျောင်းတာ မလုပ်နိုင်ဘူးလို့ ကျနော်တို့ ခံစားရပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အားနည်းချက်ကြောင့် လည်း ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာက ကျနော်တို့ ကော်မတီတွေကို ဖွဲ့တယ်ဆိုရင်လည်း ကိစ္စတရပ်ရပ်ကို လေ့လာသုံးသပ်ရန် ဆိုတဲ့ တာဝန် တခုကလွဲလို့ ဒီလို အစိုးရအဖွဲ့အပေါ်မှာ ထိန်းကျောင်းတဲ့ကိစ္စတွေကို များများစားစား ပြည့်ပြည့်စုံစုံ ဖော်ပြမထားပါဘူး။”

လွှတ်တော်အနေနဲ့ လေ့လာစောင့်ကြည့်ရေးလုပ်ငန်းတွေမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ လုပ်ဆောင်ချက်တွေကို ရှင်းလင်း ခေါ်ယူမေးမြန်း ကြားနာစစ်ဆေးမှုကို လွှတ်တော်ရေးရာကော်မတီတွေက လုပ်ဆောင်နေကြတာ ထိရောက်မှုရှိပါတယ်လို့ သတ္တုနဲ့သယံဇာတရေးရာကော်မတီ အတွင်းရေးမှူး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကလည်းပြောပါတယ်။

“လွှတ်တော်မှာ မေးခွန်းတွေ၊ အဆိုတွေ မမေးဘဲနဲ့ ပထမဦးဆုံး ကြားနာပါ။ ကြားနာပြီးမှ ကော်မတီအလိုက် ဆိုင်ရာဆိုင်ရာ သတ္ထု ဆိုရင်၊ သတ္ထုတွင်း ဝန်ကြီးဌာန ခေါ်ပေါ့။ စွမ်းအင်ဆိုရင် စွမ်းအင်ဝန်ကြီးဌာနကိုခေါ်ပြီးတော့ ကြားနာပေါ့။ ကြားနာပြီးတော့မှ သူတို့ရဲ့ အောက်ခြေမှာ ဘယ်လိုဖြစ်နေလဲ၊ အပေါ်မှာ ဘယ်လိုဖြစ်နေလဲ ဒါတွေကို rule and regulation က ဘယ်လိုရှိလဲ၊ ဒါတွေကို လေ့လာတယ်။ လေ့လာပြီးတော့မှ စာတစောင်တက်လာတယ် ဆိုရင် ဒေသခံပြည်သူတွေက ဒါတွေပြောတယ်။ ခင်ဗျားတို့ အဲဒါတွေကို ဘယ်လိုလုပ်လဲ။ ဒီလို ကြားနာပွဲကတော့ ကျနော်တို့ဆိုလည်း သတ္ထုကော်မတီဆိုလည်း ကြားနာပွဲက ဆက်တိုက် ၃ ကြိမ်လုပ်တယ်ဗျာ။ အဲဒါက တော်တော်ထိရောက်တယ်။ လွှတ်တော်ထဲမှာ မေးခွန်းမေးတာ အဆိုတင်တာထက် ပိုထိရောက်တယ်။”

လွှတ်တော်အနေနဲ့ ဝန်ကြီးဌာနတွေရဲ့ ဘက်ဂျက်ကိစ္စ၊ လေ့လာစုံစမ်းရန်ကိစ္စနဲ့ ပတ်သက်လို့ ကြားနာစစ်ဆေးဖို့ ဝန်ကြီးတွေကို မေးခွန်းထုတ်ပိုင်ခွင့်ပေး ထားပေမဲ့ ဝန်ကြီးအဆင့်အထိ လာရောက်ခြင်းမရှိတဲ့အတွက် အခက်အခဲဖြစ်ရ တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ထောက်ပြပါတယ်။

“လေ့လာစုံစမ်းရန်ကိစ္စတွေနဲ့ပတ်သက်လို့ ဝန်ကြီးတွေကို ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေကို မေးမြန်းနိုင်တယ်လို့ အဲဒီလိုတော့ ပါ ပါတယ်။ အခု ပင့်လိုက် ဖိတ်လိုက်တဲ့အခါမှာ ဝန်ကြီးအဆင့်တွေက မလာဘူးဗျ။ သူတို့ ဒုဝန်ကြီးအဆင့်လောက်ပဲ လာပါတယ်။ နောက်ပြီးတော့ သူတို့အောက်က ညွှန်ချုပ်တွေ ညွှန်မှူးတွေပဲ လာပါတယ်။ တခါ တခါ ညွှန်ချုပ်တွေ ညွှန်မှူးတွေက ဆုံးဖြတ်ပိုင်ခွင့် အာဏာမရှိတဲ့အခါကျတော့ အလုပ် လုပ်ရတာ အဆင်မပြေပါဘူး။”

လွှတ်တော်ရဲ့ ရေးရာကော်မတီတွေအနေနဲ့ ဝန်ကြီးဌာနတွေနဲ့ တိုက်ရိုက်ကြားနာစစ်ဆေးမှုတွေ လုပ်နိုင်တဲ့အတွက်တော့ ရှင်းလင်းချက်တွေမှာ ထိရောက်မှု ရှိလို့ လွှတ်တော်အတွက်ရော ဝန်ကြီးဌာနအတွက်ပါ အကျိုးရှိပါတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ဆိုပါတယ်။

“ကျနော်တို့ ကြားနာပွဲမှာတော့ ဒီနေ့ ဒီအချိန်အထိ ဒုဝန်ကြီးအထိတော့ လာတယ်ဗျ။ များသောအားဖြင့် ညွှန်ချုပ်တွေလွှတ်လိုက်တယ်။ ညွှန်ချုပ်တွေနဲ့ ပြောရတာ ပိုကောင်းတယ်။ ညွှန်ချုပ်တွေက ဒီဌာနတွေမှာ ကြာကြာနေထားတာ ဆိုတော့ သူတို့နဲ့ ဆွေးနွေးရတာ ပိုကောင်းတယ်။ ဝန်ကြီးဆိုတာက ခုမှ လတ်တလော ပြောင်းရတာဆိုတော့ သူတို့နဲ့ ဆွေးနွေးရတာ သိပ်မကောင်းဘူး။ ညွှန်ချုပ်တွေနဲ့ ဆွေးနွေးရတာ ပိုကောင်းတယ်။ ကျနော်တို့ကလည်း ကြိုက်တယ်။ ညွှန်ချုပ်တွေကလည်း ကြိုက်တယ်။ ပြီးရင် အလုပ်ဖြစ်တယ်ဗျ။ နိုင်ငံတော်အတွက် တော်တော် အလုပ်ဖြစ်တယ်။ ဒီလူတွေ အတွက်လည်း အကျိုးရှိတယ်။”

လွှတ်တော်အနေနဲ့ အစိုးရကို စောင့်ကြည့်လေ့လာခြင်းအပြင် လွှတ်တော်ရဲ့ ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ မူဝါဒတွေကို ထိရောက်အောင် အကောင်အထည် ဖော်နိုင်ရေး၊ အုပ်ချုပ်ရေးကဏ္ဍနဲ့ပတ်သက်ပြီး ထင်သာမြင်သာမှုရှိပြီး တရားဥပဒေစိုးမိုးအောင် အာဏာအလွဲသုံးစားမှုတွေ အပါအဝင် နည်းလမ်းမကျတဲ့ အမူအကျင့်တွေနဲ့ အခြေခံဥပဒေနဲ့ မကိုက်ညီတဲ့ဆောင်ရွက်ချက်တွေကို နိုင်ငံသားတွေရဲ့ ကိုယ်စား လွှတ်တော်က စောင့်ကြည့်လေ့လာမှုတွေရှိရမယ်ဆိုတဲ့ လုပ်ပိုင်ခွင့်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေ ပိုသိရှိနားလည်အောင် လုပ်ဆောင်နေ တာဖြစ်တယ်လို့ လွှတ်တော်နာယက က ညွှန်ကြားထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG