သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ကက်သလစ်ဘုန်းတော်ကြီး အချိုးအစား အများဆုံး


ကက်သလစ်ဘာသာဝင် နိုင်ငံသား အရေအတွက်နဲ့ ခရစ်ယာန်ဘုန်းတော်ကြီး အချိုးအစားကိုကြည့်ရင် ဘုန်းတော်ကြီး အရေအတွက် အများဆုံးဟာ မြန်မာနိုင်ငံ ဖြစ်တာ တွေ့ရတယ်လို့ Georgetown တက္ကသိုလ် သုတေသနတရပ်မှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ကက်သလစ် ဘာသာဝင်ဦးရေဟာ နိုင်ငံ့လူဦးရေရဲ့ ၁ ရာခိုင်နှုန်း အရေအတွက်အားဖြင့် ၇ သိန်းခွဲသာရှိပေမယ့် ပြီးခဲ့တဲ့ တနှစ်ထဲမှာ ကက်သလစ် ဘုန်းတော်ကြီးအဖြစ် သိက္ခာတင်ပေးသူ ၈၃ ပါး ဖြစ်ပြီး ဘယ်လ်ဂျီယန်မှာတောင် ၁၉ ပါးသာရှိခဲ့ကြောင်း The Brussels Times သတင်းစာမှာ ရေးထားပါတယ်။

ကမ္ဘာပေါ်က ကက်သလစ် ဘုန်းကြီးအသစ် အချိုးအများဆုံး တိုင်းပြည်ထဲမှာတော့ ထိုင်းနိုင်ငံက ဒုတိယလိုက်ပြီး တိုဂို၊ ဗီယက်နမ်နဲ့ ဘင်္ဂလားဒေ့ရှ်တို့က နောက်က လိုက်ပါတယ်။

အာရှနိုင်ငံတွေက လူဦးရေ ၃ ရာခိုင်နှုန်းသာ ကက်သလစ်ဘာသာဝင်တွေဖြစ်ကြပြီး အာရှ ၄၈ နိုင်ငံထဲမှာ ဖိလစ်ပိုင်နဲ့ အရှေ့တီမော ၂ နိုင်ငံပဲ ကက်သလစ် ဘာသာဝင် အများစုနိုင်ငံတွေဖြစ်ပါတယ်။ ဒါပေမဲ့ နောင်မှာ အခြေအနေပြောင်းလဲပြီး ခရစ်ယာန်အသင်းတော်ရဲ့အနာဂတ်ဟာ အာရှတိုက်ထဲမှာရှိတယ်ဆိုတာ ထင်ရှားကြောင်း ဖိလစ်ပိုင် ကက်သလစ် ကာဒီနယ် ဘုန်းတော်ကြီး Luis Antonio Tagle က ပုပ်ရဟန်းမင်းကြီးကို တင်ပြခဲ့ပါတယ်။

ကက်သလစ် ပမာဏ အတော်အတန် များတဲ့ အိန္ဒိယနဲ့ တောင်ကိုရီးယားလို နိုင်ငံတွေကလည်း သာသာနာပြုအဖွဲ့တွေ စေလွှတ်နေတာပါ။

ကက်သလစ်ဘာသာဝင် စစ်တမ်းအရဆိုရင် နိုင်ငံပေါင်း ၁၀၈ နိုင်ငံအနက် ခရစ်ယာန် ဘုန်းတော်ကြီးပမာဏ အချိုးအစား အများဆုံးနိုင်ငံတွေစာရင်းမှာ အမေရိကန်ပြည်ထောင်စုဟာ နံပါတ် ၅၀ မှာရှိနေပြီး ၄၉ က ဗြိတိန် ဖြစ်ပါတယ်။

စပိန်က ၇၃၊ ဂျာမနီက ၇၅၊ အိုင်ယာလန် ၇၈၊ အင်ဂျင်တီးနားက ၉၈ နဲ့ ပြင်သစ်က ၉၉ နေရာတွေမှာ ရှိကြတယ် လို့ The Brussels Times မှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG