သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြစ်ဆုံစီမံကိန်း ပြန်မစဖို့ ကက်သလစ် Cardinal Charles Bo တိုက်တွန်း


ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ်ဘို

ကချင်ပြည်နယ် မြစ်ဆုံဒေသမှာ တည်ဆောက်မယ့် အငြင်းပွါးဖွယ် ရေအားလျှပ်စစ် စီမံကိန်းနဲ့ ပတ်သက်ပြီး ရှေ့ဆက်မတိုးပဲ ရပ်ဆိုင်းပစ်ဖို့ ကက်သလစ်ခရစ်ယန် ရဟန်းအမတ် Cardinal Charles Bo က ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံရဲ့ မိခင်ကြီးဖြစ်သလို အင်အားကြီးသူတွေရဲ့ လောဘကြောင့် ဒီမြစ်ကြောင်း အန္တရာယ်ကျရောက်မှာကို မလိုလားဘူးလို့ ပြောကြားလိုက်တာပါ။ စိုက်ပျိုးရေးနဲ့ အဓိက အသက်မွေးတဲ့ မြန်မာနိုင်ငံမှာ ဧရာဝတီမြစ်ကြောင်း တလျှောက် နေထိုင်ကြသူက နိုင်ငံ့လူဦးရေရဲ့ ၈၀ % ရှိနေတာဖြစ်ပြီး သူတို့တွေဟာ လယ်ယာနဲ့ အသက်မွေးကြသူတွေ ဖြစ်ကြောင်းနဲ့ မြန်မာလူထုရဲ့ ရှင်သန်မှုဟာ ဒီမြစ်ကြီးကို မှီခိုနေရတာ ကြောင့် မထိခိုက်စေချင်ဘူးလို့ ပြောပါတယ်။ ဒီစီမံကိန်းကြောင့် မြစ်ဆုံဒေသမှာ စတုရန်မိုင် ၂၀၀ လောက် ရေလွှမ်းသွားမှာ ဖြစ်သလို ဒီစီမံကိန်းက ရတဲ့ လျှပ်စစ်အားလုံးရဲ့ ၉၀ % ဟာလည်း တရုတ်နိုင်ငံကို ပေးရမှာ ဖြစ်ပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးသောင်းထွန်းကလည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေရဲ့ ကန့်ကွက်မှုတွေ ကြုံနေရတဲ့ မြစ်ဆုံရေကာတာ စီမံကိန်းကို အရွယ်အစား လျှော့ချတာ၊ ဒါမှမဟုတ် နေရာပြောင်းတာ ဒါမှမဟုတ် တရုတ်နိုင်ငံကို တခြားစီမံကိန်းတခု အစားထိုးပေးအပ်တာ အပါအ၀င် ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းတွေကို စဉ်းစားနေတယ်လို့ နေပြည်တော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အရင်သမ္မတဦးသိန်းစိန် လက်ထက် ၂၀၁၁ ခုနှစ်ကတည်းက ဆိုင်းငံ့ထားခဲ့တဲ့ဒေါ်လာ ၃.၆ ဘီလီယံ တန်ဘိုးရှိတဲ့ စီမံကိန်းကို အစီအစဉ်အတိုင်း ပြန်စနိုင်ဖို့ တရုတ်နိုင်ငံဘက်က ဖိအားပေး ပြောဆိုမှုတွေ ထွက်ပေါ်လာပြီးနောက်မှာပဲ မြန်မာဘက်က အခုလို တုန့်ပြန်ခဲ့တာပါ။

ပတ်ဝန်းကျင်ရေး လှုပ်ရှားသူတွေကတော့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုအသိုင်းအ၀န်းကို ထိခိုက်မှု ကြီးမားနိုင်တာကြောင့် စီမံကိန်းကို ဆက်မလုပ်ဖို့ လိုလားနေကြပါတယ်။ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းနဲ့ ပတ်သက်လို့ ၀န်ကြီး ဦးသောင်းထွန်းရဲ့ ပြောဆိုချက်ကို တရုတ်နိုင်ငံခြားရေးဌာနက လတ်တလော တုန့်ပြန် ပြောဆိုတာမရှိသေးပေမယ့် စီမံကိန်းနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ထားကြောင်း အစောပိုင်းမှာ ပြောဆိုထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG