သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနိမ့်ဆုံး တနေ့စာလုပ်အားခ ကျပ် ၄၈၀၀ သတ်မှတ်


အနိမ့်ဆုံးလုပ်ခ သတ်မှတ်ရေးအတွက် လှိုင်သာယာ စက်မှုဇုံမှ ဝန်ထမ်းများ ၂၀၁၅ ခု၊ ဇူလိုင်လ ၁၂ ရက်နေ့က ဆန္ဒဖော်ထုတ်ကြစဉ်။
အနိမ့်ဆုံးလုပ်ခ သတ်မှတ်ရေးအတွက် လှိုင်သာယာ စက်မှုဇုံမှ ဝန်ထမ်းများ ၂၀၁၅ ခု၊ ဇူလိုင်လ ၁၂ ရက်နေ့က ဆန္ဒဖော်ထုတ်ကြစဉ်။

အလုပ်သမား ၁၀ ဦးနဲ့အထက်ရှိတဲ့ မြန်မာတစ်နိုင်ငံလုံးက မည်သည့်လုပ်ငန်းခွင်မဆို အလုပ်သမားတစ်ဦးကို အနည်းဆုံး လုပ်ခလစာ ငွေကျပ် ၄,၈၀၀ သတ်မှတ်ပေးဖို့ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ဒီကနေ့ ဆုံးဖြတ် လိုက်ပါတယ်။ တစ်ရက်လုပ်ခ ၅,၆၀၀ အနည်းဆုံးရရှိရေး အလုပ်သမားတွေ ကြိုးပမ်း ခဲ့ကြပေမယ့် အလုပ်ရှင်တွေဖက်က သဘောမတူတာမို့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ ပညာရှင်တွေ ပါဝင်တဲ့ ကော်မတီအစည်းအဝေး ကနေ ညှိုနှိုင်း သဘောတူခဲ့ကြတာပါ။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုစည်သူ သတင်း ပေးပို့ထားပါတယ်။

နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီရဲ့ ငါးကြိမ်မြောက် အစည်းအဝေးကနေ တစ်ရက်လုပ်ခလစာ အနည်းဆုံး ငွေကျပ် ၄,၈၀၀ သတ်မှတ်ပေးခဲ့တယ်လို့ ကော်မတီအစည်းအေ၀ းတက်ရောက်ခဲ့တဲ့ အလုပ်သမားကိုယ်စားလှယ် ကိုနော်အောင်က အခုလို အတည်ပြုပါတယ်။

"အစည်းအဝေးဆုံးဖြတ်ချက်ကတော့ နှစ်ချက်ပါ။ ဆယ်ဦးနဲ့အထက် လုပ်ငန်းတွေ အကုန်လုံး အကျုံးဝင်တယ်ပေါ့ဗျာ။ ဒုတိယအချက်က တစ်နေ့လုပ်ခလစာ ဒီနှစ်ခု ဆုံးဖြတ်တာပါခင်ဗျ"

အစည်းအဝေးကို အစိုးရဖက်က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက်ခဲ့ပြီးတော့ အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေအကြား ညှိုနှိုင်း ဆွေးနွေးပေးခဲ့တာပါ။ အလုပ်သမားတွေဘက်က ငွေကျပ် ၅,၆၀၀ ကနေ ၆,၆၀၀ ကြားတောင်းဆိုခဲ့ပြီးတော့ အလုပ်ရှင်တွေဘက်က ၄,၀၀၀ နဲ့ ၄,၈၀၀ ကြားပေးနိုင်ဖို့ အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြတဲ့ ရလာဒ်အဖြစ် တစ်နေ့ အနည်းဆုံးလုပ်ခလစာ ၄,၈၀၀ ကျပ် သတ်မှတ်ခဲ့တာပါ။

အလုပ်သမားတွေ တောင်းဆိုသလို တစ်ရက်အနည်းဆုံး လုပ်ခလစာ ၅,၆၀၀ မရတဲ့အပေါ် မကျေနပ်ပေမယ့် လက်ရှိနိုင်ငံရဲ့ စီးပွားရေး အခြေအနေတွေကြောင့် ညှိုနှိုင်းမှုကို လက်ခံလိုက်ရတာလို့ အလုပ်သမားကိုယ်စားလှယ် ကိုနော်အောင်က ပြောပါတယ်။

"၅,၆၀၀ မရတဲ့အပေါ်မှာတော့ ကျွန်တော်တို့ ပုဂ္ဂလိကအမြင်အနေနဲ့တော့ ကျေနပ်မှု မရှိဘူး ၊ အလုပ်ရှင် အလုပ်သမား အစိုးရ သုံးပွင့်ဆိုင်ရှိတယ်။ ကျွန်တော်တို့ Win Win ပေါ့ဗျာ။ အမှန်ကတော့ Win Win Win ပေါ့ဗျာ။"

ပညာရှင်အနေနဲ့ တက်ရောက်ခဲ့တဲ့ စီးပွားရေးပညာရှင် ခင်မောင်ညို(ဘောဂဗေဒ) ကတော့ ဒီရလာဒ်ဟာ အများစုအတွက် မျှတတဲ့ သဘောတူညီချက်ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

"သင့်တင့်မျှတတယ်လို့ ဆရာကတော့ ယူဆတယ်။ နှစ်ဖက်စလုံးကတော့ အတိုင်းအတာ တစ်ခုထိ အလျှော့ပေးကြတာပဲ ။ အလုပ်ရှင်ကလည်း အတိုင်းအတာ တစ်ခုထိ အလျှော့ ပေးတယ်။ အလုပ်သမားဖက်ကလည်း အလျှော့ပေးပြီးတော့မှ ဒီလိုဖြစ်လာတာ။ အများစု အတွက် သင့်တင့်မျှတတဲ့ နှုန်းထားဖြစ်မယ် အများစုလက်ခံနိုင်တဲ့ နှုန်းထားတစ်ခု ဖြစ်တယ်လို့မြင်ပါတယ်။"

၂၀၁၇ ခုနှစ်စက်တင်ဘာလတုန်းကလည်း အနည်းဆုံး လုပ်ခလစာကို ငွေကျပ် ၃,၆၀၀ အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ၃,၆၀၀ သတ်မှတ်ချက် နောက်ပိုင်း အလုပ်သမားတွေ လုပ်ခတိုးရပေမယ့် အခြားရပိုင်ခွင့်တွေ ဆုံးရုံးခဲ့တယ်ဆိုတဲ့ ဝေဖန်ချက်တွေကြောင့် အလုပ်ရှင်၊ အလုပ်သမားအကြား မပြေလည်မှုတွေလည်း ရှိခဲ့တာပါ။ အခုလို ၄,၈၀၀ သတ်မှတ်လိုက်ပေမယ့် အလုပ်သမားတွေအပေါ်မျှတတဲ့ ဆက်ဆံရေးနဲ့ လုပ်ခလစာ အပြည့်အဝရရေး စိုးရိမ်မိကြောင်း အလုပ်သမားရေး ဆောင်ရွက်နေတဲ့ အနာဂတ်အလင်းတန်းဆုံမှတ်အဖွဲ့က မသက်သက်အောင်က ပြောပါတယ်။

" ဒီနေ့ဒီအချိန် ၄,၈၀၀ သတ်မှတ်တယ်ဆိုလို့ရှိရင်လည်းပဲ ပေးကားပေးသော်မရလို အခြေအနေမျိုးကို အလုပ်သမားတွေ ရင်ဆိုင်ရတာမျိုး ဖြစ်လာနိုင်တယ်။ ဘာကြောင့်လည်းဆိုတော့ လူတစ်ယောက်ဟာ ထမင်းတနပ်စားရင် အနည်းဆုံး ၁,၀၀၀ ကုန်တယ်ပေါ့နော်။ စသဖြင့် ဒီလိုမျိုးကာလမှာ ၄,၈၀၀ ဆိုတဲ့နှုန်းထားက အလုပ်သမား တစ်ယောက်အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တယ်။ နောက်တစ်ခုက ၂၀၁၅ မှာဖြစ်ခဲ့သလို ၃,၆၀၀ သတ်မှတ်ပြီး ဘယ်လမ်းကြောင်းကနေ ပြန်ဖြတ်မလဲ ဆိုတဲ့ကိစ္စမျိုးကလည်းပဲ စိန်ခေါ်ချက် တစ်ခုဖြစ်နိုင်ပါတယ်။"

တစ်ရက်လုပ်ခ ငွေကျပ် ၄,၈၀၀ သတ်မှတ်လိုက်ပေမယ့် အလုပ်သမားထု တောင်းဆို ထားတဲ့ ငွေကျပ် ၅,၆၀၀ ထက်မနည်းရရှိရေး အနည်းဆုံးအခကြေးငွေနှင့် အလုပ်သမား အခွင့်အရေးပူးပေါင်း ဆောင်ရွက်ရေးကော်မတီကဆက်လက်လုပ်ဆောင်သွားမယ်လို့ ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မသက်သက်အောင်က ဆက်ပြောပါတယ်။

"၅,၆၀၀ ထက်မနည်းဆိုတဲ့ကိစ္စသည် ရန်ကုန်တိုင်း မန္တလေးတိုင်း စသဖြင့် အလုပ်သမားထုကနေပြီးတော့ပြီးခဲ့တဲ့နှစ်တွေမှာ တောင်းဆိုထားတာတွေ ရှိတယ်။ ဒါကလည်းပဲ အလုပ်သမားအများစုရဲ့အသံဖြစ်တယ်။ ဆိုတဲ့အခါကျတော့ ကျွန်မတို့အနေနဲ့ အားလုံးအစည်းအဝေးပြန်ထိုင်ပြီး အတည် ပြုပြီးရင်တော့ လှုပ်ရှားမှုတွေရှိလာမှာပါ။ ကျိန်းသေတာ ကျွန်မတို့အနေနဲ့ကတော့ ၅၆၀၀ ထက်မနည်းလုပ်ခရရှိရေးအတွက် ဆက်လက်ပြီးတော့ တိုက်တွန်းသွားမှာပါ။ "

အလုပ်ရှင်၊ အလုပ်သမားအကြား အနည်းဆုံး လုပ်ခလစာ ငွေကျပ် ၄,၈၀၀ သတ်မှတ်လိုက်ပေမယ့် ဥပဒေအရ အစိုးရအဖွဲ့ရဲ့ အတည်ပြုချက် ရယူရမှာမို့ ဒီကိစ္စကို အခု မတ်လမကုန်ခင်မှာ အတည်ပြုနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG