သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျဆုံးစစ်သည် Gold Star မြန်မာနွယ်ဖွားမိသားစု ဂုဏ်ပြုအမှတ်တရ


မြန်မာနွယ်ဖွား အမေရိကန်ကျဆုံးစစ်သည် တပ်ကြပ်လောင်း ဝေဖြိုးလွင်
မြန်မာနွယ်ဖွား အမေရိကန်ကျဆုံးစစ်သည် တပ်ကြပ်လောင်း ဝေဖြိုးလွင်

အမေရိကန်ပြည်ထောင်စုမှာ မေလ နောက်ဆုံးအပတ်မှာကျရောက်တဲ့ Memorial day အောက်မေ့ဖွယ်နေ့မှာ နိုင်ငံအတွက် အသက်ပေးဆပ်ခဲ့ကြတဲ့ စစ်မှုထမ်းတွေကို အမှတ်တရ ဂုဏ်ပြုခဲ့ကြသလို ကျဆုံးစစ်သည်တွေရဲ့ မိသားစုတွေကိုလည်း Gold Star Family ဆိုတဲ့ ရွှေကြယ်မိသားစုအဖြစ် သတ်မှတ်ဂုဏ်ပြုတဲ့ ဓလေ့ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လက်ရှိ Gold Star Family မိသားစုပေါင်း ၄၇၂၀၄၅ဦး အနည်းဆုံးရှိရာကနေ နယူးယောက်မြို့မှာ မြန်မာနွယ်ဖွား အမေရိကန်ဖြစ်တဲ့ ဦးသိန်းဇော်လွင်နဲ့ဒေါ်မေသီခတို့မိသားစုလည်း ပါဝင်ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြမှာပါ။

Gold Star ဆိုတဲ့ ရွှေကြယ်တံဆိပ်ကို ပထမကမ္ဘာစစ်က စလို့ နိုင်ငံ့အတွက် အသက်ပေးလှူခဲ့တဲ့ စစ်မှုထမ်းတွေရဲ့ ကျန်ရစ်သူမိသားစုရင်းချာ အဖေ၊ အမေ၊ မောင်နှမနဲ့ တခြားချစ်ခင်သူတွေကို အသိအမှတ်ပြုချီးမြှင့်တာ ဖြစ်ပါတယ်။ ဒီကျန်ရစ်သူမိသားစုတွေရဲ့ နိုင်ငံအတွက်ပေးဆပ်မှုဟာ တခြားမိသားစုတွေထက် ပိုကြီးမားတာကို လူ့အဖွဲ့အစည်းက သိရှိကြစေဖို့လည်း အမေရိကန် ကာကွယ်ရေးဌာန က ရည်ရွယ်တာဖြစ်ပါတယ်။

နယူးယောက်မြို့နေ သိန်းဇော်လွင်နဲ့ဒေါ်မေသီခတို့မိသားစုဟာ ၂၀၀၅ ခုနှစ်က မတ်လ ၂ ရက်နေ့က သားဖြစ်သူSpecialist ဝေဖြိုးလွင်အီရတ်စစ်ပွဲမှာ ကျဆုံးခဲ့ပြီးတဲ့နောက် Gold Star မိသားစုဝင်အဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

မိခင်ဖြစ်သူ ဒေါ်မေသီခ ကိုမေးကြည့်ခဲ့ပါတယ်။

“သားနာမည်က ဝေဖြိုးလွင်ပါ သူက Specialist အဆင့်နဲ့ နောက်ဆုံး ကျဆုံးသွားတာပါ။ သူရဲ့ တပ်ကတော့ inventory ပါ ။ first battalion နယူယောက် မှာပါ အဲဒီကနေသူ အီရတ်ကို စစ်မှုထမ်းဖို့အတွက်သွားတာပါ။ အဲဒီသွားတဲ့အခါမှာ လမ်းဘေးက မိုင်းထောင်ထားတာနဲ့ သူတို့ကားကိုထိပြီး ကျဆုံးသွားတာပါ။ အခုဆိုရင် ၁၃ နှစ်ရှိသွားပါပြီ။ ဒီမတ်လမှာ ပြည့်သွားပါတယ်။ မေသီတို့မိသားစုကို ဝေဖြိုးလွင်ဆုံးသွားတဲ့အခါမှာ Gold Star Family လို့ သတ်မှတ်ခြင်းခံရပါတယ်။ နောက်အိမ်ကိုလည်း Gold Star ဆုတံဆိပ်ပေါ့နော်။ အဲဒါကို အိမ်မှာ ချိတ်ထားပေးဖို့ သူတို့က instruction နဲ့လာပါတယ်။ မေသီတို့လည်း အိမ်ရှေ့မှာ ချိတ်ထားပါတယ် Gold Star မိခင်အနေနဲ့ နောက်ပြီးတော့မိသားစုကိုလည်း Gold Star Family အနေနဲ့ နှစ်စဉ်နှစ်တိုင်း New York မြို့တော်ဝန်ရုံး နောက်ပြီးတော့ သမ္မတ အိမ်ဖြူတော်ရယ် Washington DC ကပါ အမြဲတမ်းဖိတ်လေ့ရှိပါတယ်။ မြို့တော်ဝန်ရုံးကတော့ အမြဲတမ်း ဖေဖော်ဝါရီမှာ ဖိတ်ပြီးတော့၊ အောက်တိုဘာမှတော့ သမ္မတ အိမ်ဖြူတော်က ဖိတ်ပါတယ်။ တတ်နိုင်သမျှ တက်ရောက်ပါတယ် အဲဒီအခမ်းအနားကို ဘာကြောင့်လဲဆိုတော့ ကိုယ့်သားအတွက် ဂုဏ်လည်ယူပါတယ်။ ကိုယ်က ဘယ်လောက်ပဲ ဝမ်းနည်းပေမယ့် အင်မတန် ဂုဏ်ယူရတဲ့ ကိစ္စဖြစ်တဲ့အတွက် အခမ်းအနားကိုတက်ရောက်ပါတယ်။”

Specialist ဝေဖြိုးလွင် ဘက်ဂဒတ်မြို့လေဆိပ်အနီး ကားနဲ့ ကင်းလှည့်စဉ် မိုင်းနင်းမိတဲ့အတွက် သေဆုံးခဲ့စဉ်ဖြစ်တဲ့ လွန်ခဲ့တဲ့ ၁၃ နှစ်က ဖခင်ဖြစ်သူ ဦးသိန်းဇော်လွင်ကို ထိုစဉ် ဆက်သွယ်မေးမြန်း ခဲ့တာကနေလည်း ကောက်နုတ်တင်ပြလိုပါတယ်။

“အတိအကျတော့မဟုတ်ဘူး ဒါပေမယ့် Army ကပြောတဲ့ပုံအရဆိုရင် သူတို့ကားအပြန်မှာ တံတားကိုကွေ့တက်ခါနီးမှာ မိုင်းထိသွားတယ်လို့ပြောတယ်။ အဲဒီနေ့က သူတို့ petro က အဆင့် ၃ ဆင့် လှည့်တာကို ဒီတကြိမ်မှာ သူက နောက်ဆုံးက လိုက်လာတယ်လို့ ပြောတယ် ဆိုတော့ အဲဒီနောက်ဆုံး မှာ တံတားအတက်မှာ နောက်ဆုံးကားကို မောင်းနေတဲ့ကားမှာ ထိသွားတဲ့အထဲမှာ သူရယ် သူ့သူငယ်ချင်း၂ ရယ် ပါတယ်လို့ပြောတယ်။ သူ့ဘေးနားကတယောက်ကတော့ ဒဏ်ရာရတယ်လို့ပြောတယ်။

မေး။ ။ ကိုသိန်းဇော်တို့ကို ဘယ်တော့အကြောင်းကြားပါသလဲရှင့်

ဖြေ။ ။ အဲဒီအချိန်က ကျနော်က မြန်မာပြည်မှာရောက်နေတယ်။ မေသီက မတ်လ ၁ ရက်နေ့က သူ့အဖေ သေဆုံးတဲ့တော့ ဈာပနပြီးတော့ မတ်လ ၁ ရက်နေ့ပြန်တယ် နောက် နယူးယောက်ကို ၂ ရက်နေ့ရောက်တယ် ။ ညကို လာပြီးစစ်တပ်ကနေ သူတို့ကို သတင်းပို့တယ်လို့ပြောပါတယ်။ ကျနော်ကလည်း မေသီ နယူးယောက်ပြန်ရောက်တဲ့အချိန်ကို စိတ်ပူလို့စောင့်နေတယ်ပေါ့။ မေသီ ရန်ကုန်ကို ဖုန်းဆက်တဲ့အချိန်က ၁၂ နာရီခွဲလောက်ရှိသွားပြီ။ ဘာလို့ဖုန်းဆက်တာနောက်ကျလဲဆိုတော့ လေယာဉ်နောက်ကျလို့ပါတဲ့ ။ အဲဒီအချိန်မှာ ဘက်ဂဒတ်မြို့မှာ ဝေဖြိုးလေးကျဆုံးသွားတဲ့အချိန်ပဲ ။ မေသီအတွက်လည်း စဉ်းစားမယ်ဆိုရင် ရောက်တဲ့နေ့မှာပဲ သူက သူ့သားသတင်းကို ဒီလိုကြားတယ်ဆိုတော့ သူလည်း တော်တော်ခံစားရမယ်။ ကျနော်က အိပ်ပြီး ရန်ကုန်အချိန် မနက် ၉ နာရီလောက်မှာ ဘုရားရှိခိုးပြီးတယ် ၁၀ နာရီလောက်မှာ သူတို့ဖုန်းဆက်တယ် ဝေဖြိုးမရှိတော့ဘူးဆိုပြီး ။ ကျနော်လည်း တော်တော်လေးမယုံဘူး။ သူက မနေ့ကမှ ရောက်တယ် ဒီနေ့က ဒီသတင်းဆိုတော့ ကျနော်လည်းမယုံဘူး ။ အဲဒီနေ့ချက်ချင်းပဲ ANA ကိုအကူအညီတောင်းပြီး ၇ နာရီ ၄၅ လေယာဉ်နဲ့ ကျနေ်ာရအောင်လိုက်ခဲ့တယ်။

မေး။ ။ သားလေးနဲ့ ပတ်သက်ပြီးတော့ အမှတ်တရပြောပြပါလားရှင့် အထူးသဖြင့် သူအမေရိကန်နိုင်ငံကို ရောက်လာပြီးတော့ စစ်ထဲဝင်ရတဲ့အကြောင်းပေါ့။

ဖြေ။ ။ သူ ကျနော်တို့ဆီကို လိုက်လာတာက ၁၉၉၁ ခုနှစ်ပေါ့နော် သူအသက် ၁၃ နှစ်အရွယ်လောက်မှာ။ ဒီကလေးက ရောက်လာပြီးတော့ ဒီမှာလည်းကျောင်းတက်တယ်။ နောက်ပြီးတော့ High School ပြီးတဲ့နောက်ပိုင်း ကျောင်းဆက်မတက်တော့ပဲ သူစစ်ထဲဝင်ချင်တယ်ဆိုတော့ ကျနော်တို့က အဲဒီတုန်းက သူ့ကို မဝင်စေချင်ဘူး၊ စာပဲ ဆက်ပြီးတင်ခိုင်းစေချင်တယ် ။ သူကလည်း မိဘဆန္ဒအတိုင်းလိုက်နေတယ်။ နောက် ၃ နှစ်လောက်ကျတော့ သူ တကယ်ကို ဝါသနာမပါတော့လို့ပါ သူစစ်ထဲဝင်ချင်တယ်ဆိုတော့ ကျနေ်ာတို့ သဘောတူပြီး သူ့ကို ဝင်ခွင့်ပေးလိုက်ပါတယ်။ ၂၀၀၃ ခုနှစ်မှာ ဝင်သွားတာပါ။

မေး။ ။ အဲဒီတော့ သူ အီရတ်ကို တာဝန်ကျမယ်ဆိုပြီးတော့ ပြောတုန်းက ဘယ်လိုခံစားရသလဲ။

ဖြေ။ ။ အဲဒီတုန်းက ၂၀၀၄ အောက်တိုဘာမှာပေါ့နော် စစ်တပ်ဖြစ်တော့ ဘယ်မှာတာဝန်ကျတယ် သွားရမယ်ဆိုတော့လည်း စိတ်ပူတာပေါ့နော်။ ဒီဇင်ဘာ ၂၀၀၄ ကျနော်မြန်မာပြည်မှာ ခဏရောက်နေတုန်းက သူ ဘက်ဂဒတ်မြို့ကနေ မြန်မာပြည်ကိုလှမ်းပြီးတော့ ဖုန်းဆက်တယ်။ အဲဒီအချိန်က ကျနော် သားနဲ့ နောက်ဆုံးစကားပြောရတာပါပဲ။ ၂၀၀၄ ဒီဇင်ဘာ ၂၃ ရက်လောက်ဖြစ်ပါလိမ့်မယ်။ သား ဘယ်လိုလဲလို့ မေးတော့ ၊ ဖေဖေ ဘာမှ စိတ်မပူနဲ့လို့ လှည့်ကင်းကတော့ တော်တော်လေးထွက်ရတယ်တဲ့၊ ဖေဖေပြောတဲ့အတိုင်း လှည့်ကင်းထွက်တိုင်း ကျနော် သံဗုဒ္ဓေ အမြဲရွတ်တော့ Camp ပြန်ရောက်တဲ့အထိဆိုတော့ ကျနော်မောတယ်တဲ့။ ရွတ်ချင်တဲ့ ဆန္ဒနဲ့ကို ကျနော်တကယ် ရွတ်နေတာပါတဲ့ ၊ မပူပါနဲ့တဲ့။ ကျနော်စိတ်ချမ်းသာပါတယ်။ စိတ်မကောင်းချင်းကြီးစွာဖြစ်ပေမယ့် ဒီကလေး character ကိုကြည့်ပြီး ကျနော်စိတ်ချမ်းသာပါတယ်။

မေး။ ။ သူကတော့ အီရတ်မှာ ကျသွားတဲ့ ပထမဦးဆုံးသော မြန်မာနွယ်ဖွားလို့သိရပါတယ်။

ဖြေ။ ။ ကျနော်တို့တော့ အတိအကျ မပြောတတ်ဘူးပေါ့နော် ဒါပေမယ့် အခုအထိ ကျနော်ကြားသိရသလောက်ဆိုရင်တော့ မြန်မာလူမျိုးထဲမှာ သူပထမဦးဆုံး လို့တော့ ပြောပါတယ်။ ဘယ်လောက်အထိမှန်တယ်မှားတယ်ဆိုတာကတော့ ကျနေ်ာတကယ်မသိပါဘူး။”

၂၀၀၅ ခုနှစ်က မတ်လ ၂ ရက်နေ့က ကျဆုံးခဲ့တဲ့ ဝေဖြိုးလွင်ကို Arlington သင်္ချိုင်းအစား မိသားစုနေထိုင်ရာ နယူးယောက်မြို့၊ Long Island ရှိ Pinelawn စစ်သချုႋင်းမှာ စစ်အခမ်းအနားနဲ့ ဂုဏ်ပြုမြုပ်နှံခဲ့တာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG