သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump အလားအလာ US နေ မြန်မာတချို့အမြင်


ရီပတ်ဘလစ်ကန်ပါတီက သမ္မတလောင်း ကုဋေကြွယ်သူဌေးကြီး ဒေါ်နယ်ထရမ့်။
ရီပတ်ဘလစ်ကန်ပါတီက သမ္မတလောင်း ကုဋေကြွယ်သူဌေးကြီး ဒေါ်နယ်ထရမ့်။

အမေရိကန်ပြည်ထောင်စုမှာတော့ အဓိက နိုင်ငံရေးပြိုင်ဘက်ပါတီကြီး ၂ ခုဖြစ်တဲ့ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တစ်ကြား ရွေးကောက်ပွဲ မဲဆွယ်မှုတွေဟာ တဖြေးဖြေးနဲ့ အရှိန်မြင့်လာနေပါပြီ။ ဒီလိုအချိန်မှာ ရီပတ်ဘလစ်ကန်ပါတီဘက်က ကုဋေကြွယ် သူဌေးကြီး ဒေါ်နယ်ထရမ့်၊ ဒီမိုကရက်ပါတီဘက်က နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်နဲ့ အထက်လွှတ်တော်အမတ် ဘန်နီ စန္ဒား တို့ကြား ဘယ်သူက မြန်မာ့အရေးကို အလေးထား ဆောင်ရွက်နိုင်မလဲ…. လာမယ့်ရွေးကောက်ပွဲမှာ ဘယ်သူက အသာစီး ရနိုင်ခြေရှိသလဲ ဆိုတာနဲ့ ပတ်သက်ပြီး အမေရိကားရောက် မြန်မာတွေရဲ့ အမြင်တွေကို မနန္ဒာချမ်း က မေးမြန်းပြီး တင်ပြထားပါတယ်။

အခုဆိုရင် အမေရိကန်ပြည်ထောင်စုမှာ ဒီနှစ်ကုန်ကျင်းပမယ့် သမ္မတရွေးကောက်ပွဲ မှာ ယှဉ်ပြိုင်ဖို့အတွက် အိမ်ခြံမြေလုပ်ငန်းရှင် ကုဋေကြွယ် သူဌေးကြီး ဒေါ်နယ်ထရမ့် က ရီပတ်ဘလစ်ကန်ပါတီကို ကိုယ်စားပြု ယှဉ်ပြိုင်မယ့် သမ္မတလောင်း တရားဝင် ဖြစ်သွား ခဲ့ပါပြီ။ လာမယ့် နိုဝင်ဘာမှာ ကျင်းပဖို့ရှိတဲ့ သမ္မတရွေးကောက်ပွဲ ကျရင် - ဒီမိုကရက်ပါတီဘက်က သမ္မတလောင်း ဖြစ်လာနိုင်ချေရှိတယ်လို့ သုံးသပ်နေကြတဲ့ ယခင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

သမ္မတလောင်း ယှဉ်ပြိုင်သူနှစ်ဦး Hillary Clinton နဲ့ Donald Trump
သမ္မတလောင်း ယှဉ်ပြိုင်သူနှစ်ဦး Hillary Clinton နဲ့ Donald Trump

လောလောဆယ်အထိတော့ ဒီမိုကရက်ပါတီဘက်မှာ ဘယ်သူ သမ္မတလောင်း ဖြစ်လာမလဲ ဆိုတာ မသေချာသေးပါဘူး။ ဒီမိုကရက်ပါတီတွင်း မှာတော့ - နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်နဲ့ ဗားမောင့်ပြည်နယ် အထက်လွှတ်တော်အမတ် ဘန်နီ စန္ဒား တို့ ၂ ဦး အကြိတ်အနယ် ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။

ကလင်တန်နဲ့ စန္ဒား
ကလင်တန်နဲ့ စန္ဒား

ဒီလို အခြေအနေမှာ သူတို့နှစ်ဦးထဲက ဘယ်သူက ပြိုင်ဘက်ဖြစ်တဲ့ ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း ဒေါ်နယ်ထရမ့် ကို ယှဉ်ပြိုင်နိုင်မလဲ… အမေရိကားရောက် မြန်မာတွေကရော ဒေါ်နယ်ထရမ့်နဲ့ ပတ်သက်လို့ ဘယ်လို အမြင်တွေ ရှိသလဲ သိရအောင်လို့ ဗွီအိုအေ-မြန်မာပိုင်းရဲ့ အယ်ဒီတာဟောင်းတဦးဖြစ်တဲ့ ဦးထွန်းအောင်ကို အရင်ဆုံး မေးကြည့်ခဲ့ပါတယ်။

“ဒေါ်နယ်ထရမ့်ကို သူတို့ ၂ ဦးထဲက ယှဉ်နိုင်တာက ဟီလာရီ ကလင်တန်က ပိုပြီးတော့ ယှဉ်ပြိုင်နိုင်တယ်။ ဘာလု့ိလဲဆိုတော့ သူ့ရဲ့ အတွေ့အကြုံနဲ့ဆိုတော့ သူက ပိုပြီးတော့ အခွင့်အလမ်းကောင်းတယ်။ ဘန်နီ စန္ဒားက အမေရိကန်အများစု ကြည့်တာက သူက လက်ဝဲ နည်းနည်းဆန်တယ်၊ ဆိုရှယ်လစ်ဆန်တယ်ဆိုပြီးတော့ အဲ့လို တွေ့ကြရတယ်။ အဲဒါတင်မဟုတ်ဘူး ဟိုဘက်ကနေ ဒေါ်နယ်ထရမ့်က တက်လာရင် - အဲဒါကို သူက ဖိ ပြောမှာ။ အမေရိကန်နိုင်ငံဟာ ဆိုရှယ်လစ်နိုင်ငံ ဖြစ် သွားမယ်၊ ဘာညာဆိုပြီးတော့။ အမေရိကန်တွေက လည်း ဆိုရှယ်လစ်ဆိုရင် သိပ်ကြောက်တာ၊ အဲတော့ ဟီလာရီ ကလင်တန်က ပိုပြီး အခွင့်အလမ်းကောင်း တယ်၊ ဒေါ်နယ်ထရမ့်ကို နိုင်ဖို့ရာ။”

အလားတူ တက္ကဆက်ပြည်နယ်မှာနေထိုင်ပြီး အမေရိကန်နိုင်ငံရေးကို မပြတ် လေ့လာနေသူ ဦးမျိုးအေးသိန်း ကလည်း - အထက်လွှတ်တော် အမတ်ဟောင်းလည်းဖြစ်၊ သမ္မတကတော်ဘဝနဲ့လည်း အိမ်ဖြူတော်မှာ နေခဲ့ဖူးသူ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်း ဖြစ်ခဲ့တဲ့ ဟီလာရီ ကလင်တန် လို အတွေ့အကြုံ ရင့်ကျက်သူကဟာ - ဒေါ်နယ်ထရမ့်ကို ယှဉ်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။

ကြိုတင်ကောက်ယူထားတဲ့ လူထုစစ်တမ်းတွေမှာတော့ - ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်းဖြစ်တဲ့ ဒေါ်နယ်ထရမ့် ထက် ဒီမိုကရက်ပါတီ ကိုယ်စားလှယ် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန် က လူထုထောက်ခံမှုမှာ အနည်းငယ် အသာစီးရနေတယ်ဆိုပေမဲ့ - လာမယ့် သမ္မတရွေးကောက်ပွဲမှာ လုံး၀ အနိုင်ရလိမ့်မယ်လို့တော့ အပြည့်အ၀ ပြောနိုင်တဲ့ အနေအထား မရှိသေးပါဘူး။ ဒါနဲ့ ပတ်သက်ပြီး ဦးမျိုးအေးသိန်း က သူ့အမြင်ကို အခုလို ပြောပါတယ်။

“အောက်ခြေလူတန်းစားတွေကတော့ ပြောင်းလဲချင်တဲ့စတိုင်တွေရှိတယ်။ ဒါပေမဲ့ တကယ်တမ်းကြည့်လိုက်လို့ရှိရင်တော့ မရှိဘူးဆိုရင် တောင် ၅၀ - ၅၀ ကတော့ ရှိနေမှာပဲ။ အိုဘားမားကို ကြိုက်တဲ့သူကလည်း ၅၀% တော့ ရှိမှာပဲ။ မကြိုက်တဲ့သူကလည်း ၅၀% တော့ ရှိမှာပဲ။ ဒါပေမဲ့လည်း ဒီနိုင်ငံကြီးကို ထိန်းချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း များသောအားဖြင့် အပြောင်းအလဲတွေကို ထင်သလောက် မကြိုက်ကြဘူးခင်ဗျ။ ဘိုနေမြဲ ကျားနေမြဲလိုပေါ့နော် အများကြီး ပြောင်းလဲသွားပြန်ရင်လည်း သူတို့အတွက်က မကောင်းဘူး။ တိုင်းပြည်အ တွက်လည်း မကောင်းတဲ့အတွက်ကြောင့် ဘာမှ သိပ် အပြောင်းအလဲ မလုပ်ကြမယ့်သူတွေပဲ ဆက်ပြီး အရွေးခံရလိမ့်မယ်လို့ ကျနော်ကတော့ အဲ့လို ယူဆတယ်။ ဒါပေမဲ့လည်း စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။ အစောက ပြောသလိုပဲ အားလုံးက ၅၀ - ၅၀ ပဲ။ ကျန်တဲ့ ၃% က ဘယ်သူ့ဘက် ပါသွားမလဲ အဲဒါကိုပဲ စောင့်ကြည့်ရမှာပဲ။”

ကုဋေကြွယ်သူဌေးကြီး ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးမိန့်ခွန်းမှာ - သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒ၊ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူ တွေအပေါ် သဘောထား၊ မူဆလင်တွေနဲ့ ပတ်သက်တဲ့ သဘောထား၊ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုရှိတယ် စတဲ့ အကြောင်းအရာ တွေနဲ့ပတ်သက်ပြီး မကြာခဏ ဝေဖန် ထောက်ပြခံရတတ်လေ့ ရှိပါတယ်။

ဦးမျိုးအေးသိန်းကတော့ - ရီပတ်ဘလစ်ကန်ပါတီဘက်က ဒေါ်နယ်ထရမ့်သာ သမ္မတဖြစ်လာရင် - အမေရိကန်-မြန်မာ ဆက်ဆံရေးဟာ လက်ရှိ သမ္မတ အိုဘားမား လက်ထက်ကလို နွေးထွေးမှုရှိမှာ မဟုတ်ဘဲ - ဒီမိုကရက်ပါတီလောက် - မြန်မာနိုင်ငံအပါအဝင် အာရှ-ပစိဖိတ်အရေး စိတ်ဝင်စားမှာမဟုတ်ဘူးလို့ သုံးသပ်ခဲ့ပါတယ်။ ဗွီအိုအေ-မြန်မာပိုင်းရဲ့ အယ်ဒီတာဟောင်းတဦးဖြစ်တဲ့ ဦးထွန်းအောင်ကလည်း - ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာရင် ပြည်ပအရေးကို အလေးပေး ဆောင်ရွက်လိမ့်မယ်လို့ မယူဆကြောင်း အခုလို သုံးသပ်ခဲ့ပါတယ်။

“မြန်မာ့အရေး စိတ်ဝင်စားမလား၊ ဦးစားပေးချက် ရှိမလားဆိုတော့ အိုဘားမားတို့လောက်တော့ ရှိမယ်မထင်ဘူး။ သူက ဒီပြင်ကိစ္စတွေကို ပိုပြီးတော့ လုပ်လိမ့်မယ်။ အမေရိကန်ရဲ့ အကျိုးစီးပွားကို ကြည့်ပြီးတော့ လုပ်မှာပဲ။ အာရှဘက်တို့ ဘာတို့ဘက်ကိုတော့ သူက သိပ်ပြီးတော့ ကြည့်မှာမဟုတ်ဘူး။ သူက ပြည်တွင်းရေးရာမှာ သူက ဦးစားပေးပြီးတော့ လုပ်လိမ့်မယ်။”

လာမယ့် ဂျူလိုင်လ ၇ ရက်နေ့မှာကျင်းပမယ့် ရီပတ်ဘလစ်ကန်ပါတီ ညီလာခံမတိုင်ခင်မှာတော့ ဒေါ်နယ်ထရမ့်ဟာ ဒီမိုကရက်ပါတီဘက်က သမ္မတကိုယ်စားလှယ်လောင်း တဦးဦးနဲ့ စကားစစ်ထိုးပွဲ ပြုလုပ်ဖို့လည်း ရှိပါတယ်။

Donald Trump အလားအလာ US နေ မြန်မာတချို့အမြင်
please wait

No media source currently available

0:00 0:05:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG