သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်ပြန်ခက်နေတဲ့ မလေးရှားရောက်မြန်မာများ


မလေးရှားနိုင်ငံ ထိန်းသိမ်းရေး စခန်းတခုမြင်ကွင်း (Lenggeng immigration detention center)။
မလေးရှားနိုင်ငံ ထိန်းသိမ်းရေး စခန်းတခုမြင်ကွင်း (Lenggeng immigration detention center)။

မလေးရှားနိုင်ငံ ထိန်းသိမ်းရေး စခန်းတွေမှာ ခရီးစားရိတ် မရှိလို့ ဌာနေ မပြန်နိုင်သူ ထောင်နဲ့ချီရှိနေတယ်လို့ အကူအညီပေးရေး အဖွဲ့တွေက ပြောဆိုပါတယ်။ ထိန်းသိမ်းခံနေရသူတွေထဲက တချို့ကိုတော့ အကူအညီပေးရေး အဖွဲ့တွေ ရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ အခု ဌာနေပြန်နေကြပါတယ်။ မလေးရှားနိုင်ငံ ထိန်းသိမ်းရေး စခန်းထဲက မြန်မာနိုင်ငံသားတွေ ဌာနေပြန်ရေး ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

မလေးရှားနိုင်ငံရဲ့ ထိန်းသိမ်းရေး စခန်းတွေမှာ မြန်မာနိုင်ငံသား ထောင်နဲ့ချီရှိနေပြီး ဒီလူတွေ ဌာနေပြန်ဖို့ အတွက် အဓိက အခက်အခဲက ခရီးစာရိတ် မကျခံနိုင်တာ ဖြစ်ပါတယ်။ ထိန်းသိမ်းရေး စခန်းက မြန်မာနိုင်ငံသား တချို့ကို မြန်မာ သံရုံး၊ နောက် ပြည်တွင်း ပြည်ပ အလှုရှင်တွေရဲ့ အလှုငွေနဲ့ ဌာနေပြန်ပို့ရေးဆောင်ရွက်နေကြ တာပါ။ ၇ ရက်သားသမီး နာရေးကူညီမှု အသင်း (ကပုန်း) ရဲ့ ဥက္ကဋ္ဌ ဦးဆန်းဝင်းက ထိန်းသိမ်းရေး စခန်းက မြန်မာနိုင်ငံသားတွေ ဌာနေပြန်ရေး အခက်အခဲကို အခုလို ပြောပါတယ်။

" အဓိက ကြုံတွေ့နေရတာကတော့ သူတို့ကူညီမယ့်သူ ဒီငွေရေးကြေးရေး ကတော့ အဓိကပေါ့ လေယာဉ်လက်မှတ်ဖိုးပေါ့။ လေယာဉ်လက်မှတ်ဖိုးရှိရင် ပြန်လို့ရပြီ။ လေယာဉ်လက်မှတ်ဖိုးက လှူတဲ့သူက မရှိတဲ့အတွက်ကြောင့် အခက်အခဲတွေ့နေရပါတယ်။ မြန်မာပြည် အစိုးရအနေနဲ့က သံရုံးပိုင်းကတော့ အရင်တုန်းကဆိုရင်တော့ ၆၅၀ ကောက်ခံတယ်။ အခုဟာမှာဆိုရင် ၄၅၀ ပဲတောင်းတယ်။ ကျန်တဲ့ဟာတွေကို ထောင်သားတွေ သယ်တဲ့ သယ်ယူပို့ဆောင်ခတွေ လုံခြုံရေးတွေ သူတို့ရဲ့စားရေးသောက်ရေးတွေ အဲ့ဒီ့ဟာအတွက်ကို သံရုံးက ကျခံပါတယ်။"

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၁ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အဖြစ်နဲ့ လတ်တလောမှာ ထိန်းသိမ်းရေး စခန်းက နိုင်ငံသား စိစစ်ပြီးသား မြန်မာနိုင်ငံသား ၃၀၀ တို့ကို ဌာနေပြန်ရေး အတွက် ကပုန်းလူမှု ကူညီရေး အသင်းက ပြည်တွင်းက သဘာ၀ တရားရိပ်သာက ဆရာတော်ရဲ့ အလှုငွေနဲ့ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ပထမ အသုတ်အဖြစ် ထိန်းသိမ်းခံရသူ ၆၂ ဦးတို့ကို ပြန်လည် ပို့ဆောင်ပြီးလည်း ဖြစ်ပါတယ်။ လက်ရှိ မလေးရှား ထိန်းသိမ်းရေး စခန်းတွေမှာ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကိုလည်း ဦးဆန်းဝင်းက အခုလို ပြောပါတယ်။

"ထောင်ထဲမှာတော့ နိုင်ငံစုံဖြစ်တယ်။ နောက်ပြီးတော့ စားရေးသောက်ရေးကလည်း ဒုက္ခရောက်တယ်။ အရင်တုန်းကနဲ့ အခုအခြေအနေက မတူဘူးလေ။ နောက်တခုက ကူးစက်ရောဂါတွေကလည်း အရမ်းလျင်မြန်တယ်။ တခ ျို့ထောင်ထဲ မှာတင်ပဲ သေဆုံးသွားတဲ့သူတွေလည်း အများကြီးပဲ။ ကျနော်တို့ကိုယ်တိုင်ပဲ သဂြိုဟ်ပေးရပါတယ်။"

မလေးရှားနိုင်ငံကို ရောက်ရှိ အလုပ်လုပ်ကိုင်ကြရင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူ မြန်မာနိုင်ငံသားတွေဟာ မိသားစုဝင်တွေ မိတ်ဆွေတွေက ခရီးစားရိတ် ကုန်ကျခံနိုင်မှသာ မြန်မာနိုင်ငံကို ပြန်နိုင်တာ ဖြစ်ပါတယ်။ ဌာနေပြန်နိုင်ရေး အကူအညီပေးနေတဲ့ ဦးဆန်းဝင်းကတော့ အစိုးရဘက်က အကူအညီပေးရင် ပိုပြီး ထိရောက်မယ်လို့ ပြောပါတယ်။

"ပြစ်ဒဏ်ပြီးသွားလို့ရှိရင် ပြန်လို့ရမယ်။ ပြန်လို့ရမယ်ဆိုရင် ပြန်ခေါ်လို့ရမယ်။ ဥပမာပေါ့လေ အင်ဒိုနီးရှားနိုင်ငံလို ဆိုလို့ရှိရင် စစ်တပ်က လေယာဉ်ကြီးဆိုက်ပြီး တခါတည်း ခေါ်သွားတာ။ အဲ့တာမျိုးတွေရှိပါတယ်။ တခါတလေကျရင် သင်္ဘောတွေနဲ့ခေါ်တာတွေရှိပါတယ်။ အင်ဒိုနီးရှားနိုင်ငံဆိုရင် သူ့နိုင်ငံသားတွေကိုပေါ့လေ။ ကျနော်တို့အစဉ်အဆက် ဒါမျိုး လာကြိုတာကတော့ တခါပဲ တွေ့ခဲ့ဖူးတယ်။ ပြီးခဲ့တဲ့နှစ်ကတုန်းကဆိုရင် တပ်မတော်ရေကြောင်းပြပွဲကနေ အပြန်ပေါ့လေ။ သင်္ဘောတစီးနဲ့ လူတစ်ရာကျော်လောက် ခေါ်ဆောင်သွားတာ ဒီလောက်ပဲ တွေ့ရပါတယ်။"

မလေးရှားနိုင်ငံ မြန်မာသံရုံးကလည်းထိန်းသိမ်းခံ မြန်မာနိုင်ငံသားတွေ ဌာနေပြန်ရေး အတွက် ကုန်ကျစာရိတ် ကျခံကြတဲ့ ပြည်တွင်း ပြည်ပ အလှုရှင်တွေ အဖွဲ့အစည်းတွေ ကို ကျေးဇူးတင်ရှိပါကြောင်းနဲ့ မြန်မာသံရုံးဘက်ကလည်း စားရိတ်စိုက် ထုတ်ခံ ပြန်လည် ပို့ဆောင်ပေးခဲ့တွေ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

မလေးရှား နိုင်ငံ တဝန်းက ထိန်းသိမ်းရေး စခန်း ၁၁ ခုမှာ ထိန်းသိမ်းခံ မြန်မာနိုင်ငံ သားတွေ ပြန်လည်ပို့ဆောင်ရေး တိုးမြှင့် ဆောင်ရွက်လာနိုင် သလို တဖက်မှာလည်း ထိန်းသိမ်းရေး စခန်းတွေကို ထပ်ပြီး ရောက်လာသူတွေလည်း များလာတယ်လို့လည်း သံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG