သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပီနန်းစက်ရုံက မြန်မာအလုပ်သမား ၃ ဦး အသတ်ခံရ


မလေးရှားဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်လုပ်ကိုင်နေသော အလုပ်သမားများ
မလေးရှားဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်လုပ်ကိုင်နေသော အလုပ်သမားများ

မလေးရှားနိုင်ငံ ပီနန်းမြို့မှာ မြန်မာ အလုပ်သမားတွေ တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး ၁ ဦး အပြင်းအထန် ဒဏ်ရာရပါတယ်။ ဘယ်သူဘယ်ဝါမှန်း မသိရတဲ့ ဆိုင်ကယ်စီး လူအုပ်စုက တိုက်ခိုက်ခဲ့တဲ့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မြန်မာ အလုပ်သမား ၁၄ ဦးကို ထိန်းသိမ်းထားပါတယ်။ မြန်မာ သံရုံးနဲ့ လက်တွဲဆောင်ရွက်နေတဲ့ ပီနန်း အခြေစိုက် ဒါနကုသလ နာရေး ကူညီမှု အသင်းကတော့ ဖမ်းဆီးခံ မြန်မာအလုပ်သမားတွေနဲ့ တွေ့ခွင့် ရရေး၊ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ ရရှိရေး အတွက် ရဲဌာနနဲ့ ဆက်သွယ်ဆောင်ရွက်နေပါတယ်။ မသိင်္ဂ ီထိုက် ဆက်သွယ်စုံစမ်းထားပါတယ်။

မလေးရှား နိုင်ငံ ပီနန်းမြို့မှာ မြန်မာနိုင်ငံသား အလုပ်သမားတွေ တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံးပြီး ၁ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရပြီးနောက်မှာ မြန်မာနိုင်ငံသား အလုပ်သမား ၁၄ ဦးကိုလည်း မလေးရှားရဲက ဖမ်းဆီးထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် တိုက်ခိုက်ခဲ့သူ ဘယ်သူတွေ ဆိုတာနဲ့ ဘာကြောင့် တိုက်ခိုက်ရလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

ပီနန်း က Chin Well Fasteners Co. Sdn Bhd စက်ရုံမှာ အလုပ်လုပ်တဲ့ မြန်မာနိုင်ငံသား ၁၇ ဦး နေထိုင်တဲ့ နေအိမ်ခြံဝင်း အတွင်းမှာ ၂ ဦးသတ်ဖြတ်ခံရပြီး အပြင်ဘက်မှာ ၁ ဦး သတ်ဖြတ် ခံရပြီး နောက်တဦးဒဏ်ရာရ တယ်လို့ မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာ သံရုံးက ရဲဌာနကို ဆက်သွယ်မေးမြန်းပြီး ထုတ်ပြန်ထားပါတယ်။ သေဆုံးသူတွေကတော့ အသက် ၂၈ နှစ် အရွယ် ကိုနိုင်ဝင်း၊ အသက် ၃၃ နှစ် အရွယ် ကိုကျော်မိုးနဲ့ အသက် ၂၄ နှစ် အရွယ် ကိုဝမ်းဝင်းတို့ ဖြစ်ပြီး အသက် ၃၃ နှစ် အရွယ် ကိုမြထွန်းကတော့ အပြင်းအထန် ဒဏ်ရရပြီး ဆေးရုံး အရေးပေါ်တင် ကုသနေရတယ်လို့လည်း မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။

သတ်ဖြတ်ခံရသူတွေ အရေးနဲ့ ဖမ်းဆီးခံ မြန်မာ အလုပ်သမားတွေနဲ့ တွေ့ဆုံပြီး အကူအညီပေးနိုင်ရေး အတွက် မလေးရှားနိုင်ငံ ပီနန်း အခြေစိုက် ဒါနကုသလ နာရေးကူညီမှု အသင်းရဲ့ အတွင်းရေးမှူး ကိုဇော်မျိုး မကြာခင် နာရီပိုင်းကပဲ ပီနန်း ရဲစခန်းကနေ ပြန်လာတာပါ။ သူ့ကို ဆက်သွယ်တာမှာတော့ အခြေအနေကို အခုလို ပြောပါတယ်။

“ဟုတ်ကဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲက ဖြစ်စဉ်က မနက် ၆ နာရီခွဲအလုပ်သွားမယ့်အချိန်ဆိုတော့ ဒီအိမ်ထဲက ကလေးတွေက အိမ်ထဲမှာပဲ ရှိနေတယ်ပေါ့နော်။ ရှင်းရှင်းလင်းလင်းတော့သိထားပြီးပါပြီ ပြောမယ်ဆိုရင်တော့ လူသတ်မှု၊ ဓါးနဲ့ဝင်ခုတ်တဲ့အမှုပါပဲ။ နောက်လာတဲ့အဖွဲ့ပုံစံမျိုး အဲဒီအဖွဲ့လိုက်ကိုလည်း သူတို့ CCTV ကင်မရာက ရထားတယ်လို့ပြောပါတယ်။ ဒါပေမယ့်လို့ တိတိကျကျ ဆိုင်ကယ် နံပတ်ပလိပ်တွေအဆင့်အထိကတော့ သူမသဲကွဲသေးဘူးလို့တော့ပြောနေတယ်ခင်ဗျ။ အဲဒီအိမ်ရှေ့အပြင်ဘက်မှာ ဂျင်းဘောင်းဘီနဲ့ ဆုံးတဲ့ကလေးကလည်း ကျနော်တို့ အိမ်ထဲကလူနဲ့တော့ မသက်ဆိုင်လောက်ဘူးပေါ့နော်။ ဝင်ပြီးတော့ သတ်တဲ့လူက အရှေ့ကလူကို အရှေ့ကလူက နားကျပ်နဲ့ သီချင်းနားထောင်နေတဲ့ပုံစံမျိုး ဖြစ်နေတာ။ အရှေ့ကလူကို သတ်ပြီးတော့ အထဲကလူကလည်းမြင်တဲ့အတွက် အထဲကအိမ်ရှေ့နဲ့ နီးနီးလေး သူတို့က အိမ်ကလေးတွေကလည်း ကပ်နေတော့ သူတို့က အဲဒီအထိကိုပါ ဝင်ပြီးတော့ ဓါးနဲ့ ခုတ်သွားကြတာခင်ဗျ။

မေး။ ။ဟုတ်ကဲ့ပါ။ ဒီသေသွားတာကတော့ ၃ ယောက်ပေါ့နော်။

ဖြေ။ ။ဟုတ်ကဲ့သေသွားတာက ၃ ယောက်ခင်ဗျ။ အရေးပေါ်ထဲမှာက ၁ ယောက် ခင်ဗျ။

မေး။ ။ အရေးပေါ်ကလူ အခြေအနေဘယ်လိုရှိပါသလဲ။

ဖြေ။ ။ အရေးပေါ်ကလူက သွေးသွင်းနေရတယ်ခင်ဗျ။ သွေးထွက်နည်းနည်း လွန်နေတယ်လို့ပြောနေတယ်ခင်ဗျ။ ဆေးရုံရောက်နေပြီ ပီနန်း ဆေးရုံရောက်တဲ့အတွက် စိုးရိမ်စရာတော့ မရှိလောက်ဘူးလို့ပြောတဲ့အတွက် လက်ရှိတော့ သူတို့ထိန်းသိမ်းထားပြီးတော့ ကျပ်ကျပ်မတ်မတ် ကုသပေးနေတယ်လို့ ရဲတွေက ပြောပါတယ်ခင်ဗျ။”

ဒီညပိုင်း ရဲစခန်းကို ရောက်ချိန်မှာ ဧည့်တွေ့ချိန် မဟုတ်တာကြောင့် ဖမ်းဆီးခံရသူတွေနဲ့ တွေ့ဆုံခွင့် မရသေးဘဲ မနက်ဖြန် မနက်ရောက်မှသာ တွေ့ခွင့်ရမယ်လို့လည်း ကိုဇော်မျိုးက ပြောပါတယ်။ ဒါ့အပြင် ဖမ်းဆီးခံရသူတွေရဲ့ နိုင်ငံကူးလက်မှတ်တွေနဲ့ အလုပ်လုပ်ကိုင်ခွင့်တို့ကိုလည်း ရဲ့ စိစစ်နေတာကြောင့် ဘယ်သူတွေဆိုတာ မသိရသေးပါဘူး။ မနက်ဖြန်မှာတော့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ ပြန်လည် ရရှိရေးနဲ့ ဖမ်းဆီးခံ မြန်မာ အလုပ်သမားတွေနဲ့ တွေ့ဆုံခွင့်ရရေး ဆက်ပြီး ကြိုးပမ်းသွားမယ်လို့လည်း ပီနန်း အခြေစိုက် ဒါနကုသမ နာရေးကူညီမှု အသင်းက ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG