သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွယ်လွန်သူ သမ္မတ Bush ကမ္ဘာ့ခေါင်းဆောင် ပီသမှု မြန်မာနွယ်ဖွါးတချို့ အမှတ်တရ


ကွယ်လွန်သွားပြီဖြစ်တဲ့ အမေရိကန်ရဲ့ ၄၁ ဆက်မြောက် သမ္မတ George H. W. Bush ဟာ သမ္မတအနေနဲ့ရော တခြားအလုပ်တာဝန်တွေ ထမ်းဆောင်ချိန်မှာပါ ခေါင်းအေးအေးနဲ့ ချင့်ချိန်လုပ်ဆောင်တတ်တဲ့ လက်တွေ့ကျသူတဦးဖြစ်တာ တွေ့ရတယ်လို့ ဝါရင့် မြန်မာ သတင်းသမားတွေက မြင်သလို သူဟာ သံတမန်ရေးကျွမ်းကျင်ပြီး ဥရောပဒေသတွင်း ဒီမိုကရေစီရေး တိုးတက်လာအောင် လုပ်ဆောင်ခဲ့သူဖြစ်သလို စိတ်ထားမြတ်တဲ့ ခေါင်းဆောင်ကောင်းတယောက် ဖြစ်တယ်လို့ အမေရိကန်ရောက် မြန်မာသုတေသီတွေက သုံးသပ်ကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

၁၉၈၉ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အထိ သမ္မတ တာဝန်ကို ထမ်းဆောင်ခဲ့တဲ့ သမ္မတ Bush လက်ထက်မှာ ကမ္ဘာတလွှား တည်ငြိမ်မှုမရှိတဲ့ စစ်အေးခေတ်ကာလ၊ နျူကလီယားအန္တရာယ်ခြိမ်းခြောက်မှု၊ ဆိုဗီယက်ရုရှား ပြိုကွဲချိန်၊ တရုတ်နိုင်ငံအရေးအခင်း စတာတွေနဲ့ ကြုံနေတာဖြစ်ပါတယ်။ ဒီလိုကာလမျိုးမှာ သမ္မတတာဝန်ကိုယူခဲ့ရသူ သမ္မတ Bush ဟာ အရာရာကို ခေါင်းအေးအေးနဲ့ စီမံခန့်ခွဲခဲ့သူတယောက်လို့ အဲဒီအချိန်တွေက အမေရိကန်သတင်းတွေကို မျက်ခြေမပြတ် တင်ပြခဲ့ရတဲ့ VOA ဝါရင့်သတင်းသမားဟောင်း ဦးထွန်းအောင်က ပြောပါတယ်။

"သူ့ခေတ်မှာ စစ်အေးတိုက်ပွဲဆင်နေတဲ့အချိန် အဲဒီအချိန်မှာ သူက ခေါင်းအေးအေးထားပြီးတော့ လုပ်ကိုင်တယ်။ တရုတ်ပြည်မှာ Tiananmen မှာအရေးအခင်းဖြစ်တယ်။ ကျောင်းသားတွေ အသတ်ခံရတဲ့ကိစ္စပေါ့လေ။ အဲဒီကနေ Kuwait ကို Saddam Hussein ဝင်သိမ်းတယ်၊ အဲဒီကနေ ဘာလင်တံတိုင်းကြီး ဖြိုချခံရတယ် အဲဒါလည်း သူကိုင်တွယ်ရတယ် အဲဒီကိစ္စတွေ ပြီးတော့ ရုရှားခေါင်းဆောင်ဟောင်း Mikhail Gorbachev စကားပြောတယ် ။ တကယ်ဆိုတော့ သူက လက်တွေ့ကျတယ်၊ အရမ်းမလုပ်ဘူး၊ နောက်ပြီးတော့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ မားဂရက်သက်ချာတို့ နဲ့ ကိုယ်ရေးဆက်ဆံမှုကို တန်ဖိုးထားတယ်။ တခါတလေကျရင် ဗြိတိန်ဝန်ကြီးချုပ် မားဂရက်သက်ချာကို မနက် ၅ နာရီကောက်ဆက်ပြီးစကားပြောတာတို့ ရှိတယ်။ နောက်ပြီးတော့ သူက အလုပ်လုပ်တဲ့အခါကျရင် တယောက်တည်းမလုပ်ဘူး သူ့ဘေးမှာ အတိုင်ပင်ခံတွေ အမြဲထားတယ်။ သူတို့နဲ့ တိုင်ပင်ပြီးမှ လုပ်တယ်။"

ကွယ်လွန်သူ သမ္မတ Bush ဟာ သံတမန်ရေးရာမှာ ကျွမ်းကျင်တာကို ဥရောပဒေသတွင်း ဒီမိုကရေစီ ထွန်းကားအောင် ပံ့ပိုးပေးတဲ့နေရာမှာ တွေ့ရတယ်လို့ သမိုင်းသုတေသီ ဒေါ်ဖြူဖြူက သုံးသပ်ပါတယ်။

"ဒီသမ္မတ ဖြစ်လာတဲ့အခါကျမှ သူက easten Europe မှာရှိတဲ့နိုင်ငံတွေ East Germany တင်မကဘူး၊ Bulgaria ၊Romania၊ Czechoslovakia အဲဒီနိုင်ငံတွေ တဖြေးဖြေး ဒီမိုကရေစီအသွင်ဖြစ်အောင် အားပေးလာတဲ့သဘောရှိတယ်။ သူတော်တဲ့ သဘောရှိတာပေါ့နော်။ အဲဒီတိုင်းပြည်တွေက အရင်တုန်းက Eastern Block ဆိုပြီးတော့ Eastern Europe တခုလုံးက ကွန်မြူနစ်တွေလေ ၊ ကွန်မြူနစ်သဘောမျိုး အခြေခံတဲ့အစိုးရတွေလေ၊ အဲဒီအခြေခံကနေ လူထုတွေက အုံကြွပြီးတော့ တခုပြီးတခုဖြစ်လာပြီး Berlin wall လည်းပြိုကျလာပြီး ဒီမိုကရေစီ ဖြစ်သွားတယ်ဆိုတဲ့နေရာမှာ အမေရိကန်နိုင်ငံအနေနဲ့ ထိန်းကျောင်းပြီးတော့ အရမ်းကို သိမ်မွေ့တယ်ပေါ့။ သံတမန်ရေးရာမှာ သိမ်သိမ်မွေ့မွေ့နဲ့လုပ်ဖို့က အများကြီးလိုတယ်လေ။ အဲဒီတော့ သူက သိမ်သိမ်မွေ့မွေ့နဲ့လုပ်သွားတဲ့အတွက် အဲဒီနိုင်ငံတွေ တခုပြီးတခု ဒီမိုကရေစီ ဖြစ်သွားတယ်ဆိုတော့ သူတော်တာပေါ့။"

သမ္မတ Bush ဟာ နျူကလီယားလက်နက် မပြန့်ပွါးရေးအတွက် လုပ်ဆောင်ခဲ့သူဖြစ်တဲ့ အပြင် စစ်ရေးကိစ္စတွေကို ကိုင်တွယ်ရာမှာလည်း အင်မတန် သတိကြီးပြီး ချင့်ချင့်ချိန်ချိန်နဲ့လုပ်တဲ့ လက်တွေ့ကျတဲ့ သူ့ရဲ့ လုပ်ရပ်တွေကြောင့် အမေရိကန်နိုင်ငံမှာသာမက ကမ္ဘာကပါ ခေါင်းဆောင်အဖြစ် သတ်မှတ်ခဲ့ကြတယ်လို့ ဦးထွန်းအောင်က ပြောပါတယ်။

"Saddam Hussein က Kuwait ကို ၁၉၉၀ ခုနှစ်ထင်တယ် ၊ ဝင်တိုက်တဲ့အခါမှာ သူက အရမ်းကို မလုပ်ဘူး ။ သူက ကုလရဲ့ ဆုံးဖြတ်ချက်ကို ရယူတယ်။ ရယူပြီးမှ နိုင်ငံပေါင်း ၂၈ နိုင်ငံပေါင်းပြီး တပ်တွေ ၇ သိန်းအထိရှိတယ်၊ အဲဒါတွေနဲ့ ဖိအားပေးပြီးတော့ ဝင်တိုက်တယ်။ အဲဒီမှာသူနိုင်တယ် နိုင်ပြီးတဲ့အခါမှာ ဘာလုပ်လဲဆိုတော့ Saddam Hussein ပြုတ်သွားတဲ့အထိ မတိုက်ပဲနဲ့ တပ်တွေရုပ်သိမ်းလိုက်တယ် တချို့ကတော့ သူ့ကို ဝေဖန်တယ် ၊ အဲဒီတုန်းက သူ ဝင်တိုက်လိုက်ရင် Saddam Hussein ပြီးသွားရော နောက်ကိစ္စတွေ ရှုပ်စရာမရှိဘူးဆိုပြီးတော့လေ အဲဒါကတော့ ထူးခြားတယ်။ လိုတာပဲလုပ်တယ် လက်တွေ့ကျတယ်။ သတိထားလုပ်တယ် အရမ်းမလုပ်ဘူး ။ စစ်အေးခေတ်မှာ နျူကလီးယားလက်နက်တွေ လျော့ချဖို့သူလုပ်တယ်။ သူ့ခေတ်မှာ နျူကလီးယားလက်နက် တယောက်နဲ့တယောက်ခြိမ်းခြောက်မှုက ကျဆင်းသွားတယ်။ အဲဒါကလည်းတော်တော်လေးထူးခြားပါတယ်။"

ကွယ်လွန်သူ သမ္မတ Bush ရဲ့ထူးခြားတဲ့ ဂုဏ်ကတော့ လူသားဆန်ပြီး လူကြီးပီသသလို ပြည့်ဝတဲ့ စိတ်ထားရှိတာဖြစ်ပြီး ဒါကို လူတိုင်း အတုယူသင့်တယ်လို့ သမိုင်းသုတေသီ ဒေါ်ဖြူဖြူက ပြောပါတယ်။

"ကလင်တန်ကနိုင်လာပြီ သူက ၁ နှစ်သမ္မတ သက်တမ်းပဲရတယ် သူဆင်းပေးရမယ် အိမ်ဖြူတော်မှာ သူစာလေးတခုထားခဲ့တယ်။ ကလင်တန်နဲ့ သူနဲ့ဆိုရင် ပါတီလည်းမတူဘူး၊ ကလင်တန်က ဒီမိုကရက် ၊ သူက ရီပတ်ပလီကန် ။ သူကဘာရေးသလဲဆိုတော့ သမ္မတ ကလင်တန် ကျနော်ခင်ဗျားကို သူကတော့ သာမန်လူဖြစ်သွားပြီလေ ၊ ကျနော်သာမန်လူတယောက်အနေနဲ့ ကျနော်ခင်ဗျားကို အားပေးမယ် ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်အတွက် ခင်ဗျားအောင်မြင်မှု တွေရပါစေ၊ ခင်ဗျားအောင်မြင်တာက တိုင်းပြည်အောင်မြင်မှုပဲ အဲဒီတော့ ကျုပ်က ခင်ဗျားကို အားပေးမယ် ဆိုပြီးတော့ စာတစောင်ရေးတယ်။ အဲဒါသူဘယ်လောက် လူကြီးပီသလည်းဆိုတာ လူတိုင်းချီးကျူးတယ် အဲလိုမျိုး ဖြစ်ရမယ်။ ကိုယ်နိုင်ရင် အကောင်းဆုံးတိုင်းပြည်အတွက်လုပ်ရမယ် ကိုယ်မနိုင်ဘူး လက်လွှဲပေးရမယ်ဆိုရင် နောက်လာမည့်လူကို ဒုက္ခရောက်အောင် မဟုတ်တာတွေလုပ်ထားတာတွေ မရှိရဘူး၊ လူသားလည်းဆန်ရမယ် လူကြီးပီသရမယ်။ ပြည့်ဝတဲ့စိတ်ရှိရမယ် ဘယ်လောက်ပြည့်ဝလဲဆိုတာ သူအဲလိုရေးတာ။"

ဒီလို ပုဂ္ဂိုလ်တဦး ကွယ်လွန်သွားတာဟာ အမေရိကန်သာမက ကမ္ဘာအတွက်ပါ ဆုံးရှုံးမှု တခုဖြစ်ပြီး သူလို ပုဂ္ဂိုလ်တယောက်အဖို့ လူသာသေဆုံးသွားပေမယ့် သူ့ရဲ့ နာမည်နဲ့ ဂုဏ်သတင်းကတော့ ဘယ်တော့မှသေမှာ မဟုတ်ဘူးလို့လည်း ကမ္ဘာ့ခေါင်းဆောင်တွေက မှတ်တမ်းတင်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG