သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရင်အမှားမျိုးမဖြစ်အောင် ကြားဖြတ်ရွေးကောက်ပွဲကို ပြင်ဆင်သင့်


၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲရေတွက်နေစဉ်
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲရေတွက်နေစဉ်

မြန်မာနိုင်ငံမှာ ဧပြီလ ၁ ရက်နေ့ ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ လက်ရှိ ရွေးကောက်ပွဲကော်မရှင်အသစ်အတွက် အထွေထွေရွေးကောက်ပွဲကြီးမတိုင်ခင် စမ်းသပ် လုပ်ဆောင်ခွင့်ရတဲ့ အခွင့်အလမ်းတခုဖြစ်တယ်လို့ ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခဲ့သူတွေက ပြောပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေရဲ့ ညှိနှိုင်း ဆွေးနွေးပွဲကို အောက်တိုဘာလ ၂၄ ရက်နေ့က ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

လက်ရှိ NLD အစိုးရက ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲတွေကို ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ်လို့ ကြေညာချက် ထုတ်ပြန်ပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် ကြားဖြတ်ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ညှိနှိုင်းဆွေးနွေးပွဲကို နိုင်ငံရေးပါတီပေါင်း (၇၀) က တာဝန်ရှိသူတွေနဲ့ တနင်္လာနေ့က ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အခုကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ လက်ရှိ ရွေးကောက်ပွဲကော်မရှင်အသစ်အနေနဲ့ အထွေထွေရွေးကောက်ပွဲကြီးမှာ အရင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေထက် ပိုမို ကောင်းမွန်တဲ့ ရွေးကောက်ပွဲ ဖြစ်လာရေးအတွက် အစမ်း လုပ်ခွင့်ရတဲ့ အခွင့်အရေး တခုဖြစ်တယ်လို့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို တနိုင်ငံလုံးအတိုင်းအတာနဲ့ လေ့လာ စောင့်ကြည့်ခဲ့တဲ့ ဒါနရှေ့ဆောင် အဖွဲ့က ဒေါက်တာ အောင်ထိုက်မင်းက ပြောပါတယ်။

“အခုလိုကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ်ဆိုတာ လက်ရှိကော်မရှင်အသစ်အတွက်ဆိုရင်တော့ ကျနော်ထင်ပါတယ် အထွေထွေရွေးကောက်ပွဲကြီးမတိုင်ခင်မှာ နယ်မြေအချို့ကိုသာပြုလုပ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲကိုလုပ်ခွင့်ရတာဟာ သူတို့အတွက် ပထမအဆင့် စမ်းသပ်လုပ်ဆောင်ရမယ့် ၊ ကြိုးစားကြည့်ရမယ့် အရာတခုလို့ ထင်ပါတယ်ခင်ဗျ။ ဆိုတော့ အထွေထွေရွေးကောက်ပွဲကြီးမဟုတ်သေးတဲ့အတွက် လက်ရှိနယ်မြေတွေမှာ အရင်ကဖြစ်ခဲ့တဲ့ လိုအပ်ချက်တွေ မှားယွင်းမူတွေ မရှိအောင်လုပ်နိုင်ဖို့ လိုမယ်လို့ ကျနော်ကတော့ မြင်တယ်ဗျ။ အဲဒီတော့ အရင်ကဖြစ်ခဲ့တဲ့ဟာတွေလို့ပြောရင် မဲစာရင်းတွေက မတိကျတာ၊ လွဲမှားတာ ၊ ပြန်ပြင်ဖို့လုပ်တဲ့အခါမှာ အခက်အခဲတွေ ကြုံခဲ့တာတွေ အဲလိုဟာတွေ ပြုပြင်သင့်တယ်လို့ထင်ပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ၆ ကြိမ်မြောက်ရွေးကောက်ပွဲ သာဖြစ်တာကြောင့် အတွေ့အကြုံနည်းပါးပြီး ဥပဒေ နည်းဥပဒေပိုင်း ဆိုင်ရာတွေမှာလည်း သိရှိမှု အားနည်းတယ်လို့ ရွေးကောက်ပွဲအပြီး လပိုင်းအကြာမှာ ပြုလုပ်တဲ့ ၂၀၁၅ ရွေးကောက်ပွဲ ပြန်လည် သုံးသပ်သပ်ပွဲအပြီးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အဲဒီအချိန်က ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ဦးတင်အေးက ဝန်ခံ ပြောကြားခဲ့တာပါ။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်း သတ်မှတ်ထားတဲ့ လူဦးရေနဲ့ မဲရုံအရွှေတွက် မမျှတမှုတွေ ရှိခဲ့တဲ့အတွက် မဲရေတွက်တဲ့နေရာမှာပါ နှောင့်နှေးကြံ့ကြာမှုတွေ ရှိခဲ့တဲ့အတွက် သတ်မှတ်ထားတဲ့ လူဦးရေနဲ့ မဲရုံအတွက် အချိုးအစား မျှတမှု ရှိအောင် အခုတကြိမ်မှာ အသေအချာ လုပ်ဆောင်သင့်တယ်လို့လည်း ဒေါက်တာ အောင်ထိုက်မင်းက ထောက်ပြပါတယ်။

“တကယ်ရွေးကောက်ပွဲလုပ်တဲ့အခါမှာ မဲရုံတွေပေါ့၊ မဲရုံတွေရဲ့ တည်နေရာ အခင်းအကျင်း နဲ့ တည်ဆောက်ပုံတွေကလည်း စနစ်တကျ ပြန်လည်ပြုပြင်ဖို့လိုမယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မဲရုံအတွက် သတ်မှတ်ထားတဲ့ လူဦးရေနဲ့ မဲဆန္ဒရှင်လူဦးရေနဲ့ မဲရုံအနေအထားတွေ ၊ အရေအတွက်တွေက မျှတမှု အချိုးညီမျှမှု မရှိတာတွေ ၊ တချို့မဲရုံတွေရဲ့ အခြေအနေတွေကြောင့်လူတွေဟာ မဲပေးရာမှာ အင်မတန် ခက်ခဲခဲ့တာတွေပေါ့နော်။ ဒါတွေပြန်ပြုပြင်သင့်တယ် နောက်ပြီး ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကြုံခဲ့တဲ့အတိုင်း မဲရုံအရေအတွက်နည်းတဲ့အတွက်ကြောင့် မိုးလင်းတဲ့အထိ ဆက်တိုက်ရေတွက်နေရတာတွေပေါ့နော် အဲဒါကြောင့် လုပ်ငန်းစဉ်နှေးကွေးခဲ့တာတွေ ။ အဲဒီအချက်အလက်တွေအပေါ်မူတည်ပြီးတော့ ကျနော်တို့တိုင်းရင်းသားဒေသတွေမှာပါ ရွေ့ပြောင်းနေထိုင်တဲ့သူတွေမှာရော မဲပေးဖို့ ခက်ခဲခဲ့တာတွေကို တွေ့ရတယ်။”

ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်း ဝေးလံခေါင်ဖျားတဲ့ တိုင်းရင်းသားဒေသတွေအပါအဝင် သာမန်ပြည်သူတွေထံကို ရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းတွေ အားနည်းမှုတွေ ရှိခဲ့တယ်ဆိုတာကိုလည်း တိုင်းရင်းသား နိုင်ငံရေးပါတီတွေက ထောက်ပြတာတွေ ရှိခဲ့ဘူးပါတယ်။

ဒါ့ကြောင့်လည်း ရွေးကောက်ပွဲမှာ အရေးကြီးတဲ့ အချက်တခုဖြစ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ လူထုပညာပေး လုပ်ငန်းတွေကိုလည်း အချိန်ယူပြီး လူအများစုနားလည်အောင် လုပ်ဆောင်သင့်တယ်လို့ ဒေါက်တာ အောင်ထိုက်မင်းက ဆက်ပြောပါတယ်။

“ ဒီတခေါက်မှာလည်း ကျနော့်အနေနဲ့ ကြားဖြတ်ရွေးကောက်ကျင်းပမယ့် ဒေသတွေမှာ အထူးအားနည်းခဲ့တဲ့အရာတခုကတော့ မဲ ဆန္ဒရှင် ပညာပေးတာပေါ့နော်။ ဆိုတော့ လက်ရှိကြားဖြတ်ပွဲလုပ်မယ့် ဒေသတွေမှာ မဲ ဆန္ဒရှင် ပညာပေးတာကို အထူးအာရုံစိုက်ပြီးတော့ ဂရုစိုက် လုပ်ဖို့လိုမယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာလည်း တကယ်က ကျနော်တို့ အရပ်ဖက် အဖွဲ့အစည်းတွေရယ် နောက်ပြီးတော့ စိတ်ဝင်စားမှုမြင့်မားပြီးတော့ မနက်ကတည်းက တန်းစီနေတဲ့ ပြည်သူလူထုတွေရယ်၊ နောက်ပြီး ဘေးက ကူညီတဲ့သူတွေရဲ့အကူအညီကြောင့်သာ အတော်လေးကို မဲဆန္ဒပေးခဲ့တဲ့သူ များပေမယ့် ကျနော်တို့အတွေ့အကြုံအရ မဲဆန္ဒရှင် အသိပညာနဲ့ ပတ်သက်ရင် အားနည်းနေသေးတာကိုတွေ့ရတယယ်။ အဲဒီတော့ ဖြစ်နိုင်မယ်ဆိုရင် တတ်နိုင်သလောက် စောစောနဲ့ ခဏခဏ မပြောင်းလဲပဲနဲ့ ဒီမဲပေးတဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြည်သူကိုသေချာပညာပေးတဲ့ ကိစ္စကို လုပ်ဆောင်သင့်တယ်လို့ ထင်ပါတယ်ခင်ဗျ။”

၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ် မဲဆန္ဒနယ် (၁၈) ခုကို ကျင်းပသွားဖို့ မူလက စီစဉ်ထားပေမယ့် ညောင်ရွှေမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ကွယ်လွန်သွားတာကြောင့် အဲဒီနေရာအတွက်ပါ တပါတည်း ကျင်းပသွားမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာလ ၂၄ ရက်နေ့ ဆွေးနွေးပွဲအပြီးမှာ ကြေညာလိုက်တဲ့အတွက် စုစုပေါင်း အမတ်နေရာ (၁၉) နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။

လက်ရှိ ရွေးကောက်ပွဲကော်မရှင်ကတော့ ရွေးကောက်ပွဲ အမည်စာရင်း တင်သွင်းခြင်းနဲ့ အချိန်ဇယားကိစ္စတွေကို သတင်းစာတွေမှာ ဆောလျင်စွာ ထုတ်ပြန်သွားမှာဖြစ်ကြောင်း၊ မဲစာရင်းတွေကိုလည်း တအိမ်တက်ဆင်း စံနစ်တကျ ကောက်ယူသွားဖို့ စီစဉ်ထားကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG