သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲ အစောဆုံး ၂၀၁၈ နှစ်လည် ကျင်းပမည်


၂၀၁၇ တုန်းက ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ဦးဆောင်တဲ့ အစိုးရလက်ထက် ဒုတိယအကြိမ်အဖြစ် လစ်လပ်နေတဲ့ လွှတ်တော် နေရာတွေအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ဒီနှစ်ထဲ ကျင်းပသွားဖို့ရှိပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ အာဏာရ NLD ပါတီ သာမက တခြားနိုင်ငံရေး အင်အားစုတွေလည်း အနိုင်ရနိုင်တဲ့ အလားအလာရှိနေကြောင်းလည်း အကဲခတ်တွေက ခန့်မှန်းနေကြတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်ကသတင်းပေးပို့ထားပါတယ်။

NLD အစိုးရလက်ထက် လစ်လပ်ခဲ့တဲ့နေရာ ၁၉ နေရာအတွက် ပထမဆုံးကြားဖြတ်ရွေးကောက်ပွဲကို ပြီးခဲ့တဲ့နှစ် ဧပြီလမှာ ကျင်းပခဲ့ပြီးနောက် ဒုတိယအကြိမ်အဖြစ် ကျန်နေရာတချို့အတွက် ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲကို ဒီနှစ်ထဲ ကျင်းပဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲအတွက် ရက်အတိအကျ မသတ်မှတ်ရသေးပေမဲ့လည်း ဒီနှစ်လည်လောက်မှာ ကျင်းပနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးလှတင့်ကပြောပါတယ်။

"ဘယ်လလောက်ဖြစ်မလဲဆိုတာ အတိအကျ Definitely တော့ပြောလို့မရသေးဘူးလေ၊ ဘာဖြစ်လို့ ပြောလို့မရသေးလဲဆိုတာ အကြောင်းတွေရှိတယ်။ အဲဒီအကြောင်းတခုက ဘာလဲဆိုရင် လောလောဆည် ကျနော်တို့က ပြည်နယ်၊ တိုင်းရယ်၊ ရခိုင်ရယ်၊ မြို့နယ်ရယ် ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲတွေ ကျနော််တို့ အသစ်တွေ ပြန်ဖွဲ့နေတယ်။ အဲဒါတွေ ပြီးလို့ရှိရင် ဒီကြားဖြတ်ရွေးကောက်ပွဲအတွက် သူတို့ကို ကျနော်တို့က သင်တန်းတွေပေးရဦးမယ် အဆင့်ဆင့် ၊ ဆင့်ပွားသင်တန်းတွေ အဆင့်ဆင့်ပေးရမယ်။ ဒီနှစ်စပိုင်းလောက်မှာတော့ မလုပ်နိုင်သေးဘူး၊ အခုနှစ်လည်ပိုင်း ကျော်ကျော်လောက်မှာ ဖြစ်ပါလိမ့်မယ် အဲလိုပေါ့နော် ဟုတ်ကဲ့။"

အခုဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ လစ်လပ်နေတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂ နေရာနဲ့ တိုင်းဒေသကြီးလွှတ်တော် ၅ နေရာ၊ စုစုပေါင်း ၇ နေရာအတွက် ကျင်းပသွားမှာ ဖြစ်ကြောင်းလည်း ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူ တဦးဖြစ်တဲ့ ဦးလှတင့်က ပြောပါတယ်။

"ချင်းမှာကတော့ ၂ နေရာရှိပါတယ်ခင်ဗျ ကန်ပက်လက်နဲ့ မတူပီပါခင်ဗျ အဲဒီမှာ တခုကတော့ တိုင်းဒေသ ချင်းပြည်နယ်လွှတ်တော်ပေါ့၊ နောက်တခုကတော့ ပြည်သူ့လွှတ်တော်ပေါ့ အဲဒီမှာ ၂ ခုရှိမယ်။ နောက်မန္တလေး သပိတ်ကျင်းမှာ ရှိမယ် အဲဒါကတော့ မန္တလေးတိုင်းဒေသကြီး ၊ နောက် စစ်ကိုင်းမှာ တမူးရှိမယ်ဗျာ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အတွက် ၊ နောက်ပြီး ရှမ်း မှာတော့ လဲချား ပြည်သူ့လွှတ်တော်လုပ်ပါမယ်။ နောက်ပြီးတော့ ပဲခူးတိုင်းက အုပ်တွင်းမြို့နယ်ပေါ့နော် အဲဒီမှာ ကြားဖြတ် ၁ နေရာလွှတ်တယ်။ နောက်တခါ ရခိုင်က ရသေ့တောင်ပေါ့နော် အဲဒီ တနေရာလွတ်ပါတယ် အားလုံး ၇ နေနေရာပါ။ အဲဒီ ၇ နေရာက မဖြစ်ဖြစ်အောင် ကျနော်တို့ လုပ်ပေးရမှာ မလုပ်လို့မရဘူး ဥပဒေမှာလည်း ပြဌာန်းပြီးသား ရှိတာကို အဲဒီ ကျနော်တို့ကို အကြောင်းကြားတဲ့ ၆ လအတွင်း မဖြစ်ဖြစ်အောင်လုပ်ရမယ် ၊ ၆ လဆိုတာက တကယ်တော့ အချိန်တော့နည်းတယ်ပေါ့ဗျာ။"

ပထမတကြိမ် ကျင်းပခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ NLD ပါတီက ၉ နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၂ နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၆ နေရာ၊ ရခိုင်အမျိုးသားပါတီက ၁ နေရာ၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ- ကယားပြည်နယ်က ၁ နေရာ အသီးသီး အနိုင်ရရှိခဲ့တာပါ။ ဒီတကြိမ်မှာ အလားတူ တခြားနိုင်ငံရေး အင်အားစုတွေ အနိုင်ရမယ့် အလားအလာတွေ ရှိနေတယ်လို့လည်း မြန်မာ့နိုင်ငံရေး အကဲခတ် ဒေါက်တာရန်မျိုးသိမ်း ကသုံးသပ်ပါတယ်။

"ဒီ ၂၀၁၈ မှာ တကယ်လို့ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ဖြစ်မယ်ဆိုရင် တိုင်းရင်းသားနိုင်ငံရေးပါတီတွေ အလားအလာကောင်းနိုင်တယ်လို့ မြင်တယ်။ ဒါပေမယ့် တိုင်းဒေသကြီးတွေ မှာ လစ်လပ်တဲ့ မဲဆန္ဒနယ်တွေမှာတော့ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပဲ အနိုင်ရနိုင်ခြေ များတယ်လို့ ကျနော်ကတော့ အဲလိုသုံးသပ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ တိုင်းဒေသကြီးတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ယှဉ်နိုင်လောက်တဲ့ နိုင်ငံရေးပါတီ မရှိသေးတာလည်း ပါတယ်ပေါ့လေ။ လက်ရှိအခြေအနေမှာ နိုင်ငံရေးစီးပွားရေး အခြေအနေတွေက အားရကျေနပ်လောက်တဲ့ အနေအထား မရှိသော်လည်းပဲ မြန်မာပြည်သူလူထုအများစုအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ယုံကြည်မှု အားကိုးမှု သူ့ခေါင်းဆောင်မှုအပေါ်မှာ အလေးထားမှုက မြင့်မြင့်မားမားရှိနေတယ်လို့ သုံးသပ်လို့ရတယ်။ အဲဒီအတွက်ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အသာစီးရနိုင်ဖို့ ဖြစ်စေတယ်လို့ အဲလိုသုံးသပ်ပါတယ်။"

ရွေးကောက်ပွဲဥပဒေအရ အကြောင်းအမျိုးမျိုးကြောင့် လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်သွားခဲ့ရင် လစ်လပ်တဲ့အကြောင်း လွှတ်တော်ဥက္ကဌက ကော်မရှင်ကို အကြောင်းကြားတဲ့နေ့ကစလို့ လွှတ်တော်သက်တမ်း ပထမနှစ်မှာ တစ်နှစ်အတွင်း အစားထိုး ရွေးကောက် တင်မြှောက်ရမှာဖြစ်ပြီး၊ လွှတ်တော်သက်တမ်း ဒုတိယနှစ် တတိယနှစ်နဲ့ စတုတ္ထနှစ်တွေမှာတော့ ခြောက်လအတွင်း အစားထိုးဖို့ ပြဌာန်းထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG