သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲကြောင့် ကယားပြည်နယ် NLD ပါတီဥက္ကဋ္ဌ တာဝန်မှ ရပ်ဆိုင်းခံရ


NLD ပါတီ ကယားပြည်နယ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်စည်သူ။
NLD ပါတီ ကယားပြည်နယ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်စည်သူ။

ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ကိုယ်စားလှယ်လောင်း လျှောက်လွှာ အချိန်မီတင်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကယားပြည်နယ် အလုပ် အမှုဆောင် ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်စည်သူကို ပါတီတာဝန်တွေကနေ ရပ်ဆိုင်း လိုက်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဧပြီလ ၃ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် ဖရူဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် NLD ပါတီ ကိုယ်စားလှယ်လောင်း ဦးပဲ့ဒူးကိုလည်း အလားတူ လျှောက်လွှာ အချိန်မီတင်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် မြို့နယ် အလုပ်အမှုဆောင်ဥက္ကဋ္ဌ ရာထူးကနေ ရပ်ဆိုင်း လိုက်ကြောင်း ဧပြီလ ၃ ရက်နေ့ ရက်စွဲနဲ့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က သီးခြား ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ကယားပြည်နယ်က ပါတီဝန်ရှိသူ ၂ ဦးကို အခုလို တာဝန်ကနေ ရပ်ဆိုင်းဖို့အတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကနေ ဧပြီလ ၂ ရက်နေ့မှာ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်းလည်း ကြေညာချက် ၂ ခုစလုံးရဲ့ အောက်ပိုင်း မှာ ဖော်ပြထားပါတယ်။

ဧပြီလ ၁ ရက်နေ့က အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေက လှစ်လပ်နေတဲ့ အမတ်နေရာ ၁၉ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပခဲ့တာမှာ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်ကလွဲလို့ ကျန်တဲ့ ၁၈ နေရာစလုံးမှာ NLD ပါတီက ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

ဖရူဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) အတွက် လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်) ၊ အမျိုးသားတိုးတက်ရေးပါတီနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စတဲ့ ပါတီ ၃ ပါတီ ဝင်ရောက် ယှဉ်ပြိုင်ကြတာမှာ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီက ဦးသဲရယ်က တိုင်းဒေသကြီးလွှတ်တော်အမတ်အဖြစ် ရွေးကောက် တင်မြောက်ခံခဲ့ရပါတယ်။

ပါတီတာဝန်ရှိသူတွေရဲ့ လုပ်ငန်းတာဝန်ပျက်ကွက်မှုကြောင့် NLD ပါတီအနေနဲ့ ဖရူဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) အတွက် ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်း မရှိတဲ့အတွက် ဒီကိစ္စမှာ တိုက်ရိုက်တာဝန်ရှိသူ ၂ ဦးကို အခုလို ရာထူးကနေ ရပ်ဆိုင်း လိုက်တာလည်း ဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတဲ့ အမတ်နေရာ စုစုပေါင်း ၁၉ နေရာမှာ NLD ပါတီက ချင်းပြည်နယ်ကလွဲလို့ ကျန်တဲ့ တိုင်းရင်းသားဒေသတွေမှာ အနိုင်မရခဲ့ပါဘူး။ ဒါပေမယ့် ရန်ကုန်တိုင်းအတွင်းက အမတ်နေရာအားလုံးအပြင် - ပဲခူးနဲ့ စစ်ကိုင်းတိုင်း ဒေသကြီး တွေမှာလည်း အနိုင်ရပြီး စုစုပေါင်း အမတ်နေရာ ၉ နေရာ ရွေးကောက် တင်မြောက်ခံခဲ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG