သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

California ရေကာတာရေလွှဲပေါက် ကျိုးပေါက်မည့်ဘေး လူသိန်းချီရွှေ့ပြောင်း


အမေရိကန်ပြည်ထောင်စု California ပြည်နယ်မှာရှိတဲ့ နိုင်ငံရဲ့ အမြင့်ဆုံးရေကာတာကြီးရဲ့ ပျက်စီးနေတဲ့ အရေးပေါ် ရေလွှဲပေါက်ကြီးကို ပြင်ဆင်နိုင်ဖို့ ကြိုးစားနေကြတာနဲ့အတူ အဲဒီနားတဝိုက်မှာနေထိုင်နေကြသူ ၂ သိန်းနီးပါးဟာ ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ကြရပါတယ်။ ရေကာတာကြီးရဲ့ နောက်ဆုံး အခြေအနေနဲ့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ အခြေအနေကို မစုမြတ်မွန်က စုံစမ်းတင်ပြပါမယ်။

မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီးနောက် California ပြည်နယ် San Francisco မြို့အနောက်မြောက်ဖက် မိုင် ၁၅၀ လောက်မှာရှိတဲ့ Oroville ရေကာတာကြီးမှာ ရေအမှတ် စိုးရိမ်ရလောက်အောင် မြင့်တက်ခဲ့တဲ့အတွက် ရေကာတာရဲ့ အရေးပေါ်ရေလွှဲပေါက်ကို စနေနေ့က ဖွင့်ခဲ့ရပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ နီးပါးမှာ ဆောက်ခဲ့ပြီးထဲက ပထမဆုံးအကြိမ်အကြိမ်အသုံးပြုတဲ့ ရေလွှဲလမ်းကြောင်းမှာ ဆွေးမြေ့ပြီး အပေါက်ကြီးဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့် ရေကာတာ အောက်ပိုင်းတလျှောက်က မြို့တွေရေကြီးနိုင်တဲ့ အန္တရာယ်ရှိတာကြောင့် လူပေါင်း ၂ သိန်းနီးပါးကို ဘေးလွတ်ရာပြောင်းရွှေ့ကြဖို့ တာဝန်ရှိသူတွေက အမိန့်ထုတ်ခဲ့ပါတယ်။ တနင်္ဂနွေနေ့ညနေပိုင်းကစလို့ ဒေသခံတွေ ဘေးလွတ်ရာ ပြောင်းရွှေ့နိုင်ကြဖို့အတွက် ပြည်နယ် တာဝန်ရှိသူတွေ ကူညီစီစဉ်ပေးခဲ့ပါတယ်။ Oroville ရေကာတာကြီးရှိတဲ့နေရာကနေ အထက်ဖက် ၁၅ မိုင်လောက်မှာရှိတဲ့ Chico မြို့မှာ ဘေးလွတ်ရာပြောင်းလာသူ ၁ သိန်း ကျော်လောက်ရောက်လာတယ်လို့ အဲဒီမြို့မှာနေတဲ့ ကိုမိုးဇော်အောင်က VOA ကိုခုလိုပြောပြပါတယ်။

“တနင်္ဂနွေနေ့ ညနေ၄ နာရီလောက်ကနေပြီးတော့ ဒီဘက်မှာ မဖြစ်မနေ ရေလွှမ်းမိုးနိုင်တဲ့ မြို့တွေကို ဒေသခံ တာဝန်ရှိတဲ့ အာဏာပိုင်တွေကနေပြီးတော့ ပြောင်းရွှေ့ဖို့ အမိန့်ထုတ်ပြန်လိုက်တဲ့အတွက် အောက်ဘက်မှာရှိတဲ့ မြို့တွေဖြစ်တဲ့ Marysville ,Yuba , Oroville မြို့ကနေပြီးတော့ လူ ၁ သောင်းကျော်က ကျနော်တို့နေတဲ့ Chico မြို့ကိုရောက်လာတယ်။ အဲဒီ Chico မြို့မှာပဲ သူတို့ နေရာထိုင်ခင်းတွေချပေးထားတယ်၊ Church တို့ College ၊ High school တို့ မှာနေရာချပေးထားတယ် မြို့လူတွေ ကလည်း သူတို့ အစားအသောက်တွေ သွားရောက်ကူညီပေးပါတယ်။

မေး။ ။အခုဖြစ်နေတဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီးတော့ ဒေသခံတာဝန်ရှိသူတွေက ပြည်သူတွေသိအောင်လို့ ဘာတွေလုပ်ပေးနေပါသလဲရှင့်။

ဖြေ။ ။ သူတို့က ၁ နာရီအတွင်းမှာ သတင်းစာရှင်းလင်းပွဲတွေလုပ်ပေးတယ်။ နောက် California Governor ကနေပြီးတော့ မြို့အရန်တပ်ဖွဲ့ ၂သောင်း ၃ ထောင်လောက်ရှိတာကို တပ်လန့်ထားပြီးတော့ တကယ်လိုအပ်လာရင် ရေလွှမ်းမိုးတဲ့နေရာတွေကို သွားရောက်ကူညီဖို့ နေရာယူဖို့အတွက်ကို အမိန့်ပေးထားတယ်။ နောက်တခါ ဒီမြို့မှာရှိတဲ့ Fire department တွေမှာလည်း မော်တော်ဘုတ်အသေးစားတွေပေ့ါလေ သေချာစီစဉ်ထားပြီးတော့ အဆင်သင့် အရန်သင့်လုပ်ထားပေးထားတယ်။

မေး။ ။အခုဒီရေကာတာနဲ့ ပတ်သက်ပြီးတော့ ပြဿနာ ဖြစ်နေတဲ့နေရာကို ပြင်ဖို့ကြိုးစားနေတယ်ပေါ့လေ အဲဒီအခြေအနေက နောက်ဆုံးသိရသလောက် ဘယ်လိုအခြေအနေ မှာရှိနေပါသလဲရှင့်။

ဖြေ။ ။မနေ့ညကနေပြီးတော့ တစက္ကန့်ကို ၁သိန်းကုဗအထိလောက်ရေတွေလွှတ်ပေးလိုက်တော့ ၆ ပေလောက်တော့ကျသွားတယ်။၆ ပေလောက်ကျသွားတော့ ရေကာတာဘေးက ရေမလျှံတော့ဘူး၊ မလျှံတော့ပဲနဲ့ ဒီဘက်ဘေးနားမှာရှိတဲ့နေရာတွေကို သူတို့သွားကြည့်ပြီးတော့ ၁ ရက် -၂ ရက်အချိန်ရတယ် ၊ အဲဒီကျမှ သူတို့ပြင်ဆင်မှုတွေ အရေးပေါ် Repair လုပ်တာတွေသွားလုပ်နေတယ်။

မေး။ ။တကယ်လို့ သူတို့အခုလိုမျိုး အရေးပေါ်ပြင်ဆင်မှုတွေ အချိန်မှီမလုပ်နိုင်ဘူးဆိုရင် အဲဒီကထွက်လာတဲ့ရေတွေက အောက်ပိုင်းမှာရှိတဲ့ မြို့ဘယ်နှစ်ခုလောက်ကို ထိခိုက်နိုင်သလဲ၊ အဲဒီအတွက် အန္တရာယ်ရှိသလဲရှင့်။

ဖြေ။ ။ဒီရေထွက်ပေါက်ကနေပြီးတော့ ရေတွေလျှံပြီးတော့ တိုက်စားမှုတွေဖြစ်သွားရင် အဲဒါပြိုကျသွားနိုင်တယ်၊ ပြိုကျသွားတဲ့အခါ အဲဒီ dam ထဲကရေတွေက ဒလဟောထွက်လာပြီးတော့ အောက်မှာရှိတဲ့ ဒီမြို့၃ ခုဖြစ်တဲ့ Oroville , Marysville ,Yubaတွေကို ရေလွှမ်းသွားနိုင်တယ် အဲဒီနေရာမှာရှိတဲ့ လူနေအိမ်ခြေ ၂ သိန်းလောက်က ဒုက္ခရောက်သွားနိုင်တယ်။”

Oroville ရေကာတာကနေ ၁၅ မိုင်လောက်ပဲ ဝေးတဲ့ Chico မြို့က ကိုမိုးဇော်အောင်ပြောပြခဲ့တာဖြစ်ပါတယ်။ ဆွေးမြေ့ပြီး အပေါက်ကြီးဖြစ်နေတဲ့ အဓိက ရေလွှဲလမ်းကြောင်းကို တာဝန်ရှိသူတွေ အချိန်မှီ ပြင်ဆင်နိုင်ဖို့ကြိုးစားနေကြပါတယ်။

တကယ်လို့ မပြင်ဆင်နိုင်ဘဲ ပြိုကျခဲ့တယ်ဆိုရင် ပေ ၃၀ လောက်မြင့်တဲ့ ရေလှိုင်းကြီး Oroville မြို့ဘက်စီးဆင်းသွားမှာကို တာဝန်ရှိသူတွေ စိုးရိမ်နေကြတာဖြစ်ပါတယ်။ လောလောဆယ် ရေကာတာထဲက ရေအမှတ်ကျဆင်းသွားတဲ့အတွက် ရေလွှဲလမ်းကြောင်းပြိုကျနိုင်တဲ့ အန္တရာယ်အပေါ် စိုးရိမ်စိတ် အနည်းငယ်သက်သာရာရခဲ့ပါတယ်။ ဒါပေမဲ့ အခုသီတင်ပါတ်နှောင်ပိုင်းမှာ မိုးထပ်ရွာမယ်လို့ ခန့်မှန်းထားတဲ့အတွက် အချိန်လုပြီးပြင်ဆင်နေရပါတယ်။ ပြင်ဆင်မှုတွေ စိတ်ချရလောက်အောင် မပြီးမချင်း ရေကာတာအောက်ပိုင်းမှာရှိတဲ့ မြို့တွေက လူတွေကို နေရပ်မပြန်ကြဖို့ အမိန့်ထုတ်ထားပါတယ်။ Oroville ရေကာတာကြီးဟာ California ပြည်နယ်မှာ သောက်သုံးရေနဲ့ လယ်ယာစိုက်ခင်းတွေအတွက် အဓိကရေပေးဝေနေတဲ့ ရေကာတာကြီးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG