အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်တောင်ပိုင်းမှာ ငါးရက်ကြာ တောမီးကူးစက်လောင်ကျွမ်းမှုအခြေအနေ ဆိုးရွားလာမှုကြောင့် အဓိက ခရိုင်(၅)ခုမှာ အရေးပေါ်အခြေအနေအဖြစ် သမ္မတ ဒေါ်နယ်ထရန့်က ကြေညာလိုက်ပါတယ်။
မီးဘေးဒုက္ခသည်တွေအတွက် ဘေးလွတ်ရာ စခန်းတွေချပေးထားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ အရှိန်မြှင့်လုပ်ဆောင်နေသလို စနေနေ့ကတော့ အချို့ လူနေရပ်ကွက်တွေ မီးကူးစက်လောင်ကျွမ်းမှုမရှိအောင် မီးသတ်သမားတွေ တားဆီးနိုင်ခဲ့ပါတယ်။
ကာလီဖိုးနီးယားပြည်နယ်မှာ နေထိုင်တဲ့ မြန်မာနွယ်ဖွားတဦးနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ပြောပြမှာပါ။
မြန်မာဆရာဝန် ဒေါက်တာ ဝေေ၀စိုးဟာ တောမီးစတင်လောင်ကျွမ်းတဲ့ ကာလီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိခရိုင်မှာ နေထိုင်သူဖြစ်ပါတယ်။ မီးကူးစက်လောင်ကျွမ်းနေတဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ မေးကြည့်ရာမှာ သူက အခုလိုစပြောပါတယ်။
“အခု အခြေအနေက သိပ်မဆိုးဘူး။ လေက နဲနဲ ငြိမ်သွားတယ်။ သိပ်မဆိုးဘူးလို့ ပြောတာပဲ။ အခုလောလောဆယ် အမ နေတဲ့ဘက်က တောမီးနဲ့တော့ နီးတယ်။ အရမ်းအနီးကြီးတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် အမရဲ့ အသိတွေ၊ လူနာတွေကတော့ evacuation ဇုံထဲမှာပါတယ်။ အမတော့ evacuation ဇုံထဲမှာ မပါဘူး။”
မေး။ ။ ဒီတခေါက် လောင်နေတဲ့ တောမီးက ဘယ်လောက်ထိ ဆိုးသလဲရှင့်။
ဖြေ။။ တော်တော်ဆိုးတယ်။ တော်တော်ဆိုးတယ် ဆိုတာ အချိန်အားဖြင့်လည်း တပတ်လောက်ကြာနေပြီ။ နောက်ပြီးတော့ လူနေအိမ်ခြေတွေနဲ့လည်း နီးတယ်။ ခါတိုင်းဆို တောမီးက အကြာကြီးတော့ လောင်တယ်။ ဒါပေမယ့် အိမ်တွေကို မထိခိုက်ဘူး။ အခုဟာကျတော့ အိမ်တွေ တော်တော်များများ မီးထဲပါတယ်။ ဘေးလွတ်ရာကို ထွက်ပြေးရတဲ့ လူတွေလည်း အများကြီးပဲ။ နောက်ပြီးလေထဲမှာလည်း မီးခိုငွေ့တွေက တော်တော်များတယ်။ တောင်တွေပေါ်မှာ အပင်တွေလောင်နေတယ်။ နောက် လေက အရမ်းတိုက်တယ်။ တချို့အိမ်တွေက တောင်ခြေနားမှာရှိတယ်။ အဲဒီအိမ်တွေကို ကူးတာပေါ့နော်။ အခုဆို အဝေးပြေးလမ်းတွေနားထိလောင်နေတာ။ မီးတောက်တွေအများကြီးပဲ။ အဝေးပြေးလမ်းပေါ်မှာ မောင်းနေတဲ့ ကားတွေပေါ်ကနေ မြင်နေရတာ။ တချို့ဓါတ်ပုံတွေဆို မီးတောက်တွေကြားထဲမှာ ကားတွေမောင်းနေသလိုပဲ။ တကယ့်ကို ကြောက်စရာကြီး။
မေး။။ သက်ဆိုင်ရာ ပြည်နယ်အစိုးရရော၊ တာဝန်ရှိသူတွေရော တောမီးလောင်တဲ့ အခြေအနေနဲ့ပတ်သက်လို့ အဲဒီကလူထုကို ဘာတွေ ကူညီဆောင်ရွက်ပေးနေလဲရှင့်။
ဖြေ။ ။ ဆောင်ရွက်ပေးနေတဲ့ အခြေအနေတွေကတော့ အရမ်းကောင်းတယ်။ သူတို့တွေ လူအင်အား၊ ပစ္စည်းအင်အား၊ အကုန်လုံး ရှိရှိသမျှသုံးပြီးတော့ အဆက်မပြတ်လောင်နေတဲ့ နေရာတွေမှာ ကာလီဖိုးနီးယား မီးသတ်တပ်ဖွဲ့ကနေ တာဝန်ယူငြိမ်းသတ်ဆောင်ရွက်ပေးနေတယ်။ နောက်ပြီး သူတို့ရဲတွေက ဘေးလွတ်ရာကို ထွက်ခွာဖို့ တလမ်းဝင်တလမ်းထွက် အသံချဲ့စက်တွေနဲ့ အော်ပြီး သတိပေးနေတယ်။ နောက်ဆေးရုံဆေးခန်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုကတော့ အမြဲတမ်းကို alert ဖြစ်နေတာပေါ့။ လူအင်အားနဲ့ လူနာတွေကို ဆေးရုံအရောက်ပို့ပေးတာတွေလည်း တွေ့ရတယ်။
အဓိက တောမီးကူးစက်လောင်နေတဲ့ Los Angeles, Riverside, San Diego, Santa Barbara နဲ့ Ventura ခရိုင် (၅)ခုကို အရေးပေါ် အခြေအနေ အဖြစ် သမ္မတ ဒေါ်နယ်လ် ထရမ့်က ကြေညာထားပါတယ်။ ဒါအပြင် အမိမြေလုံခြုံရေးနဲ့ အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီတို့ ပူးပေါင်းပြီး ဘေးအန္တရာယ်ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေပါတယ်။ မီးဘေးဒုက္ခသည်ပေါင်း ၂ သိန်းနီးပါးလောက်ရှိနေပြီးဘေးလွတ်ရာမှာ ခိုလှုံဖို့ စာသင်ကျောင်းတွေ၊ အစိုးရပိုင် အဆောက်အဦတွေမှာ စခန်းတွေချပေးထားပြီး အမေရိကန်ကြက်ခြေနီအသင်းနဲ့အတူ စေတနာ့ဝန်ထမ်းတွေ ပူးပေါင်း ကူညီနေကြပါတယ်။
စနေနေ့က ရာသီဥတုကောင်းလာတဲ့အတွက် လူနေအိမ်ခြေရှိတဲ့ နေရာတချို့မှာ တောမီးကူးစက်လောင်ကျွမ်းမှုနည်းအောင်လေယာဉ်ငယ်တွေ ပျံသန်းပြီး မီးငြိမ်းသတ်မှုကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ အခုချိန်ထိ ကြီးမားတဲ့ တောမီးကူးစက်လောင်ကျွမ်းမှုကြောင့် သေဆုံးသူ တဦးပဲရှိခဲ့ပြီး သောကြာနေ့က ဘေးလွတ်ရာကို မောင်းနှင်ထွက်ခွာလာတဲ့ မော်တော်ယာဉ် အချင်းချင်း မတော်တဆ တိုက်မှုကြောင့် အသက် ၇၀ အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့တာဖြစ်ပါတယ်။ မီးသတ်သမား နှစ်ဦးအပါအဝင် ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း ငါးဦး သာရှိခဲ့ပါတယ်။
တနင်္ဂနွေနေ့ထိ ခြောက်သွေ့တဲ့ လေဟာ တနာရီကို ၃၅ မိုင်ကန ၅၅ မိုင်ထိ တိုက်ခတ်နိုင်တာကြောင့် တောမီးလောင်ကျွမ်းမှုကို ပိုပြီး အားကောင်းစေနိုင်ကြောင်း မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။ ကာလီဖိုးနီးယားပြည်နယ်တောင်ပိုင်း လက်ရှိ တောမီးကူးစက်လောင်ကျွမ်းမှု အကျယ်အဝန်းဟာ စတုရန်းမိုင်ပေါင်း ၁၅၀၀ ကျော်ထိရှိနေကြောင်း ကာလီဖိုးနီးယား မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။