သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်လီဖိုးနီးယားတောမီးနဲ့ ရင်ဆိုင်ဖို့ မီးသတ်သမားတွေ အင်အားဖြည့် 


ကယ်လီဖိုးနီးယားပြည်နယ်မှာလောင်နေတဲ့တောမီးကို လေယာဥ်နဲ့မီးငြိမ်းသတ်ပေးနေစဥ်။ (ဇန်နဝါရီ ၁၃၊ ၂၀၂၅)
ကယ်လီဖိုးနီးယားပြည်နယ်မှာလောင်နေတဲ့တောမီးကို လေယာဥ်နဲ့မီးငြိမ်းသတ်ပေးနေစဥ်။ (ဇန်နဝါရီ ၁၃၊ ၂၀၂၅)

ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းမှာ လေပြင်းတိုက်ခတ်ပြီး ခြောက်သွေ့မှုတွေကြောင့် တောမီးလောင်ကျွမ်းမှုတွေ ပိုဆိုးလာနိုင်တာကြောင့် မီးသတ်သမားတွေ လူအင်အားနဲ့ စက်ပစ္စည်းအကူအညီတွေတိုးပြီး ဒီကနေ့ ပြင်ဆင်နေကြပါတယ်။

အမေရိကန် အမျိုးသားမိုးလေဝသဌာနကတော့ ဒီကနေ့ လေတိုက်နှုန်း တနာရီကို ၁၀၀ ကီလိုမီတာ ထက် ကျော်နိုင်ခြေရှိတယ်လို့ ခန့်မှန်းထားပြီး ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းဒေသတွေမှာ ကြီးမားတဲ့မီးလောင်နိုင်တဲ့အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က Los Angeles ဒေသမှာ တောမီးစလောင်တုန်းက အခြေအနေနဲ့ နှိုင်းယှဉ်ရင် မီးသတ်သမားတွေအနေနဲ့ လက်ရှိအချိန်မှာ ပိုကောင်းမွန်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်ထားနိုင်တယ်လို့ Los Angeles ခရိုင် မီးသတ်တပ်ဖွဲ့အကြီးအကဲ Anthony Marrone က မနေ့ တနင်္လာနေ့က ပြောပါတယ်။ ဒါပေမယ့် လေတိုက်နှုန်း အရမ်းမြင့်မှာဖြစ်တဲ့အတွက် မီးသတ်တဲ့နေရာမှာ အရေးပါတဲ့ လေယာဉ်နဲ့ ရေလိုက်လောင်းရတဲ့အစီအစဉ်ကိုတော့ ဆိုင်းငံ့ထားရကောင်း ဆိုင်းငံ့ထားရနိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Los Angeles မြို့အနီးဝန်းကျင်က နေရာလေးခုမှာ တောမီးတွေ စလောင်ခါစအချိန်တုန်းကလည်း လေအရမ်းတိုက်လွန်းတဲ့အတွက် အဲဒီလို လေယာဉ်နဲ့ ရေလိုက်လောင်းရတဲ့ အစီအစဉ်ကို ရပ်နားထားခဲ့ရပါတယ်။ အခုချိန်ထိ စတုရန်း ကီလိုမီတာ ၁၆၀ ကို မီးလောင်ကျွမ်းခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အခုလောင်နေတဲ့ တောမီးကြောင့် သေဆုံးသူ ၂၄ ဦးထက်မနည်း ရှိခဲ့ပြီး ပျောက်ဆုံးနေတယ်လို့ သတင်းပို့ခံရသူတွေကို အာဏာပိုင်တွေက မီးလောင်ပြီးတဲ့နေရာတွေမှာ လိုက်လံ ရှာဖွေနေပါတယ်။ ဒီဒေသက လူ တသိန်း (၁၀၀,၀၀၀) လောက်ကိုလည်း မဖြစ်မနေ ဘေးကင်းရာကို ရှောင်တိမ်းပေးကြဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ပြန်ထားပါတယ်။

ကယ်လီဖိုးနီးယားတောမီးနဲ့ ရင်ဆိုင်ဖို့ မီးသတ်သမားတွေ အင်အားဖြည့်
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG