သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်လီဖိုးနီးယားတောမီး ဒေသခံမြန်မာတွေ စိုးရိမ်


ကယ်လီဖိုးနီးယား Napa ခရိုင်က မီးလောင်ပြင် မြင်ကွင်း
ကယ်လီဖိုးနီးယား Napa ခရိုင်က မီးလောင်ပြင် မြင်ကွင်း

တောမီး လောင်ကျွမ်းနေတဲ့ အမေရိကန် အနောက်ဖက်ခြမ်း ကယ်လီဖိုးနီးယား ပြည်နယ်မှာ အခုချိန်ထိသေဆုံးသူ အနည်းဆုံး (၂၁)ဦးရှိနေပြီး၊ အဲဒီဒေသတဝိုက် လောင်စာ Gas နဲ့ လျှပ်စစ်မီး ဖြတ်တောက်ထားသလို မီးစွယ် မကျိုးသေးတာကြောင့် ဒေသခံမြန်မာနွယ်ဖွား အမေရိကန် နိုင်ငံသားတွေလဲ စိုးရိမ်စိတ်နဲ့နေနေ ကြရတယ်လို့ VOA ကိုပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညသန်းခေါင်အချိန်က စပြီး ခုချိန်ထိ လောင်ကျွမ်းနေတဲ့ ကယ်လီဖိုးနီးယားပြည်နယ်က တောမီးကို ထောင်ချီတဲ့ မီးသတ် သမားတွေ ငြှိမ်းသတ်နေပေမဲ့ လေတိုက်နှုန်းနဲ့ အပူချိန်အတက်အကျ ရှိနေတာကြောင့် တချို့နေရာတွေမှာ အခုချိန်ထိ မီးစွယ်မကျိုးသေးဘူး လို့ ဒေသခံတွေက VOA ကိုပြောပါတယ်။

ကယ်လီဖိုးနီးယား တောမီးဟာ San Francisco မြို့မြောက်ဘက်ပိုင်း ကမ္ဘာလှည့် ခရီးသည်တွေ စိတ်ဝင်စားရာ ဝိုင်ထုတ်လုပ်တဲ့ Napa ခရိုင် ဘက်မှာ စတင်လောင်ကျွမ်း တာဖြစ်ပြီး၊ Sonoma နဲ့ Santa Rosa စတဲ့ခရိုင်တွေကို ကူးစက် လောင်ကျွမ်းခဲ့ တာကြောင့် အခုချိန်ထိ အနည်းဆုံး လူ(၂၁)ဦးသေဆုံးကာ၊ ရာနဲ့ချီတဲ့ ဒေသခံတွေ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ပြည်နယ်အာဏာပိုင်တွေက သတင်းထုတ်ပြန်ထား ပါတယ်။ လေပြင်း ပြန်တိုက်လာနိုင်ခြေ ရှိတာကြောင့် တောမီးထပ်ပျံ့မယ့် အန္တရာယ် အတွက် စိုးရိမ်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

မီးစတင် လောင်ကျွမ်းခဲ့တဲ့နေ့က အတွေ့အကြုံကို Santa Rosa ခရိုင်မှာနေတဲ့ ကိုမြင့်ဌေးက ခုလိုပြောပြပါတယ်။

“ ကျနော်တို့အိပ်ယာထတာ ၄နာရီခွဲလောက်ပေါ့လေ။ အလုပ်သွားမလို့လည်း ပြင်နေတာပေါ့။ Apartment မှာနေတော့ မန်နေဂျာကနေ တခါးတွေ လိုက်ခေါက် သတိပေးတယ်။ အဲဒီအချိန်မှာ မီးကအတော်တောက်နေပြီ၊ ကျနော်တို့နဲ့က ၂ ဘလောက် လောက်ပဲ ကွာတော့မယ်။ အဲဒီအချိန်မှာ Hilton ဟိုတယ်ကို မီးလောင်နေပြီ။ ကျနော်တို့လဲ ကဗျာကယာ ကားပေါ် ပစ္စည်းတွေထည့်ပေါ့။ အဲဒီမှာ သူငယ်ချင်းတွေဆီ သွားတယ်။ လွတ်ရာပြေးဖို့ပေါ့လေ။ မီးက မနေ့ကအထိတော့ နည်းနည်း သက်သာသွားတယ်။ အခုတောင် မသေသေးဘူး ဒီနေ့ထိလည်း နည်းနည်းလေးတော့ ရှိနေတုန်းပဲ မီးခိုးကတော့ ရှိနေတုန်းပဲ ”

တောမီဟာ Santa Rosa ခရိုင်နဲ့သိပ်မဝေးတဲ့ Marin ခရိုင် Novato မြို့ဘက်ကို ခုန်ကူးပြီး လောင်ကျွမ်းခဲ့တယ်လို့ Novato မြို့က မြန်မာ စားသောက်ဆိုင် ပိုင်ရှင် ဒေါ်ခင်သက်ဦးက ပြောပါတယ်။

“ မီးလောင်တဲ့နေရာက Santa Rosa မှာ။ ကျမတို့က Marin County, Novato မှာနေတာ.. သိပ်မဝေးဘူးပေါ့။ ညဘက် မီးလောင်နေတာ ကျမတို့ မသိဘူး။ မနက် အိပ်ယာထတော့ အပြင်မှာ Smoke တွေနဲ့ ကားပေါ်မှာလဲ မီးခိုးမှုန့်တွေ မြင်တော့မှ .. အဲဒီတော့မှ ကျမတို့သိတာ။ ကျမတို့ဆို စိုးရိမ်တာပေါ့နော်။ မနေ့က မနက်ကပဲ ကျမတို့ Marin County ထဲမှာပဲ မြက်ခြောက်ကနေစပြီး နည်းနည်းလေး လောင်သွား တယ်ပေါ့နော်။ ဒါပေမဲ့ အချိန်မီ ချက်ခြင်း ငြိမ်းသတ်နိုင်ခဲ့တယ်။ အခုက ဘယ်လိုလဲဆိုတော့ အပြီးသတ်တော့ မပြီးသေးဘူး၊ သူက လေတိုက်တဲ့ပေါ်မှာ မူတည်ပြီးတော့ လေတိုက်ဘက်ပျံ့ပြီးတော့ လောင်တာ။ ညပိုင်းဆိုလဲ တချိန်လုံး သတင်းကို ဖွင့်ထားရတယ်။ မျက်စိဖွင့် နားဖွင့်နဲ့ပဲ နေနေရတာလေ။ ကျမတို့ အနီးနားတဝိုက်ကလူတွေ သတိနဲ့နေဖို့ပေါ့နော်.. တခုခုဖြစ် တာနဲ့ အိမ်ကိုထားပြီး အကုန်လုံးထားပြီး ထွက်သွားကြဖို့ Governor ကနေပြီးသတိပေးထားတယ်။ Santa Rosa မှာ တမြို့လုံးနီးပါး ဆိုင်တွေ ပိတ်ထားတယ်။”

မီးအန္တရာယ် လုံခြုံရေးအတွက် Santa Rosa ခရိုင်မှာ ခုချိန်ထိ လျှပ်စစ်မီးနဲ့ Gas ပိုက်လိုင်းတွေ ဖြတ်တောက်ထားကြောင်း ကိုမြင့်ဌေးက ပြောပါတယ်။

“ အဓိကက ကျနော်တို့ဆီမှာ မီးဖြတ်ထားတယ်။ ရေတော့လာတယ်။ ဒါပေမဲ့ ဂက်စ်လိုင်းတွေတော့ ပိတ်ထားတယ်။ အိမ်မှာတော့ ထမင်း ဟင်း ချက်လို့မရဘူး။ သူငယ်ချင်းအိမ်မှာပဲ စုပြီး ချက်စားကြတယ်။ တခါတလေ အပြင်မှာထွက်စားတယ်။ တချို့နေရာတွေ ဖွင့်ပါတယ်။ အဓိက စတာကတော့ Napa ခရိုင်က စလောင်တာပဲ။ အဲဒီအချိန်တုန်းက လေက တနာရီကို မိုင်(၃၅)-(၄၀) လောက်တိုက်နေတယ်။ အခု သူတို့ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားတယ်။ အဲဒီမှာနေကြတာရှိတယ်။ ကျန်တာတော့ ပုံမှန်ပဲ၊ တဖြည်းဖြည်း ပုံမှန် ဖြစ်သွားမှာပဲ။ ”

ကယ်လီဖိုးနီးယားပြည်နယ် သစ်တောနဲ့ မီးဘေးအန္တရာယ်ကာကွယ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ လေတိုက်နှုန်းနဲ့ ခြောက်သွေ့တဲ့ ရာသီဥတု အခြေအနေက မီးစွယ်ကျိုးဖို့ အခက်အခဲဖြစ်နေပြီး ဗုဒ္ဓဟူးနေ့အထိ အကျယ်ဝန်းဧကပေါင်း (၁)သိန်း(၇)သောင်းလောက်မှာ အိမ်ခြေအပါဝင် စီးပွားရေး အဆောက်အဦပေါင်း (၃၅၀၀)ကျော် မီးလောင်ကျွမ်းခဲ့ပြီးဖြစ်ပါတယ်။ ဒီတောမီးကြောင့် ကယ်လီဖိုးနီးယားပြည်နယ် ခရိုင် ၈ ခုမှာ အရေးပေါ်အခြေအနေ ကြေညာထားပြီး အခုချိန်ထိ ပျောက်ဆုံးနေသူ (၅၀၀)ကျော် ရှိကာ လူပေါင်း(၂)သောင်းကျော်ကို မီးဘေးနဲ့ ဝေးရာကို ရှောင်တိမ်းကြဖို့ သတိပေးထားပါတယ်။

California တောမီး ဒေသခံမြန်မာတွေ စိုးရိမ်
please wait

No media source currently available

0:00 0:03:57 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG