ကနေဒါဝန်ကြီးချုပ် Justin Trudeau ဟာ သူခေါင်းဆောင်မှုအပေါ် မကျေနပ်မှုတွေ တိုးလာတာကို ရင်ဆိုင်နေရတဲ့နောက်၊ ရာထူးကနေ နုတ်ထွက်မယ်လို့ ကြေညာလိုက်ပါတယ်။
ဒီမတိုင်ခင်လေးပဲ သူ့အစိုးရအဖွဲ့အတွင်း ဘဏ္ဍာရေးဝန်ကြီးက ရာထူးက ရုတ်တရက်နုတ်ထွက်သွားတာကြောင့်၊ အစိုးရအဖွဲ့အတွင်း ကမောက်ကမ အခြေအနေတွေ တိုးလာနေတယ်ဆိုတာ ပြနေပါတယ်။ အစိုးရအဖွဲ့အတွင်းပြဿနာတွေကိုကြည့်ရင် လာမယ့်ရွေးကောက်ပွဲမှာ သူဟာ အကောင်းဆုံးရွေးချယ်စရာမဖြစ်နိုင်တော့ဘူးလို့ ကနေဒါဝန်ကြီးချုပ်က အဲဒီ ကြေညာချက်မှာဖော်ပြပါတယ်။
လစ်ဘရယ်ပါတီအနေနဲ့ ခေါင်းဆောင်သစ်ကို ရွေးချယ်နိုင်တဲ့အထိ သူအနေနဲ့ ဝန်ကြီးချုပ်တာဝန်ဆက်ယူသွားမယ်လို့တော့ ပြောပါတယ်။ လာမယ့် ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ပြန်စဖို့ ရှိတဲ့ လွှတ်တော်အစည်းအဝေးကိုလည်း မတ်လ ၂၄ ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်တယ်လို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒါဟာ လစ်ဘရယ်ပါတီအတွက် ခေါင်းဆောင်သစ် ရွေးချယ်နိုင်ဖို့ အချိန်ပေးတာဖြစ်ပါတယ်။
ကနေဒါဝန်ကြီးချုပ် Trudeau ဟာ ကွန်ဆာဗေးတစ်ပါတီရဲ့ ၁၀ နှစ်ကြာအုပ်ချုပ်မှုပြီးတဲ့နောက် ၂၀၁၅ ခုနှစ်မှာ ဝန်ကြီးချုပ်တာဝန်ယူခဲ့တာပါ။ စတက်ခါစက လူကြိုက်များခဲ့တဲ့ အသက် ၅၃ နှစ်အရွယ် ဝန်ကြီးချုပ် Trudeau ဟာ မကြာသေးခင်နှစ်တွေအတွင်းက ကနေဒါနိုင်ငံတွင်း အစားအစာနဲ့အိမ်ဈေးအဆမတန်တက်လာတာ၊ ရွှေ့ပြောင်းဝင်ရောက်သူတွေ တိုးလာတာ စတဲ့ အကြောင်းအရာမျိုးစုံကြောင့် အတော်လေး လူကြိုက်နည်းလာခဲ့ပါတယ်။ ကနေဒါထုတ်ကုန်တွေကို ကုန်သွယ်ခွန်တိုးကောက်မယ်ဆိုပြီး အမေရိကန်ရွေးကောက်ခံသမ္မတ Trump က ခြိမ်းခြောက်တာကြောင့် နိုင်ငံတကာမှာလည်း ကနေဒါအတွက် အတော်လေး အကြပ်ရိုက်စရာတွေ ကြုံလာခဲ့တာပါ။
Forum