သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သန်းခေါင်စာရင်း ကောက်ခံနေမှု ရက်ထပ်တိုး 


နေပြည်တော်ကောင်စီနယ်မြေမှာ သန်းခေါင်စာရင်းကောက်ယူနေစဉ် (အောက်တိုဘာ ၁၊ ၂၀၂၄)
နေပြည်တော်ကောင်စီနယ်မြေမှာ သန်းခေါင်စာရင်းကောက်ယူနေစဉ် (အောက်တိုဘာ ၁၊ ၂၀၂၄)

မြန်မာနိုင်ငံတဝန်း အောက်တိုဘာလ ၁ ရက်နေ့က စတင်တဲ့ ၁၅ ရက်ကြာ သန်းခေါင်စာရင်း ကောက်ယူတာတွေ ဒီသီတင်းပတ်ထဲ အဆုံးသတ်သွားပေမဲ့ လက်တွေမှာ မပြီးစီးတဲ့ ဒေသတွေ အများအပြား ကျန်နေတာကြောင့် နောက်ထပ် ၁၅ ရက်ထပ်တိုး သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

ပြည်လုံးကျွတ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူတာကို (၁၀) နှစ်တစ်ကြိမ် ကောက်ယူဖို့ လျာထားပြီး ပြီးခဲ့တဲ့ ၂၀၁၄ တုန်းကနောက်ဆုံး ကောက်ယူခဲ့တာကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းအသစ်ပြန်ကောက်ယူတာဖြစ်ပါတယ်။ တချိန်တည်းမှာ ရှေ့နှစ် ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့အတွက် ဒီလို သန်းခေါင်စာရင်းဟာ ရွေးကောက်ပွဲမှာ မဲစာရင်းတိကျဖို့ ရည်ရွယ်တာလို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။

ဒါပေမဲ့လည်း နိုင်ငံတဝန်း လက်နက်ကိုင် ပဋိပက္ခတွေပြင်းထန်နေပြီး ရေဘေး အန္တရယ်ရင်ဆိုင်နေရချိန်၊ လူတွေသန်းနဲ့ချီ အိုးအိမ်စွန့်စွာထွက်ပြေးနေချိန်မှာ ကောက်ခံတာဖြစ်တဲ့အတွက် သန်းခေါင်စာရင်းကောက်ခံသူတွေရဲ့ လုံခြုံရေးကို စိုးရိမ်ရသလို၊ စာရင်းတိတိကျကျ ရဖို့ ခက်ခဲတဲ့အကြောင်း ပြည်တွင်းက လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေသူတွေနဲ့ ပတ်သက်လို့ သတင်းအချက်အလက် ရအောင် ကြိုးစားတဲ့ လုပ်ရပ်ဆိုပြီး ဝေဖန်ချက်တွေလည်း ထွက်ပေါ်နေသလို ပြည်နယ် နေရာတော်တော်များများ ဖြေမဲ့သူ မရှိဘူးလို့လည်း ဒေသခံတွေက VOA ကို ပြောဆိုပါတယ်။

လူထုရဲ့ ပူးပေါင်းပါဝင်မှု အပြည့်အဝမရသလို၊ လက်နက်ကိုင် တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေကလည်း သူတို့နဲ့ သက်ဆိုင်ရာနယ်မြေတွေကို မလာဖို့ စာရင်းကောက်တဲ့သူတွေကို သတိပေးနေပါတယ်။ ၁၅ ရက်အတွင်း မပြီးစီးသေးတဲ့ ဒေသတွေအများအပြားရှိသလို ကောက်ယူချိန်မှာ ဖြေဆိုမယ့်သူမရှိတဲ့ အခက်အခဲတွေ ရင်ဆိုင်နေရတဲ့အကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာနကလည်း ဗွီအိုအေကိုအတည်ပြုပါတယ်။

Forum

XS
SM
MD
LG