သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သန်းခေါင်စာရင်း ၂၀၂၅ ထဲ ထုတ်ပြန်ဖို့ စစ်ကောင်စီ ပြင်ဆင်



နေပြည်တော်ကောင်စီနယ်မြေအတွင်း သန်းခေါင်စာရင်းကောက်ယူနေစဉ် (အောက်တိုဘာ ၁၊ ၂၀၂၄)
နေပြည်တော်ကောင်စီနယ်မြေအတွင်း သန်းခေါင်စာရင်းကောက်ယူနေစဉ် (အောက်တိုဘာ ၁၊ ၂၀၂၄)

တနိုင်ငံလုံးအတိုင်းအတာနဲ့ ပင်မပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ၂၀၂၅ ခုနှစ် အတွင်းမှာထုတ်ပြန်သွားမယ်လို့ လူဝင်မှုကြီး ကြပ်ရေး နဲ့ပြည်သူ့အင်အားဦးစီးဌာနက VOA ကို ပြောပါတယ်။ ကောက်ယူခဲ့တဲ့ အချက်အလက်တွေကို တိုင်းနဲ့ပြည်နယ် အလိုက်အသေးစိတ် ထုတ်ပြန်သွားဖို့ရှိပြီး နိုင်ငံရပ်ခြားမှာ သွားရောက်လုပ်ကိုင်နေတဲ့ လူဦးရေစာရင်းကို ထုတ်ပြန်မယ်လို့ဆိုပါတယ်။ မကြာသေးခင် ကထုတ်ပြန်ထားတဲ့ ရှေ့ပြေးသန်းခေါင်စာရင်းကိုအခြေခံပြီး မဲဆန္ဒရှင်စာရင်းရဖို့ ကော်မရှင်က ပြင်ဆင်နေတယ်လို့လည်း အမည်မဖော်လိုတဲ့ ရွေးကောက်ပွဲ ကော်မရှင်တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီသတင်းရန်ကုန်ကပေးပို့လာတာကို NCA က ပြောပြမှာပါ။

အောက်တိုဘာ ၁ ရက်ကနေ ဒီဇင်ဘာ ဒုတိယပတ်အထိ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းကနေ ရှေ့ပြေးရလဒ်အနေနဲ့ ၂၀၂၄ ဒီဇင်ဘာ ၃၁ ရက်က စစ်ကောင်စီက ထုတ်ပြန်တာမှာ လူဦးရေစုစုပေါင်းဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၅၁.၃ သန်းရှိတယ်လို့ ကနဦး ထုတ်ပြန်ပါတယ်။ ဒီပမာဏဟာ လွန်ခဲ့တဲ့ဆယ်နှစ် ၂၀၁၄ ခုနှစ်ကထုတ်ပြန်ခဲ့တဲ့ စာရင်းအရ ဆိုရင် တသိန်းခွဲကျော် လျော့နည်းနေပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပင်မပြည်လုံး ကျွတ်သန်းခေါင်စာရင်းကို ၂၀၂၅ ခုနှစ် အတွင်းမှာထုတ်ပြန်သွားမယ်လို့ လူဝင်မှုကြီး ကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာန အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဌာနခွဲ ညွှန်ကြားရေးမှုးချုပ် ဦးကျော်ယဉ်ဦး က ဗွီအိုအေကိုပြောပြပါတယ်။ ထပ်မံထုတ်ပြန်မယ့် အချောသတ်ပြည်လုံးကျွတ်သန်းခေါင်စာရင်း မှာဘယ်လိုအချက်အလက်တွေပါမလဲ ဆိုတာနဲ့ ပတ်သတ် လို့သူကခုလိုပြောပြပါတယ်။

"ကျနော်တို့သန်းခေါင်စာရင်းကောက်ထားတဲ့အပေါ်မှာအသေးစိတ်တွက်ချက်လေ့လာတာလုပ်ပါမယ်။ အဲလိုလုပ်ပြီးရင်တော့စာရင်းအင်း တွေပါဝင်တဲ့ ပင်မသန်းခေါင်စာရင်းအစီရင်ခံစာကိုတော့ ၂၀၂၅ အတွင်းမှာဘဲထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။ ခုထုတ်ပြန်လိုက်တဲ့ ရှေ့ ပြေးသန်းခေါင်စာရင်းမှာထုတ်ပြန်လိုက်တဲ့ လူဦးရေ ၅၁.၃သန်း သည်တနိုင်ငံလုံးလူဦးရေစာရင်းပဲဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်သန်းခေါင် စာရင်းနဲ့ နှိုင်းယှဉ်တဲ့အခါမှာ လူဦးရေလျော့နည်းနေတာတွေ့ရပါမယ်။ အဲလိုလျော့ရတဲ့အကြောင်းအရင်းတွေနဲ့တခြားအသေးစိတ်အ ကြောင်းအရာတွေကိုတော့ ၂၀၂၅ခုနှစ်အတွင်းထုတ်ပြန်မယ့် ပင်မ သန်းခေါင်စာရင်းထဲမှာထည့်သွင်းထုတ်ပြန်သွားမှာဖြစ်ပါတယ်။ မေးခဲ့တဲ့မေးခွန်းတွေမှာပါတဲ့အချက်အလက်တွေကိုထုတ်ပြန်သွားဖို့ရှိပါတယ်။ ပြည်နယ်တိုင်းအလိုက်ခရိုင်အလိုက်မြို့နယ်အလိုက်အဆင့် တွေ တခုချင်းဆီထုတ်ပြန်သွားဖို့ရှိပါတယ်"

စိစစ်ရမယ့်စာရင်းအသေးစိတ်ထုတ်ပြန်ရမှာဖြစ်တာမို့ အချိန်အတိအကျပြောနိုင်ဖို့ခက်တယ်လို့သူကပြောပါတယ်။ ၂၀၁၄ ခုနှစ်ကကောက်ခံခဲ့ အပြီး ဆယ်နှစ်အကြာ ၂၀၂၄ မှာ ကောက်ခံခဲ့ရတာမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ နယ်မြေဒေသလုံခြုံရေးအရ လူဦးရေရဲ့ ၃၂ သန်း‌ ကျော် ကိုသာ ကောက်ယူနိုင်ခဲ့ပြီး လူဦးရေ ၁၉ သန်းကျော်ကိုတော့ ကောက်ယူနိုင်ခဲ့တာမရှိခဲ့ပါဘူး။ စာရင်းမကောက်နိုင်တဲ့ ဒေသတွေရဲ့ လူဦးရေကို ခန့်မှန်းရာမှာ အိမ်နီးချင်းနိုင်ငံတချို့နဲ့ ဥရောပနိုင်ငံတွေထံကနေ ကြည်လင်ပြတ်သားပြီး နောက်ဆုံးဖမ်းယူရရှိတဲ့ ဂြိုဟ်တု ဓာတ်ပုံ တွေ ပြန်လည်ဝယ်ယူကာ Earth Remote Sensing (ERS) နည်းပညာသုံးပြီး ခန့်မှန်းခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းထုတ်ပြန်ထားတယ်လို့ပြောပါတယ်။

ကောက်ယူထားတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ မြို့ပြနဲ့ ကျေးလက်ကွာဟမှု မြင့်မားနေဆဲဖြစ်ပြီး မြန်မာ့လူဦးရေရဲ့ ၃၁ ရာခိုင်နှုန်းသာ မြို့ပြမှာနေထိုင်ကြပြီး ကျန် ၆၉ ရာခိုင်နှုန်းကတော့ ကျေးလက်မှာ နေထိုင်ကြဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲ လုံခြုံရေးအခြေအနေအရ ၁၄၅ မြို့နယ်မှာသာ သန်းခေါင်စာရင်း အပြည့်အဝကောက်ယူနိုင်ခဲ့ပြီး ၁၂၇ မြို့နယ်မှာတော့ တစိတ်တဒေသကောက်နိုင်ခဲ့ကာ ကျန် ၅၈ မြို့နယ်မှာ လုံးဝ ကောက်ယူနိုင်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

ကနဦးအချက်အလက်တွေအရ အမျိုးသားဦးရေက ၁၅.၁ သန်း (စုစုပေါင်းလူဦးရေရဲ့ ၄၆.၉ ရာခိုင်နှုန်း) ရှိပြီး အမျိုးသမီးဦးရေက ၁၇.၁ သန်း (စုစုပေါင်းလူဦးရေရဲ့ ၅၃.၁ ရာခိုင်နှုန်း) ရှိကာ အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် နှစ်သန်းနီးပါး ပိုများတယ်လို့ ဆိုပါတယ်။

သန်းခေါင်စာရင်း ကနဦးထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဟာ လူဦးရေ ၇ သန်းကျော်နဲ့ အများဆုံး ဖြစ်ပြီး အဲဒီနောက် ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းတို့ဟာ ဒုတိယနဲ့တတိယလူဦးရေအများဆုံး အနေနဲ့ရှိပါတယ်။ လူဦးရေ အနည်းဆုံးကတော့ ကယားပါ။ သူ့နောက်မှာတော့ ချင်းနဲ့နေပြည်တော်တို့ ရှိနေပါတယ်။ လူနေထိုင်မှု အများဆုံးမြို့ကလည်းရန်ကုန်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်က ဒေသအချို့တွေ မှာဘဲ ကောက်ယူနိုင်ခဲ့ခြင်းမရှိခဲ့တာပါ။ ၂၀၂၄ ခုနှစ်မှာတော့ ရန်ကုန်၊ ဧရာဝတီနဲ့ နေပြည်တော်တို့မှာပဲ ရာနှုန်းပြည့်ကောက်ယူနိုင်ခဲ့ပြီး ကျန်တိုင်းနဲ့ပြည်နယ် တွေမှာတော့ ခန့်မှန်းလူဦးရေနဲ့ပါ စာရင်းဖြည့်စွက်ထားရတာဖြစ်ပါတယ်။ အခုသန်းခေါင်စာရင်းက ရရှိတဲ့ အချက်အလက်တွေကို အခြေခံပြီး မဲစာရင်းပြုစုကာ လာမယ့် ၂၀၂၅ ခုနှစ် နိုဝင်ဘာမှာ ရွေးကောက်ပွဲကျင်းပဖို့ ရည်ရွယ်ထားတယ်လို့ လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောထားပါတယ်။

ဒါပေမဲ့လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက် ကိုင် ပဋိပက္ခတွေ ကြီးထွားလာရာက သန်းနဲ့ချီ နေရပ်စွန့်ခွာနေရချိန်မှာ သန်းခေါင်စာရင်းကောက်ယူမှု က လက်တွေ့ကျရဲ့လား မှန်ကန်နိုင်ပါ့မလားဆိုပြီး မေးခွန်းထုတ်တာတွေလည်း ရှိနေပါတယ်။ ဦးကျော်ယဉ်ဦး ကတော့ကောက်ယူထားတဲ့သန်းခေါင်စာရင်းတွေ ကတိကျမှန်ကန်မှုရှိအောင်လုပ်ဆောင်ထားတာဖြစ်တယ်လို့ အခုလိုအာမခံပြောဆိုလိုက်ပါတယ်။

"အခုရှေ့ပြေးလူစာရင်းထုတ်ပြန်တဲ့နေရာမှာ သန်းခေါင်စာရင်းမကောက်နိုင်တဲ့နေရာတွေက အရေအတွက်အရကြည့်မယ်ဆိုရင်တနိုင်ငံလုံး ရဲ့ ၁၇ရာခိုင်နှုန်းဘဲရှိပါတယ်။ အဲလိုစာရင်းမကောက်နိုင်တဲ့ဒေသတွေအတွက်ကို အဲဒေသအတွက်ခန့်မှန်းလူဦးရေကို နိုင်ငံတကာမှာ အသုံးပြုတဲ့ နည်းပညာတွေအတိုင်း ပြုစုထုတ်ပြန်တာဖြစ်လို့ ယုံယုံကြည်ကြည်နဲ့သုံနိုင်ကြောင်းလေးလေးနက်နက်ဖြေလိုပါတယ်။"

သန်းခေါင်စာရင်းကောက်တဲ့ အစီအစဉ်မှာ ပညာရေးဝန်ထမ်း အင်အားအပြင် အထွေထွေအုပ်ချုပ်ရေး အပြင်တခြား ဌာနဆိုင်ရာလူတွေ ပါဝင်မယ်လို့ ပြောပါတယ်။ စုစုပေါင်းလူဦးရေ ၄သောင်း၂ထောင်ခန့်အသုံးပြုခဲ့တာမှာ ထိခိုက်သေဆုံးမှု၁မှုနဲ့ ပြန်ပေးဆွဲခေါ်ဆောင်ခံရမှု တွေရှိခဲ့တယ်လို့ပြောပါတယ်။ ပြန်ပေးဆွဲခံရသူ အယောက် ၂၀ကျော်ရှိခဲ့ပြီး အဲဒီအထဲက ၁၉ယောက်ပြန်လွတ်ပေမယ့် ၂ယောက်ကတော့အခုချိန် ထိလွတ်မြောက်ခဲ့တာမရှိသေးဘူးလို့ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတဦးကတော့ လက်ရှိကောက်ယူထားတဲ့သန်းခေါင်စာရင်း အချက်အလက်တွေဟာတိကျသေချာတယ်လို့ ပြောဖို့ခက်ခဲသလို ၂၀၁၄တုန်းကသန်းခေါင်စာရင်းကောက်ယူမှုလောက် မှန်ကန်နိုင်ဖို့ခက်ခဲလိမ့်မယ်လို့ သူကတော့သုံးသပ်လိုက်ပါတယ်။

" သန်းခေါင်စာရင်းကောက်တယ်ဆိုတာက တကယ့်မြေပြင်မှာ လက်တွေ့ဘယ်လောက်ရှိတယ်ဆိုတာကိုတခါထဲကောက်တာလေ မှန်းတာ ကသန်းခေါင်စာရင်းအဖြေမဟုတ်ဘူး။ သန်းခေါင်စာရင်းကိုက တကယ့်အိမ်တိုင်ရာရောက် တပြည်လုံးကိုကောက်ရမှာလေ။ ၂၀၁၄တုန်းက ရခဲ့တဲ့ အောင်အောင်မြင်မြင်လုပ်ကိုင်နိုင်တာနဲ့လက်ရှိအခြေအနေနဲ့ကတော့ သေချာတယ်တခြားစီဖြစ်မှာဘဲ။ ဘယ်လောက်ထိ အားနည်းမလဲ။ အဲဒ့ါမေးခွန်းရှိတယ်။ သေချာတယ်အများကြီးအားနည်းမယ် အားကိုးရလောက်မယ့် သန်းခေါင်စာရင်း အဖြေဖြစ်ဖို့တော်တော်နည်းမယ်။"

လက်ရှိမှာတော့ မကြာသေးခင်ကထုတ်ပြန်ထားတဲ့ ရှေ့ပြေးသန်းခေါင်စာရင်းကိုအခြေခံကာမဲဆန္ဒရှင်စာရင်းရဖို့ ကော်မရှင်ကပြင် ဆင် နေတယ်လို့ အမည်မဖော် လိုတဲ့ ရွေးကောက်ပွဲ ကော်မရှင်တာဝန်ရှိသူတဦးကပြောပါတယ်။ ဒီစာရင်းတွေကနေ ဒီနှစ်မိုးမတိုင်ခင်မှာဘဲ မဲဆန္ဒရှင်စာရင်း ထွက်လာနိုင်ဖို့ ပြင်ဆင်ဖို့ညွှန်ကြားထားတယ်လို့ပြောပါတယ်။

မြန်မာနိုင်ငံမှာ အင်္ဂလိပ်ခေတ်လက်ထက် ၁၈၉၁ လက်ထက်မှာပထမဆုံးသန်းခေါင်စာရင်း ကောက်ယူ ခဲ့တာပါ။ နောက်ပိုင်း အင်္ဂလိပ်ခေတ် လက်ထက် ၁၉၀၁၊ ၁၉၂၁ တို့မှာ ထပ်မံကောက်ယူခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက် သန်းခေါင်စာရင်းကောက်ယူမှုကို ၁၉၇၃၊ ၁၉၈၃၊ ၂၀၁၄နဲ့ ခုတကြိမ် ၂၀၂၄ တို့မှာ ကောက်ယူခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG