သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနိုင်ငံလုံး လူဦးရေ ၅၁.၃သန်း- စစ်ကောင်စီ ကနဦး သန်းခေါင်စာရင်းထုတ်ပြန်


နေပြည်တော်ကောင်စီနယ်မြေမှာ သန်းခေါင်စာရင်းကောက်ယူနေစဉ် (အောက်တိုဘာ ၁၊ ၂၀၂၄)
နေပြည်တော်ကောင်စီနယ်မြေမှာ သန်းခေါင်စာရင်းကောက်ယူနေစဉ် (အောက်တိုဘာ ၁၊ ၂၀၂၄)

တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်ကနေ ဒီဇင်ဘာ ဒုတိယပတ်အထိ ကောက်ယူခဲ့ပြီး စစ်ကောင်စီက ရှေ့ပြေးရလဒ်အနေနဲ့ ၂၀၂၄ ဒီဇင်ဘာ ၃၁ ရက်က ထုတ်ပြန်တာမှာ လူဦးရေစုစုပေါင်းဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၅၁.၃ သန်းရှိတယ်လို့ ကနဦး ထုတ်ပြန်ပါတယ်။ ဒီပမာဏဟာ လွန်ခဲ့တဲ့ဆယ်နှစ် ၂၀၁၄ ခုနှစ်ကထုတ်ပြန်ခဲ့တဲ့ စာရင်းအရ ဆိုရင် တသိန်းခွဲကျော် လျော့နည်းနေပါတယ်။

၂၀၁၄ ခုနှစ်ကကောက်ခံခဲ့အပြီး ဆယ်နှစ်အကြာ ၂၀၂၄ မှာ ကောက်ခံခဲ့ရတာမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ နယ်မြေဒေသလုံခြုံရေးအရ လူဦးရေရဲ့ ၃၂ သန်း‌ကျော်ကိုသာ ကောက်ယူနိုင်ခဲ့ပြီး လူဦးရေ ၁၉ သန်းကျော်ကိုတော့ ကောက်ယူနိုင်ခဲ့တာမရှိခဲ့ပါဘူး။ စာရင်းမကောက်နိုင်တဲ့ ဒေသတွေရဲ့ လူဦးရေကိုခန့်မှန်းရာမှာ အိမ်နီးချင်းနိုင်ငံတချို့နဲ့ ဥရောပနိုင်ငံတွေထံကနေ ကြည်လင်ပြတ်သားပြီး နောက်ဆုံးဖမ်းယူရရှိတဲ့ ဂြိုဟ်တုဓာတ်ပုံတွေ ပြန်လည်ဝယ်ယူကာ Earth Remote Sensing (ERS) နည်းပညာသုံးပြီး ခန့်မှန်းခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။

ကနဦးအချက်အလက်တွေအရ အမျိုးသားဦးရေက ၁၅.၁ သန်း (စုစုပေါင်းလူဦးရေရဲ့ ၄၆.၉ ရာခိုင်နှုန်း) ရှိပြီး အမျိုးသမီးဦးရေက ၁၇.၁ သန်း (စုစုပေါင်းလူဦးရေရဲ့ ၅၃.၁ ရာခိုင်နှုန်း) ရှိကာ အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် နှစ်သန်းနီးပါး ပိုများတယ်လို့ ဆိုပါတယ်။

သန်းခေါင်စာရင်း ကနဦးထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဟာ လူဦးရေ ၇ သန်းကျော်နဲ့ အများဆုံး ဖြစ်ပြီး အဲဒီနောက် ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းတို့ဟာ ဒုတိယနဲ့တတိယလူဦးရေအများဆုံး အနေနဲ့ရှိပါတယ်။ လူဦးရေ အနည်းဆုံးကတော့ ကယားပါ။ သူ့နောက်မှာတော့ ချင်းနဲ့နေပြည်တော်တို့ ရှိနေပါတယ်။ လူနေထိုင်မှု အများဆုံးမြို့ကလည်းရန်ကုန်ဖြစ်ပါတယ်။

ကောက်ယူထားတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ မြို့ပြနဲ့ ကျေးလက်ကွာဟမှု မြင့်မားနေဆဲဖြစ်ပြီး မြန်မာ့လူဦးရေရဲ့ ၃၁ ရာခိုင်နှုန်းသာ မြို့ပြမှာနေထိုင်ကြပြီး ကျန် ၆၉ ရာခိုင်နှုန်းကတော့ ကျေးလက်မှာ နေထိုင်ကြဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ထဲ လုံခြုံရေးအခြေအနေအရ ၁၄၅ မြို့နယ်မှာသာ သန်းခေါင်းစာရင်း အပြည့်အဝကောက်ယူနိုင်ခဲ့ပြီး ၁၂၇ မြို့နယ်မှာတော့ တစိတ်တဒေသကောက်နိုင်ခဲ့ကာ ကျန် ၅၈ မြို့နယ်မှာ လုံးဝ ကောက်ယူနိုင်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်က ဒေသအချို့တွေ မှာဘဲ ကောက်ယူနိုင်ခဲ့ခြင်းမရှိခဲ့တာပါ။ ၂၀၂၄ ခုနှစ်မှာတော့ ရန်ကုန်၊ ဧရာဝတီနဲ့ နေပြည်တော်တို့မှာပဲ ရာနှုန်းပြည့်ကောက်ယူနိုင်ခဲ့ပြီး ကျန်တိုင်းနဲ့ပြည်နယ်တွေမှာတော့ ခန့်မှန်းလူဦးရေနဲ့ပါ စာရင်းဖြည့်စွက်ထားရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အင်္ဂလိပ်ခေတ်လက်ထက် ၁၈၉၁ လက်ထက်မှာပထမဆုံးသန်းခေါင်စာရင်း ကောက်ယူ ခဲ့တာပါ။ နောက်ပိုင်း အင်္ဂလိပ်ခေတ် လက်ထက် ၁၉၀၁၊ ၁၉၂၁ တို့မှာ ထပ်မံကောက်ယူခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက် သန်းခေါင်စာရင်းကောက်ယူမှုကို ၁၉၇၃၊ ၁၉၈၃၊ ၂၀၁၄နဲ့ ခုတကြိမ် ၂၀၂၄ တို့မှာ ကောက်ယူခဲ့တာဖြစ်ပါတယ်။

အခုသန်းခေါင်စာရင်းက ရရှိတဲ့ အချက်အလက်တွေကို အခြေခံပြီး မဲစာရင်းပြုစုကာ လာမယ့် ၂၀၂၅ ခုနှစ် နိုဝင်ဘာမှာ ရွေးကောက်ပွဲကျင်းပဖို့ ရည်ရွယ်ထားတယ်လို့လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောထားပါတယ်။

Forum

XS
SM
MD
LG