သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗဟိုဘဏ်အတိုးနှုန်း တိုးမြှင့်လို့ အိမ်ရာနဲ့ လုပ်ငန်းသုံးချေးငွေ အတိုးနှုန်းလည်းတိုးလာ


နေပြည်တော်မှာရှိတဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အဆောက်အဦ (မေ ၁၇၊ ၂၀၁၂)
နေပြည်တော်မှာရှိတဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အဆောက်အဦ (မေ ၁၇၊ ၂၀၁၂)

မြန်မာနိုင်ငံမှာ ဗဟိုဘဏ်­အတိုးနှုန်းတွေကို ဩဂုတ်လထဲမှာ ပြင်ဆင်သတ်မှတ်ပေးလိုက်ပြီးတဲ့နောက် ပုဂ္ဂလိကဘဏ်တွေကလည်း ချေးငွေနဲ့ အပ်ငွေအတိုးတွေကို တိုးပြီးသတ်မှတ်လိုက်တယ်လို့ တနင်္လာနေ့မှာ အသီးသီး ကြေညာချက်တွေ ထုတ်ခဲ့ကြပါတယ်။ ချေးငွေအတိုးနှုန်းကြောင့် အိမ်ရာချေးငွေနဲ့ လုပ်ငန်းသုံးချေးငွေ ယူထားသူတွေအဖို့ အရင်ကထက် အတိုးပိုပေးရတဲ့ အခြေအနေ ဖြစ်လာပါတယ်။ ရန်ကုန်က သတင်းပေးပို့ချက်ကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

ဗဟိုဘဏ်ရဲ့ ဘဏ်အပ်ငွေ၊ ချေးငွေအတိုးနှုန်း တိုးမြှင့်ပြင်ဆင်သတ်မှတ်ချက်အတိုင်း ပုဂ္ဂလိကဘဏ်တွေက အခုစက်တင်ဘာလ (၁) ရက်ကစပြီး ကျင့်သုံးနေပြီလို့ ပြည်တွင်းပုဂ္ဂလိကဘဏ်တွေက စက်တင်ဘာလ (၂) ရက်မှာအသီးသီး ထုတ်ပြန်ထားပါတယ်။ ဗဟိုဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေကြားက အတိုးနှုန်းက ၇ ရာခိုင်နှုန်းကနေ ၉ ရာခိုင်နှုန်းကိုတိုးလာပြီး ပုဂ္ဂလိကဘဏ်တွေရဲ့ ချေးငွေ၊ အပ်ငွေအတိုးကိုတော့ ၇ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိသတ်မှတ်လိုက်တာဖြစ်ပါတယ်။

ဒါကြောင့် အိမ်ကို အိမ်ချေးငွေနဲ့ ဝယ်ထားပြီးတဲ့သူတွေအတွက် ဘဏ်တွေက ယခင်အတိုးနှုန်း ၈ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း ပမာဏကနေ နောက်ထပ် ၂ ရာခိုင်နှုန်းစီ ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။ ပြည်တွင်းပုဂ္ဂလိကဘဏ်တခုရဲ့အိမ်ရာချေးငွေစင်တာ၊ ဝန်ဆောင်မှုဌာနဘက်က အခုလိုပြောပါတယ်။

"ညီမတို့ ၁ ရက် ၉ လကနေ ပြောင်းလဲသွားတဲ့ အတိုးနှုန်းအရဆိုရင် down payment ၅၀ ရာခိုင်နှုန်းအောက် ပေးချေထားတဲ့ customer တွေဆိုရင်တော့ 12 percent ပေါ့နော်၊ ၅၀ ရာခိုင်နှုန်းအထက် ပေးချေထားတဲ့ customer တွေဆိုရင်တော့ 10 percent ပါရှင့်။"

ပြည်တွင်းမှာ ဘဏ်ချေးငွေနဲ့ အိမ်ရာအရစ်ကျဝယ်ယူတဲ့သူက ရာခိုင်နှုန်းထက်ဝက်ကျော်ရှိတယ်လို့ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။ အခုမှ ဘဏ်ကနေ ချေးငွေအသစ်လျှောက်ပြီး အိမ်ဝယ်မယ်ဆိုရင်တော့ ဘဏ်တိုးနှုန်းက ၁၀ ရာခိုင်နှုန်းလောက်ကနေ ၁၃ ရာခိုင်နှုန်းကို တိုးလာမှာ ဖြစ်ပါတယ်။ ဘဏ်ခွဲတခုရဲ့ ဝန်ဆောင် အိမ်ရာချေးငွေ ဝန်ဆောင်မှုဘက်က အခုလိုပြောပါတယ်။

"အရင်က 10 percent အခုက အသစ်စပြီးယူမယ်ဆိုရင် ၁၃ ပေါ့နော်။ အဲဒါက down payment ၃၀ ပုံစံမျိုး။ အခုလက်ရှိပြောင်းလိုက်တာ ဗဟိုဘဏ်က သတ်မှတ်ပေးလိုက်တာ ၁ ရက် ၉ လကစပြီးတော့ အတိုးနှုန်း rate တွေကတော့ 12 ဖြစ်သွားတာပေါ့နော်။ အရင်က (နှစ်ချင်းဆပ်) OD ချေးငွေတွေ ဘာတွေဆိုရင် 10 percent ။ 10 percent ကနေ 2 ထည့်ပေါင်းလိုက်တော့ 12 ဖြစ်သွားတာ။ Home Loan က ဟိုးအရင် ယူပြီးသားတွေက 12 ပဲ။ လက်ရှိ အသစ်ထပ်ယူမယ်ဆို 13 ။"

အခုနောက်ပိုင်းမှာ အိမ်ရာချေးငွေအပါအဝင် လျှပ်စစ်ကား (EV) ဝယ်ယူဖို့ ဘဏ်ငွေချေးတာမှာ အတော်လေးကြန့်ကြာမှုတွေရှိလာလို့ ဘဏ်ချေးငွေနဲ့ မဝယ်တော့ကြောင်း ကားရောင်းချတဲ့လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။ ဗဟိုဘဏ်ရဲ့သတ်မှတ်ချက်ကို ကျော်လွန်ပြီး ချေးငွေထုတ်ချေးထားတဲ့ဘဏ်တချို့ကို စစ်ကောင်စီက ဇူလိုင်လအစောပိုင်းမှာ အရေးယူခဲ့ပြီးနောက် ဘဏ်တွေဘက်က ချေးငွေနဲ့ပတ်သက်ရင် အရင်ကထက် ပိုပြီးစိစစ်မှုတွေ များလာတာ ဖြစ်ပါတယ်။

"ကျနော်တော့ အခုအထိ အဲဒါကို မမြင်ရသေးဘူး တိုးတယ်ပဲကြားတာ။ ကျနော့် customer တွေတော့ ဘာမှတော့ မပြောသေးဘူး။ အတိုးနှုန်းက လက်ရှိကားစျေးကွက်က မသက်ရောက်ဘူး။ ဒါပေမဲ့ ဘဏ်တွေကအခုက အရစ်ကျက ကားနဲ့ပတ်သက်လို့က သိပ်မချပေးတော့ဘူး။ လချီကြာတာပေါ့နော်။ အရင်တုန်းကဆို (ငွေချေးရင်) တလအတွင်းကျတယ်လေ အရစ်ကျက။ ဘဏ်ကနေမှ စိစစ်ပြီး ချပေးတယ်။ အခုက ၂ လ၊ ၃ လ ကြာမဲ့အနေအထားဖြစ်နေတော့ ဘယ်သူမှအရစ်ကျ မရောင်းရဲကြဘူး။ အဲဒီတော့ အရောင်းအဝယ် နည်းနည်းလေးတော့ပါးတယ်။"

ဘဏ်တိုးနှုန်းတွေ ပြင်ဆင်သတ်မှတ်ရတာဟာ ငွေကြေးဖောင်းပွမှုတွေကို လျှော့ချဖို့အတွက်ဖြစ်တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းမီဒီယာတွေက တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။ အခုလို ဘဏ်တိုးနှုန်းတွေ တက်လာတဲ့အတွက် တဦးချင်းလုပ်ငန်းအလိုက် ချေးယူထားသူတွေအတွက် အခက်အခဲ ဖြစ်လာနိုင်တယ်လို့လည်း တချို့ သုံးသပ်နေတာတွေ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG