သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြစ်ဆုံစီမံကိန်း ဖျက်သိမ်းဖို့ မြန်မာ- တရုတ်ခေါင်းဆောင်တွေကို ရဟန်းအမတ် Charles Bo ပန်ကြား


ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ်ဘို

ကချင်ပြည်နယ်က မြစ်ဆုံဆည်စီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်းပေးဖို့ မြန်မာခေါင်းဆောင်တွေနဲ့ တရုတ်အစိုးရကို မြန်မာကက်သလစ်ကာဒီနယ် ရဟန်းအမတ် ချားလ်စ်မောင်ဘိုက မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။ ဒီအတောတွင်း အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေကလည်း မြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးဖို့ ဝါရှင်တန်ဒီစီက တရုတ်သံရုံး၊ မြန်မာသံရုံးရှေ့တွေမှာ ဒီကနေ့ တောင်းဆိုဖို့ စီစဉ်နေကြပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

မြန်မာကက်သလစ် ကာဒီနယ်ရဟန်းအမတ် ချားလ်စ်မောင်ဘိုက မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေးနဲ့ပတ်သက်လို့ မြန်မာခေါင်းဆောင် တွေကို ဇန်နဝါရီလထဲမှာ စာရေးသား မေတ္တာရပ်ခံခဲ့ပြီးနောက် အခုတခါ ပြီးခဲ့တဲ့ တနင်္လာနေ့က မြန်မာသမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဆီကို ထပ်ပြီး စာရေးသား မေတ္တာရပ်ခံခဲ့ပါတယ်။

ဖေဖေါ်ဝါရီလထဲမှာတော့ တပ်မတော် တာဝန်ရှိသူတွေက မြစ်ဆုံနဲ့ပတ်သက်လာရင် မြန်မာလူထုရဲ့ခံစားချက်ကို ထည့်သွင်းစဉ်းစားသွားမှာ ဖြစ်တယ်လို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။ ဒီလိုပြောဆိုမှုအတွက် အားရကြေနပ်မိကြောင်း ကာဒီနယ် ချားလ်စ်ဘိုက ပြောပါတယ်။ မြန်မာခေါင်းဆောင်တွေအပြင် တရုတ် အစိုးရဆီကိုလည်း မြစ်ဆုံစီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်းပေးဖို့ တရုတ်ဘာသာစကားနဲ့ မေတ္တာရပ်ခံ စာတစောင်ကို ကာဒီနယ်ချားလ်စ်ဘိုက ဧပြီလ (၁၅)ရက်နေ့စွဲနဲ့ ပေးပို့ခဲ့ပါတယ်။

ဧပြီ(၁၇)ရက် နှစ်ဆန်းတရက်နေ့မှာတော့ ကာဒီနယ်ချားလ်စ်ဘိုက ဗွီဒီယိုသတင်းစကား ထုတ်ပြန်ပြီး မြစ်ဆုံ စီမံကိန်းနဲ့ပတ်သက်တဲ့ သူ့ရဲ့ စိုးရိမ်ချက်ကို အခုလို တိုက်တွန်း ပြောဆိုထားပါတယ်။

“ အခုဆိုရင် မြစ်ဆုံဆည်စီမံကိန်း ပြန်စဖို့ မြန်မာခေါင်းဆောင်တွေအပေါ် ကြီးမားတဲ့ဖိအားတွေ ရှိလာတာကို သတိပြုမိပါတယ်။ သန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ ဘဝရှင်သန်ရေး ဆုံးပါးနိုင်တဲ့အတွက်ကြောင့် စိုးရိမ်ပူပန်မိတာပါ။ သဘာဝ ပတ်ဝန်းကျင်ရော၊ စီးပွားရေးအရပါ ကပ်ဘေး ဆိုက်မယ့် သဘောမျိုး ပျက်စီးဆုံးရှုံးမှုတွေ ကြုံရမယ်ဆိုတာကို သိပ္ပံပညာရှင်အသိုင်းအဝိုင်းက ခန့်မှန်းထားပြီး ဖြစ်ပါတယ်။ အိမ်နီးချင်းဖြစ်တဲ့ တရုတ်နိုင်ငံဟာ မဟာအင်အားကြီးနိုင်ငံ တခုဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ မဟာမိတ်နိုင်ငံလည်း ဖြစ်ပါတယ်။ မြစ်ဆုံစီမံကိန်းကို ရပ်တန့်လိုက်ခြင်းအားဖြင့် သန်းပေါင်း များစွာသော မြန်မာပြည်သူတွေရဲ့ ဘဝနဲ့ကောင်းကျိုးကို ဆောင်ကျဉ်းပေးနိုင်မှာပါ။ အင်အားကြီးတဲ့ တရုတ်နိုင်ငံအနေနဲ့ ဆင်းရဲတဲ့ မြန်မာပြည်သူ တွေကို နည်းလမ်းမျိုးစုံနဲ့ ကူညီနိုင်မယ်လို့ ယုံကြည်ပါတယ်။ ”

မြစ်ဆုံစီမံကိန်းကြောင့် ဧရာဝတီမြစ်ကြောကြီးတခုလုံး ပျက်သုန်းရမယ့်အခြေအနေကို ရင်ဆိုင်ရမှာဖြစ်ပြီး ဒီမြစ်ကို မှီခို လုပ်ကိုင်စားသောက် နေကြတဲ့ ပြည်သူတွေရဲ့ဘဝကို ငှဲ့ညှာစေလိုကြောင်း စီမံကိန်းနဲ့ သက်ဆိုင်သူအားလုံးကို ကာဒီနယ်ချားလ်စ်ဘိုက ထပ်မံ မေတ္တာရပ်ခံလိုက် ပါတယ်။

“ သန်းပေါင်းများစွာသော ပြည်သူတွေ ရင်ဆိုင်ရမယ့် ဘေးဒုက္ခအတွက် တွေးတောပြီး ကျနော်တို့အားလုံး စိတ်မချမ်းမြေ့ စိုးရိမ်သောက ရောက်နေရတာကြောင့် ဒီမြစ်ဆုံစီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းပေးဖို့ စီမံကိန်းနဲ့သက်ဆိုင်တဲ့ တာဝန်ရှိသူအားလုံးကို အထူးမေတ္တာရပ်ခံ လိုက်ရပါတယ်။ ကျနော်တို့ရဲ့ စစ်တပ်တာဝန်ရှိသူတွေ၊ အစိုးရခေါင်းဆောင်တွေဟာ ဆင်းရဲနေတဲ့ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားကို အလေးထား စဉ်းစားပေးမယ်ဆိုတာကိုလည်း ယုံကြည်ပါတယ်။”

ဧပြီလ ၂၅ ကနေ ၂၇ ရက်နေ့အထိ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကျင်းပမယ့် ဒုတိယအကြိမ်မြောက် ပိုးလမ်းစီမံကိန်းဖိုရမ်ကို တက်ရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်တာဝန်ရှိသူတွေနဲ့ မြစ်ဆုံစီမံကိန်းအကြောင်း ထည့်သွင်းဆွေးနွေးမယ်လို့ မျှော်လင့်နေကြတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံမသွားခင် ရဟန်းအမတ် ကာဒီနယ်ချားလ်စ်ဘိုက အခုလို ပန်ကြားလိုက်တာပါ။

ဒီလို မြန်မာနိုင်ငံရဲ့ အထင်ကရ ဘာသာရေးခေါင်းဆောင် ကာဒီနယ်ချားလ်စ်ဘိုက မေတ္တာရပ်ခံလိုက်သလိုပဲ အမေရိကန်ပြည်ထောင်စုမှာ ရှိကြတဲ့ မြန်မာနဲ့တိုင်းရင်းသားတွေကလည်း မြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးဖို့ ဧပြီ ၁၉ ဒီကနေ့မှာ ဝါရှင်တန်ဒီစီက တရုတ်သံရုံးနဲ့ မြန်မာသံရုံးရှေ့ သွားရောက်တောင်းဆိုကြမယ့်အကြောင်း ဆန္ဒပြပွဲစီစဉ်သူထဲက တဦးဖြစ်တဲ့ ဦးအမ်တူးအောင်က VOA ကိုပြောပါတယ်။

“နံပတ် ၁ တချက် ကျနော်တို့ ဒီ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဒါကို ကျနော်တို့ ဦးစားပေးတယ်။ နောက်တချက်ကတော့ ဒီ ဆည်လုပ်ခြင်းဖြစ် မြန်မာနိုင်ငံ က ပြည်သူပြည်သားတွေ အကျိုးသက်ရောက်မှုက ပြည့်ပြည့်၀၀ မခံစားရဘူး။ နောက်တချက်က ဒီဆည်လုပ်ခြင်းအားဖြင့် တကယ်လို့ ဆည်ကျိုးပျက်သွားမယ်ဆိုရင် ပထမဦးဆုံးရင်ဆိုင်ရမှာက ကျနော်တို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ကချင်ပြည်သူပြည်သားတွေ ပြင်းပြင်းထန်ထန် ခံစားရဖို့ ရှိပါတယ် ဒါကြောင့်မို့လို့ အဲဒါကို အပြီးအပိုင်ဖြတ်သိမ်းဖို့အတွက် ကျနော်တို့ တောင်းဆိုချင်တာ ဖြစ်ပါတယ်။”

မြစ်ဆုံစီမံကိန်းကို စစ်အစိုးရလက်ထက်မှာ သဘောတူခဲ့ပြီး ဒီမြစ်ဆုံကထွက်လာမယ့် လျှပ်စစ်ကို တရုတ်နိုင်ငံက ၉၀% ရရှိမှာဖြစ်ပေမယ့် မြန်မာနိုင်ငံကတော့ ၁၀%သာ ရမှာဖြစ်တယ်လို့ အများက နားလည်ထားကြပါတယ်။ မြစ်ဆုံဆည်မှာ လှောင်မယ့် ရေပမာဏဟာ ကုဗမီတာ သန်းပေါင်း တသိန်းကျော်ရှိပြီး၊ စင်္ကာပူနိုင်ငံရဲ့ အကျယ်အဝန်းလောက် ရှိလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။ မြစ်ဆုံကိုအကောင်အထည်ဖေါ်ခဲ့ရင် ဧရာဝတီမြစ်ကြောင်းတလျှောက် အပြောင်းအလဲတွေ ဖြစ်လာမှာဖြစ်ပြီး မြစ်ကိုမှီခိုလုပ်ကိုင်နေသူတွေရဲ့ဘဝကို ထိခိုက်စေမယ်လို့လည်း ပညာရှင်တွေက ထောက်ပြနေတာပါ။ မြစ်ဆုံဆည်နဲ့ သိပ်မဝေးတဲ့နေရာမှာ အခုထိ လှုပ်ရှားနေဆဲ စစ်ကိုင်းငလျှင်ပြတ်ရွေ့ကြောကြီး ရှိတာကြောင့် ဒီရေကာတာသာ ကျိုးပေါက်ခဲ့ရင် အသက်ပေါင်းများစွာ ဆုံးရှုံး နိုင်ကြောင်း ဘူမိပညာရှင်တွေက သုံးသပ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG