သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူဖြူအမျိုးသားဝါဒီ စုဝေးပွဲ အတွက် ဝါရှင်တန်မြို့တော် အရေးပေါ်အစီအစဉ်ပြင်ဆင်


၂၀၁၇ သြဂုတ်လတုန်းက လူဖြူအမျိုးသားဝါဒီ စုဝေးပွဲ
၂၀၁၇ သြဂုတ်လတုန်းက လူဖြူအမျိုးသားဝါဒီ စုဝေးပွဲ

လူသေဆုံးတဲ့အထိ အကြမ်းဖက်မှုတွေ ဖြစ်ပွါးစေတဲ့ လူဖြူ အမျိုးသားရေးဝါဒီ လူထုစုဝေးပွဲ ပထမ နှစ်ပတ်လည်နေ့ ကျရောက်တော့မှာဖြစ်တဲ့ အတွက် အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်နဲ့ အနားက ဗာဂျီးနီးယား ပြည်နယ်က တာဝန်ခံ အရာရှိတွေ အသင့်ပြင်နေကြပါတယ်။

ဝါရှင်တန်မြို့တော်မှာ တနင်္ဂနွေနေ့ကျင်းပကြမယ့် လူထု စုဝေးပွဲကို သမ္မတ အိမ်ဖြူရှိရာ လမ်းရဲ့ တဖက်က ပန်းခြံထဲမှာ ပြုလုပ်ဖို့ စီစဉ်ထားတာမို့ ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးလာနိုင်တဲ့ အရေးပေါ် အခြေနေတွေ အတွက် ကြိုတင်ပြင်ဆင်မိန့်ကို လက်မှတ်ရေးထိုးပေးခဲ့တယ်လို့ မြို့တော်ဝန် Muriel Bowser က ကြာသပတေးနေ့မှာ ပြောပါတယ်။

ဝါရှင်တန်ဘုရားကျောင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြို့တော်ဝန်က ဒီနှစ်ပတ်လည်ပွဲကို ရနိုင်တဲ့အကူအညီ အားလုံးကိုသုံးပြီး လုံခြုံစိတ်ချစွာ ကျင်းပနိုင်ဖို့ လုပ်ဆောင် နေကြောင်း ပြောပါတယ်။

ဝါရှင်တန်ရဲချုပ် Peter Newsham ကတော့ ဝါရှင်တန်မြို့တော်မှာ လိုင်စင်မဲ့ လက်နက်ကိုင်ဆောင်ခွင့် မပြုကြောင်းနဲ့ ဒီလိုလက်နက်တွေ သယ်မလာဖို့ ဆန္ဒပြသူတွေကို သတိပေးခဲ့ပါတယ်။

ဗာဂျီးနီးယား အုပ်ချုပ်ရေးမှုး Ralph Northam နဲ့ ပြီးခဲ့တဲ့နှစ် လူထု စုဝေးပွဲကျင်းပခဲ့တဲ့ ဗာဂျီးနီးယား ပြည်နယ် Charlottesville မြို့က တာဝန်ခံ အရာရှိတွေကတော့ Charlottesville မြို့နဲ့ ဝါရှင်တန် အပြင်ဘက်က ဗာဂျီးနီးယား မြောက်ပိုင်းဒေသတချို့အတွက် အရေးပေါ် အခြေနေအမိန့်ဟာ သောကြာနေ့ကနေ တနင်္ဂနွေနေ့အထိ သက်ရောက်မှာ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အခုလို ထုတ်ပြန်ထားတာကြောင့် တကယ်လို့ အဓိကရုန်းဖြစ်ပွါးခဲ့ရင် ဗာဂျီးနီးယား က နိုင်ငံတော် အစောင့်တပ်ဖွဲ့အပါအဝင် တခြားတပ်တွေကို အရေးပေါ် အမြန်ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေနိုင်မှာ ဖြစ်ကြောင်း အုပ်ချုပ်ရေးမှုး Northam ကပြောပါတယ်။

ဒီသီတင်းပတ်ကုန်အတွက် ရဲတပ်သား ၇၀၀ ကျော်ကို တာဝန်ချထားမှာ ဖြစ်ပြီး ဒါဟာ အဓိကရုဏ်းမဖြစ်အောင် ကာကွယ်ဖို့အတွက် အသင့်ဖြစ်နိုင်တယ်လို့ ဗာဂျီးနီးယား ပြည်နယ်ရဲ တပ်ဖွဲ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG