သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးရေးတင်းမာမှု သမ္မတ Trump မှတ်ချက်အပေါ် ဝေဖန်မှုတွေ ဆက်လက်ထွက်ပေါ်


ဗာဂျီးနီးယား ပြည်နယ် Charlottesville မြို့မှာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို အကြမ်းဖက် ဆန္ဒပြမှုတွေနဲ့ ပတ်သက်လို့ သူပြောခဲ့တဲ့ မှတ်ချက်စကားကို တလွဲကောက်ပြီး ဖော်ပြနေကြတယ်လို့ ဆိုပြီး သတင်းမီဒီယာတွေနဲ့ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် Lindsey Graham ကို သမ္မတ Donald Trumpက ဒီကနေ့ သူ့ရဲ့ တွီတာ စာမျက်နှာပေါ်မှာ ဝေဖန်လိုက်ပါတယ်။

လူသေဆုံးတဲ့အထိ အကြမ်းဖက် ဆန္ဒပြမှုတွေ ဖြစ်ပြီးတဲ့နောက် အစောပိုင်း စနေနေ့မှာ သမ္မတက ဘက်အားလုံးကို ပြစ်တင် ပြောဆိုလိုက်ပြီး အဲဒီနောက် တနင်္လာနေ့မှာတော့ မတည်မငြိမ်ဖြစ်အောင် လုပ်ခဲ့တဲ့ နာဇီလက်သစ်တွေ၊ KKK လှုပ်ရှားသူတွေနဲ့ လူဖြူကြီးစိုးရေးဝါဒီတွေကို ရှုတ်ချလိုက်ပါတယ်။

ဒါပေမဲ့တခါ နောက်တနေ့ အင်္ဂါနေ့မှာတော့ အစောပိုင်း သူ ဝေဖန်ခဲ့တဲ့အတိုင်း လူဖြူကြီးစိုးရေးဝါဒီ ဆန္ဒပြသူတွေကိုရော၊ တန်ပြန် ဆန္ဒပြသူတွေကိုပါ ပြစ်တင် ဝေဖန်လိုက်ပြန်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က လူဖြူကြီးစိုးရေးဝါဒီတွေရဲ့ ဆန္ဒပြပွဲကို တန်ပြန် ဆန္ဒပြနေကြတဲ့ လူအုပ်ထဲကို နာဇီလက်သစ်တဦးက ကားနဲ့ အရှိန်နဲ့မောင်းဝင် တိုက်ခိုက်တာကြောင့် အသက် ၃၂ နှစ်အရွယ် Heather Heyer သေဆုံးပြီး နောက်ထပ် ၁၉ ယောက် ထိခိုက် ဒဏ်ရာ ရခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ သမ္မတရဲ့ မှတ်ချက်စကားကို သြဇာကြီးမားတဲ့ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်အမတ်တွေအပြင် စီးပွားရေးခေါင်းဆောင်တွေနဲ့ စစ်ဘက် ထိပ်တန်း အရာရှိတွေက ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလို ဝေဖန်သူတွေထဲက တဦးဖြစ်တဲ့ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် Graham ကို သမ္မတက ဗုဒ္ဓဟူးနေ့က ဝေဖန်တာမှာတော့ - မစ္စတာ Graham ဟာ အမေရိကန်ပြည်သူတွေ စိတ်သက်သာအောင် မဖြောင့်ဖျဘဲ သွေးကွဲအောင် လုပ်နေတယ်လို့ ဆိုပါတယ်။ Charlottesville မှာ ဆန္ဒပြခဲ့ကြတဲ့ လူဖြူကြီးစိုးရေးဝါဒီတွေနဲ့ ကွယ်လွန်သွားတဲ့ Ms. Heyer လို တန်ပြန် ဆန္ဒပြသူတွေကို သမ္မတက တန်းတူထားပြီး နှိုင်းယှဉ်ပြောတာကတော့ မကောင်းဘူးလို့ မစ္စတာ Graham က သမ္မတကို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG