သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ပက်လက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး စီးနင်းရှာဖွေခံရ


ကန်ပက်လက်မြို့ (ဓာတ်ပုံ-CJ)
ကန်ပက်လက်မြို့ (ဓာတ်ပုံ-CJ)

ကန်ပက်လက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး စီးနင်းရှာဖွေခံရ

{{Zawgyi/Unicode}}

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မြို့နယ်ရုံးကို သောကြာနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ကနေ ဖောက်ထွင်းဝင်ရောက် ရှာဖွေပြီးတော့ တပ်စွဲထားတယ်လို့ဒေသခံတွေကပြောပါတယ်။ ကြာသပတေးနေ့ကလည်း စစ်ကောင်စီစစ်ကြောင်းတခုကို ကန်ပက်လက် CDF အဖွဲ့က လမ်းခုလတ်မှာ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း ကျေးရွာကအိမ်တချို့မီးလောင်သွားခဲ့ပါတယ်။ ကန်ပက်လက်မြို့မှာလည်း တိမ်းရှောင်နေတဲ့ပြည်သူတွေ အိမ်ပြန်နေကြဖို့ကိုလည်း စစ်ကောင်စီတပ်က ဆင့်ခေါ်ထားပါတယ်။ ဒီအကြောင်းရန်ကုန်ကလာတဲ့ သတင်းကို ကိုခင်မောင်စိုးမင်း က ပြောပြပေးမှာပါ။

စစ်ကောင်စီတပ်နဲ့ဒေသခံ ချင်းကာကွယ်ရေးအဖွဲ့ CDF ကြား တိုက်ပွဲဖြစ်နေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD မြို့နယ်ရုံးကို သောကြာနေ့မှာ စစ်ကောင်စီတပ်ဖွဲ့ကနေ ဖောက်ထွင်းဝင်ရောက်ရှာဖွေပြီး တပ်စွဲထားတယ်လို့ မြို့ခံတဦးကပြောပါတယ်။

“အခုသူတို့ကမြို့ထဲက အရှေ့အမှတ်(၁)ရပ်ကွက်ထဲမှာ NLDရုံးကိုသူတို့ဖောက်တယ်။ NLDရုံးထဲမှာရှိတဲ့ စာရွက် စာတန်းတွေ သူတို့ကဖျက်စီးတယ်။ ပြီးတော့ အဲဒီမှာ စခန်းပုံစံနဲ့နေရာယူတယ်။ အပေါ်ထပ် အောက်ထပ်။’’

NLD ရုံးကို ဖောက်ထွင်းရှာဖွေခဲ့ပေမဲ့ ဖမ်းဆီးခံရသူတော့ တဦးတယောက်မှ မရှိခဲ့ပါဘူး။
NLD မြို့နယ်ရုံးဟာ တိုက်ပွဲခနခနဖြစ်နေတဲ့ အထက်တန်းကျောင်းဘေးမှာ တည်ရှိနေပြီး တပ်စခန်းချဖို့စီစဉ်နေတယ်လို့ဆိုပါတယ်။

ဒီဇင်ဘာ ၉ ရက်နေ့မှာ မကွေးတိုင်းကနေ ချင်းပြည်နယ် ကန်ပက်လက်မြို့ကိုတက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းတခုကို ဒေသခံ CDF အဖွဲ့ ကနေ တိုက်ခိုက်ခဲ့တယ်လို့ CDF ခေါင်းဆောင်တဦးကပြောပါတယ်။

“မနေ့က ကျနော်တို့ဒီ စစ်ကောင်စီတပ်တွေက ကန်ပက်လက်မြို့ပေါ်ကို တပ်စွဲဖို့တက်လာတာ ကျနော်တို့ PDF က ခုခံတိုက်ခိုက်တဲ့အတွက်ကြောင့်မို့လို့ စစ်ကောင်စီက ၄ ယောက်ခန့်ကျဆုံးတယ်။ မကွေးတိုင်းကနေ သူတို့တက်လာတာပေါ့။ ရဲနောင်းပန်းရွာအနီးမှာ တိုက်ခိုက်မှုဖြစ်ကြတယ်။ ပြီးရင် ပါကွီးနားမှာလဲဖြစ်တယ်။ နှစ်ပွဲဆိုတာထက် သူတို့ကဒီလို တနေရာထဲမတက်လာဘဲနဲ့ ဖြန့်ပြီးတော့ တက်လာတဲ့အခါကျ တောက်လျှောက်စစ်ပွဲတွေဖြစ်သွားတာ။’’

မနေ့က ဒီဇင်ဘာ ၉ ရက် မနက်ပိုင်းကနေ နေ့လည်အထိ ဖြစ်တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုရှိတယ်လို့ CDF ဘက်ကဆိုပေမဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ တိုက်ပွဲဖြစ်ခဲ့တဲ့ရွာနဲ့အနီးတဝိုက်က အိမ်တချို့ မီးရှို့ခံခဲ့ရတယ်လို့လည်း ဒေသခံရွာသားတဦးကပြောပါတယ်။

“မနေ့က ပါကွီးရွာက အိမ် ၇ လုံးမီးလောင်တာပေါ့။ သူတို့က မနေ့ကတိုက်ပွဲဖြစ်တဲ့အချိန်မှာ စစ်သားတွေမီးရှို့ လိုက်တယ်။ ဒေသခံတွေထွက်ပြေးကုန်တယ် ဒီကအကုန်လုံး။ သူတို့စစ်သားတွေတက်လာတယ်ဆို ပြောတာနဲ့ အကုန်လုံး ထွက်ပြေးကုန်တယ် အဲဒီမှာ။ အထဲမှာအဝတ်အစားတွေအကုန်လုံး ဆန်တွေအကုန်လုံးက ဖျက်ဆီးသေးတယ်။ လူကတော့အလွတ်နဲ့ရုန်းကြတာပေါ့။’’

ကန်ပက်လက်မြို့မှာ အိမ်ခြေ ၇၀၀ ခန့်ရှိနေပြီး လက်ရှိအိမ်ခြေ ၈၀ ကျော်သာ လူနေထိုင်ကြပြီးတော့ ကျန်တဲ့အိမ်တွေဟာ ဆောနယ်ဘက်အပါအဝင် တောထဲ၊ တောင်ယာထဲမှာ တိမ်းရှောင်နေကြရပါတယ်။
တိမ်းရှောင်နေတဲ့အိမ်ထောင်စုတွေ နေရပ်ပြန်လာဖို့ စစ်ကောင်စီတပ်ကနေ ပြောဆိုလာတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဒီနေ့တော့ စစ်ကောင်စီက ထွက်ပြေးတိမ်းရှောင်တဲ့သူတွေ ၃ ရက်အတွင်းမှာ အိမ်မှာပြန်မနေဘူးဆိုရင် ပြည်သူပိုင်အဖြစ် သိမ်းမယ်ဆိုပြီးမှ ကြေညာတယ်တဲ့။ ’’

ကန်ပက်လက်မြို့ ပစ်ခတ်တိုက်ခိုက်မှု၊ အိမ်တွေ မီးရှို့ခံရမှု ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး မေးမြန်းဖို့ စစ်ကောင်စီပြောခွင့်ရကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

ဒီဇင်ဘာ ၇ ရက်နေ့မနက်ပိုင်းမှာ ကန်ပက်လက်မြို့ အခြေခံပညာအထက်တန်းကျောင်းမှာ စစ်ကောင်စီတပ်နဲ့ CDF အဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်ခဲ့ပါတယ်။ ကန်ပက်လက်မြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်၊ ၄ ရက်နဲ့ ၅ ရက်နေ့ကနေ သောကြာနေ့အထိ တိုက်ပွဲဖြစ်နေပြီး ဒေသခံအများအပြား စစ်ဘေးတိမ်းရှောင်နေရပါတယ်။

..............................

တိုက်ရိုက် လင့်ခ်



{{Unicode}}













XS
SM
MD
LG