သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ခ်င္း ကန္ပက္လက္ၿမိဳ႕မွာ CDF နဲ႔ စစ္ေကာင္စီတပ္ေတြ တိုက္ပြဲျဖစ္


ခ်င္းျပည္နယ္အတြင္း တုိက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာ ထြက္ေျပးတိမ္းေရွာင္ေနၾကရသူမ်ား။ (ေမ ၃၁၊ ၂၀၂၁)

(Zawgyi / Unicode)

ခ်င္းျပည္နယ္ ကန္ပက္လက္ၿမိဳ႕မွာ ခ်င္းကာကြယ္ေရးအဖြဲ႔ (CDF) နဲ႔ စစ္ေကာင္စီတပ္တို႔အၾကား တနဂၤေႏြေန႔ညက တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ စစ္ေကာင္စီယႏၲရား ရပ္ေစဖို႔လို႔ဆိုၿပီး မတူပီၿမိဳ႕ထဲ စက္သုံးဆီသယ္ေဆာင္လို႔ မရေအာင္လည္း CDF အဖြဲ႔က တားဆီးေနပါတယ္။ ၿမိဳ႕ခံေတြ မရွိသေလာက္ျဖစ္ေနတဲ့ ထန္တလန္ၿမိဳ႕မွာေတာ့ စေန၊ တနဂၤေႏြ ၂ ရက္လုံး မီးေလာင္ခဲ့ပါတယ္။ ခုလို ခ်င္းျပည္နယ္ဘက္က အေျခအေနေတြအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြး ေျပာျပပါမယ္။

စစ္တပ္နဲ႔ ခ်င္းကာကြယ္ေရးအဖြဲ႔ (CDF) တုိ႔အၾကား စစ္ေရးပဋိပကၡ ျဖစ္ပြားေနတဲ့ ခ်င္းျပည္နယ္ထဲက ကန္ပက္လက္ၿမိဳ႕မွာ ဒီဇင္ဘာ ၅ ရက္ တနဂၤေႏြေန႔ ညေနက စစ္ေကာင္စီတပ္နဲ႔ ကန္ပက္လက္ ကာကြယ္ေရးအဖြဲ႔ (CDF-Kanpetlet) တို႔ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ နာရီနဲ႔ခ်ီၾကာတဲ့ တိုက္ပြဲအေၾကာင္း ၿမိဳ႕ခံတဦးက ခုလိုေျပာပါတယ္။

“မေန႔က တိုက္ပြဲျဖစ္ေသးတယ္။ တိုက္ပြဲက ညေနပိုင္းေပါ့ေနာ္၊ ၃ နာရီေလာက္က ၄ နာရီအခ်ိန္ေလာက္ ျဖစ္တယ္။ ဟိုဘက္က စစ္တပ္ဘက္က တေယာက္က်တယ္။ မေန႔က ေန႔ခင္းပိုင္းမွာ ရန္ကုန္မွာေပါ့ေနာ္၊ ကားနဲ႔တိုက္ၿပီးမွ သပိတ္စစ္ေၾကာင္းကို ၿဖိဳတာတို႔ဘာတို႔ ေသြးေႂကြးဆပ္တယ္ ဆုိၿပီးမွပဲ CDF ကန္ပက္လက္က သတင္းထုတ္ျပန္ထားတယ္။”

တနဂၤေႏြေန႔ မနက္ပိုင္းက ရန္ကုန္ၿမိဳ႕ ၾကည့္ျမင္တိုင္မွာ စစ္အာဏာရွင္ဆန္႔က်င္ေရး သပိတ္စစ္ေၾကာင္းကို စစ္တပ္က ကားနဲ႔ အတင္းဝင္တိုက္ ဖမ္းဆီးခဲ့တာကို လက္တုံ႔ျပန္တဲ့အေနနဲ႔ CDF-Kanpetlet က တိုက္ခိုက္တာလို႔ ဆိုပါတယ္။

ကန္ပက္လက္ အထက္တန္းေက်ာင္းမွာ စခန္းခ်ထားတဲ့ စစ္ေကာင္စီတပ္ကို ခ်င္းကာကြယ္ေရးအဖြဲ႔ (CDF) ဘက္က ပစ္ခတ္တိုက္ခိုက္ခဲ့တာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၃ ရက္နဲ႔ ၄ ရက္ေန႔တုန္းကလည္း ႏွစ္ဖက္ပစ္ခတ္မႈေတြ ျဖစ္ခဲ့ပါတယ္။

တနဂၤေႏြေန႔က တိုက္ပြဲနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က အတည္မျပဳနိုင္ေသးေပမယ့္ ဒီဇင္ဘာ ၃ ရက္နဲ႔ ၄ ရက္က ပစ္ခတ္မႈရွိခဲ့တဲ့ အေၾကာင္းေတာ့ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗီြအိုေအကို ေျပာခဲ့ပါတယ္။ ခုလို စစ္တပ္နဲ႔ တုိက္ပြဲေတြျဖစ္ေနတဲ့ ခ်င္းျပည္နယ္ထဲမွာ စစ္တပ္ရဲ႕ ယႏၲရားလည္ပတ္မႈ ရပ္တန္႔ေစဖို႔အတြက္ ခ်င္းျပည္နယ္ မတူပီၿမိဳ႕ကို စက္သံုးဆီ သယ္ယူလို႔မရေအာင္ ခ်င္းကာကြယ္ေရးတပ္ဖြဲ႔ မတူပီ (CDF-Matupi) က ပိတ္ပင္တားဆီးေနပါတယ္။ လက္ရွိ မတူပီၿမိဳ႕အတြင္း စက္သုံးေလာင္စာဆီေတြကလြဲလို႔ က်န္တဲ့ကုန္ေတြကိုပဲ ေပးသယ္တဲ့အေၾကာင္း မတူပီၿမိဳ႕ခံ ကိုဆလိုင္းက ခုလိုေျပာပါတယ္။

“လူငယ္အဖြဲ႔ကေတာ့ ပထမ ဒုတိယသယ္တဲ့ကားကေတာ့ ခ်ခိုင္းတယ္၊ အကုန္လုံး ျပန္ထြက္တယ္လို႔။ စက္သုံးဆီသယ္လာတဲ့ ကားေတြက အကုန္လုံး ထြက္သြားတယ္တဲ့။ ဥပမာ ကုန္မာတို႔ ဆန္တို႔ ေနာက္ၿပီးေတာ့ အထုပ္အပုိး အဲဒီပါတဲ့ကားေတြဟာ အကုန္လုံးေရာက္တယ္။ ဒီမွာ ဒီ တီးတိန္ကို။”

ပခုကၠဴဘက္က သယ္ေဆာင္လာတဲ့ ေလာင္စာဆီေတြကို CDF အဖြဲ႔ကေန စိစစ္ေနၿပီး တီးတိန္ဘက္ကို တင္သြင္းခြင့္မျပဳဘဲ ရိကၡာအသုံးေဆာင္ ပစၥည္းေတြကိုသာ သယ္ေဆာင္ခြင့္ျပဳေနတာ ျဖစ္ပါတယ္။ အခုလို စက္သုံးဆီေတြ ပိတ္ပင္မႈ ရက္ရွည္လာရင္ ေဒသခံေတြ ထိခိုက္လာလိမ့္မယ္လို႔ ကိုဆလိုင္းက ေျပာပါတယ္။

“ကုန္ေစ်းႏႈန္းတက္မွာေပါ့။ ျပည္သူေတြ အတိဒုကၡေရာက္ေတာ့မွာ။”

စစ္တပ္နဲ႔ ခ်င္းျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြ တိုက္ပြဲေတြျဖစ္ခဲ့ၿပီး အႀကိမ္ႀကိမ္ မီးေလာင္ေနတဲ့ ထန္တလန္ၿမိဳ႕မွာလည္း စေန၊ တနဂၤေႏြ ၂ ရက္လံုး မီးေလာင္ခဲ့တယ္လို႔ ထန္တလန္ၿမိဳ႕ခံက ေျပာပါတယ္။

“ညတုန္းက ေလာင္တဲ့ဟာေတာ့ေလာင္တယ္ ေသခ်ာတယ္။ ေလာင္တဲ့ဟာနဲ႔ အိမ္ေျခ ဘယ္ေလာက္ဘယ္ေလာက္ ဆိုတဲ့ဟာ အတိအက် သတင္းမရေသးလို႔။ စေနေန႔ည ေလာင္သြားတဲ့ဥစၥာက ၁၉ အိမ္နဲ႔ အဲဒီ (UPC) United Pentecostal Church ဘုရားေက်ာင္း ပါသြားတယ္။”

ထန္တလန္ၿမိဳ႕မွာ တိုက္ပြဲေတြ စျဖစ္ခဲ့ခ်ိန္တည္းက ၿမိဳ႕ခံေတြ ေဘးလြတ္ရာ ထြက္ေျပးခဲ့ၾကတာမို႔ အခုဆို ၿမိဳ႕ထဲမွာ ေနသူ မရွိသေလာက္ ျဖစ္ေနပါတယ္။ ဒါေၾကာင့္ မီးေလာင္ကၽြမ္းမႈမွာ ဘယ္ေလာက္ ပ်က္စီးဆံုး႐ႈံးခဲ့သလဲဆိုတာ မသိႏိုင္ပါဘူး။ အခုတေခါက္ မီးေလာင္တာနဲ႔ဆို ထန္တလန္ၿမိဳ႕မွာ မီးေလာင္ကၽြမ္းမႈဟာ စုစုေပါင္း ၁၁ ႀကိမ္ျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

“မေန႔ညကဟာနဲ႔ ေရတြက္ရင္ ၁၁ ႀကိမ္ေပါ့ေနာ္။ မီးေလာင္မႈ အေျခအေနက၊ အားလုံးေပါင္းမွာ ၅၀၀ ေက်ာ္ေပါ့ေနာ။ အဓိကကေတာ့ သူတို႔က မီး႐ႈိ႕တာေပါ့ေနာ္။ စစ္သားဘက္က။”

ထန္တလန္ၿမိဳ႕မွာ ပထမတႀကိမ္ မီးအႀကီးအက်ယ္ ေလာင္ကၽြမ္းမႈတုန္းကေတာ့ သူတုိ႔လက္ခ်က္ မဟုတ္ဘူးလို႔ စစ္ေကာင္စီက ျငင္းဆန္ခဲ့ပါတယ္။

စက္တင္ဘာလ ၁၈ ရက္ေန႔မွာ စစ္ေကာင္စီက ထန္တလန္ၿမိဳ႕ အိမ္ေတြကို ပထမအႀကိမ္ မီး႐ႈိ႕ခဲ့လို႔ ၿမိဳ႕ေနလူထု အမ်ားစုဟာ စက္တင္ဘာ ၁၉ ရက္ေန႔ကစၿပီး အိႏၵိယႏုိင္ငံ မီဇိုရမ္ျပည္နယ္ကို ထြက္ေျပးသြားခဲ့ၾကပါတယ္။ စစ္တပ္က ေဖေဖာ္ဝါရီလမွာ အာဏာသိမ္းခဲ့ၿပီးေနာက္ ခ်င္းျပည္နယ္ထဲက မင္းတပ္၊ ကန္ပက္လက္၊ ဟားခါး၊ ထန္တလန္၊ မတူပီ၊ ဖလမ္း စတဲ့ၿမိဳ႕နယ္မွာ ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႔ေတြ ေပၚေပါက္လာၿပီး စစ္တပ္နဲ႔ တိုက္ပြဲေတြ ျဖစ္ပြားေနတာပါ။ စစ္ပြဲပဋိပကၡေၾကာင့္ ေဒသခံျပည္သူ ေသာင္းနဲ႔ခ်ီဟာ အိုးအိမ္ကိုစြန္႔ခြာၿပီး ေဘးလြတ္ရာနဲ႔ အိႏၵိယနယ္စပ္ဘက္ကို တိမ္းေရွာင္ေနၾကရပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ချင်း ကန်ပက်လက်မြို့မှာ CDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်

ချင်းပြည်နယ် ကန်ပက်လက်မြို့မှာ ချင်းကာကွယ်ရေးအဖွဲ့ (CDF) နဲ့ စစ်ကောင်စီတပ်တို့အကြား တနင်္ဂနွေနေ့ညက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီယန္တရား ရပ်စေဖို့လို့ဆိုပြီး မတူပီမြို့ထဲ စက်သုံးဆီသယ်ဆောင်လို့ မရအောင်လည်း CDF အဖွဲ့က တားဆီးနေပါတယ်။ မြို့ခံတွေ မရှိသလောက်ဖြစ်နေတဲ့ ထန်တလန်မြို့မှာတော့ စနေ၊ တနင်္ဂနွေ ၂ ရက်လုံး မီးလောင်ခဲ့ပါတယ်။ ခုလို ချင်းပြည်နယ်ဘက်က အခြေအနေတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေး ပြောပြပါမယ်။

စစ်တပ်နဲ့ ချင်းကာကွယ်ရေးအဖွဲ့ (CDF) တို့အကြား စစ်ရေးပဋိပက္ခ ဖြစ်ပွားနေတဲ့ ချင်းပြည်နယ်ထဲက ကန်ပက်လက်မြို့မှာ ဒီဇင်ဘာ ၅ ရက် တနင်္ဂနွေနေ့ ညနေက စစ်ကောင်စီတပ်နဲ့ ကန်ပက်လက် ကာကွယ်ရေးအဖွဲ့ (CDF-Kanpetlet) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ နာရီနဲ့ချီကြာတဲ့ တိုက်ပွဲအကြောင်း မြို့ခံတဦးက ခုလိုပြောပါတယ်။

“မနေ့က တိုက်ပွဲဖြစ်သေးတယ်။ တိုက်ပွဲက ညနေပိုင်းပေါ့နော်၊ ၃ နာရီလောက်က ၄ နာရီအချိန်လောက် ဖြစ်တယ်။ ဟိုဘက်က စစ်တပ်ဘက်က တယောက်ကျတယ်။ မနေ့က နေ့ခင်းပိုင်းမှာ ရန်ကုန်မှာပေါ့နော်၊ ကားနဲ့တိုက်ပြီးမှ သပိတ်စစ်ကြောင်းကို ဖြိုတာတို့ဘာတို့ သွေးကြွေးဆပ်တယ် ဆိုပြီးမှပဲ CDF ကန်ပက်လက်က သတင်းထုတ်ပြန်ထားတယ်။”

တနင်္ဂနွေနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ကြည့်မြင်တိုင်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို စစ်တပ်က ကားနဲ့ အတင်းဝင်တိုက် ဖမ်းဆီးခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ CDF-Kanpetlet က တိုက်ခိုက်တာလို့ ဆိုပါတယ်။

ကန်ပက်လက် အထက်တန်းကျောင်းမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေးအဖွဲ့ (CDF) ဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နဲ့ ၄ ရက်နေ့တုန်းကလည်း နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။

တနင်္ဂနွေနေ့က တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က အတည်မပြုနိုင်သေးပေမယ့် ဒီဇင်ဘာ ၃ ရက်နဲ့ ၄ ရက်က ပစ်ခတ်မှုရှိခဲ့တဲ့ အကြောင်းတော့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောခဲ့ပါတယ်။ ခုလို စစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ချင်းပြည်နယ်ထဲမှာ စစ်တပ်ရဲ့ ယန္တရားလည်ပတ်မှု ရပ်တန့်စေဖို့အတွက် ချင်းပြည်နယ် မတူပီမြို့ကို စက်သုံးဆီ သယ်ယူလို့မရအောင် ချင်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ (CDF-Matupi) က ပိတ်ပင်တားဆီးနေပါတယ်။ လက်ရှိ မတူပီမြို့အတွင်း စက်သုံးလောင်စာဆီတွေကလွဲလို့ ကျန်တဲ့ကုန်တွေကိုပဲ ပေးသယ်တဲ့အကြောင်း မတူပီမြို့ခံ ကိုဆလိုင်းက ခုလိုပြောပါတယ်။

“လူငယ်အဖွဲ့ကတော့ ပထမ ဒုတိယသယ်တဲ့ကားကတော့ ချခိုင်းတယ်၊ အကုန်လုံး ပြန်ထွက်တယ်လို့။ စက်သုံးဆီသယ်လာတဲ့ ကားတွေက အကုန်လုံး ထွက်သွားတယ်တဲ့။ ဥပမာ ကုန်မာတို့ ဆန်တို့ နောက်ပြီးတော့ အထုပ်အပိုး အဲဒီပါတဲ့ကားတွေဟာ အကုန်လုံးရောက်တယ်။ ဒီမှာ ဒီ တီးတိန်ကို။”

ပခုက္ကူဘက်က သယ်ဆောင်လာတဲ့ လောင်စာဆီတွေကို CDF အဖွဲ့ကနေ စိစစ်နေပြီး တီးတိန်ဘက်ကို တင်သွင်းခွင့်မပြုဘဲ ရိက္ခာအသုံးဆောင် ပစ္စည်းတွေကိုသာ သယ်ဆောင်ခွင့်ပြုနေတာ ဖြစ်ပါတယ်။ အခုလို စက်သုံးဆီတွေ ပိတ်ပင်မှု ရက်ရှည်လာရင် ဒေသခံတွေ ထိခိုက်လာလိမ့်မယ်လို့ ကိုဆလိုင်းက ပြောပါတယ်။

“ကုန်ဈေးနှုန်းတက်မှာပေါ့။ ပြည်သူတွေ အတိဒုက္ခရောက်တော့မှာ။”

စစ်တပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲတွေဖြစ်ခဲ့ပြီး အကြိမ်ကြိမ် မီးလောင်နေတဲ့ ထန်တလန်မြို့မှာလည်း စနေ၊ တနင်္ဂနွေ ၂ ရက်လုံး မီးလောင်ခဲ့တယ်လို့ ထန်တလန်မြို့ခံက ပြောပါတယ်။

“ညတုန်းက လောင်တဲ့ဟာတော့လောင်တယ် သေချာတယ်။ လောင်တဲ့ဟာနဲ့ အိမ်ခြေ ဘယ်လောက်ဘယ်လောက် ဆိုတဲ့ဟာ အတိအကျ သတင်းမရသေးလို့။ စနေနေ့ည လောင်သွားတဲ့ဥစ္စာက ၁၉ အိမ်နဲ့ အဲဒီ (UPC) United Pentecostal Church ဘုရားကျောင်း ပါသွားတယ်။”

ထန်တလန်မြို့မှာ တိုက်ပွဲတွေ စဖြစ်ခဲ့ချိန်တည်းက မြို့ခံတွေ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြတာမို့ အခုဆို မြို့ထဲမှာ နေသူ မရှိသလောက် ဖြစ်နေပါတယ်။ ဒါကြောင့် မီးလောင်ကျွမ်းမှုမှာ ဘယ်လောက် ပျက်စီးဆုံးရှုံးခဲ့သလဲဆိုတာ မသိနိုင်ပါဘူး။ အခုတခေါက် မီးလောင်တာနဲ့ဆို ထန်တလန်မြို့မှာ မီးလောင်ကျွမ်းမှုဟာ စုစုပေါင်း ၁၁ ကြိမ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့ညကဟာနဲ့ ရေတွက်ရင် ၁၁ ကြိမ်ပေါ့နော်။ မီးလောင်မှု အခြေအနေက၊ အားလုံးပေါင်းမှာ ၅၀၀ ကျော်ပေါ့နော။ အဓိကကတော့ သူတို့က မီးရှို့တာပေါ့နော်။ စစ်သားဘက်က။”

ထန်တလန်မြို့မှာ ပထမတကြိမ် မီးအကြီးအကျယ် လောင်ကျွမ်းမှုတုန်းကတော့ သူတို့လက်ချက် မဟုတ်ဘူးလို့ စစ်ကောင်စီက ငြင်းဆန်ခဲ့ပါတယ်။

စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်ကောင်စီက ထန်တလန်မြို့ အိမ်တွေကို ပထမအကြိမ် မီးရှို့ခဲ့လို့ မြို့နေလူထု အများစုဟာ စက်တင်ဘာ ၁၉ ရက်နေ့ကစပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးသွားခဲ့ကြပါတယ်။ စစ်တပ်က ဖေဖော်ဝါရီလမှာ အာဏာသိမ်းခဲ့ပြီးနောက် ချင်းပြည်နယ်ထဲက မင်းတပ်၊ ကန်ပက်လက်၊ ဟားခါး၊ ထန်တလန်၊ မတူပီ၊ ဖလမ်း စတဲ့မြို့နယ်မှာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ ပေါ်ပေါက်လာပြီး စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ စစ်ပွဲပဋိပက္ခကြောင့် ဒေသခံပြည်သူ သောင်းနဲ့ချီဟာ အိုးအိမ်ကိုစွန့်ခွာပြီး ဘေးလွတ်ရာနဲ့ အိန္ဒိယနယ်စပ်ဘက်ကို တိမ်းရှောင်နေကြရပါတယ်။

XS
SM
MD
LG