ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေ ကာလဝမ်းရောဂါ အဖြစ်များ နေပါတယ်။ ကျန်းမာရေးဝန်ထမ်းမလုံလောက်တာနဲ့ လိုအပ်တဲ့ဆေးဝါးမရတဲ့ အခက်အခဲတွေကြောင့် သေဆုံးသူတချို့လည်း ရှိတယ်လို့ ပလက်ဝကောင်စီ ဥက္ကဋ္ဌက ပြောပါတယ်။ ပလက်ဝမြို့နယ်မှာ ဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါ အခြေအနေ ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းလောက်ကစပြီး ကာလဝမ်းရောဂါ ဖြစ်သူ များနေပါတယ်။ အခုချိန်ထိလည်း ရောဂါဖြစ်ပွားသူတွေ ရှိနေပြီး ဖြစ်ပွားတဲ့ကျေးရွာနဲ့ လူဦးရေကိုတော့ အတိအကျသိနိုင်ဖို့က ဆက်သွယ်ရေးခက်ခဲနေတယ်လို့ ပလက်ဝကောင်စီ ဥက္ကဋ္ဌက ဗွီအိုအေကို ပြောပါတယ်။
"ကာလဝမ်းရောဂါ ဖြစ်တယ်ဆိုတာက အခုလက်ရှိအနေအထားလည်း ဖြစ်နေတာရှိတယ်။ အရပ်ဘက်ကလည်း ဆေးဝါးကုသပေးဖို့ စေတနာရှိသလို ကျနော်တို့ အုပ်ချုပ်ရေးဘက်ကလည်းပဲ အခုအဲဒီနေရာတွေမှာ အခြေအနေဘယ်လိုလဲ ဆိုတာတွေကို သွားကြီးကြပ်ပြီး ကုသပေးနေတဲ့ အနေအထားတော့ရှိတယ်။ အဲဒီစာရင်းကတော့ ဆက်သွယ်ရေး အခြေအနေအရပေါ့။ အဲဒီဘက် တကြောမှာ ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေ မရှိတဲ့အချိန်မှာ သူတို့လိုင်းပေါ်ရောက်မှပဲ အချက်အလက်တွေက ပို့ပေးလို့ရမယ့် အနေအထားရှိတယ်။"
ပလက်ဝကောင်စီ အုပ်ချုပ်ရေး ထိန်းချုပ်တဲ့နယ်မြေတွေမှာ CDM ကြောင့် ကျန်းမာရေးဝန်ထမ်းတွေ မရှိတဲ့အချိန် တော်လှန်ရေးကာလ လိုအပ်ချက်အရ ဆေးသင်တန်းပေးထားတဲ့ ဝန်ထမ်းတွေရှိတယ်လို့ ပြောပါတယ်။ တခြားနေရာတွေမှာတော့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်ကြောင့် ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေ အဖြစ်များတယ်လို့ ဆက်ပြောပါတယ်။
"တချို့ကျေးရွာတွေမှာဆိုရင်တော့ ခန့်ထားတဲ့ ကျန်းမာရေးဆရာ၊ ဆရာမတွေနဲ့ လက်လှမ်းမမီတဲ့ အချိန်မှာ ဆေးပြတ်လပ်မှုတွေရှိတဲ့ ရွာတွေက များတာပေါ့။ တချို့ရွာတွေမှာ နေမကောင်းဘူးဆိုရင် ပါရာ (Paracetamol) တလုံးတောင် လိုက်ရှာလို့မရတဲ့ရွာတွေ အများကြီးရှိတယ်။ အဲလိုမျိုး အနေအထားမှာ အသက် ၅ နှစ်အောက် ကလေးတွေရော၊ အသက်ကြီးပိုင်းတွေရော အင်မတန် အများဆုံးဖြစ်တာပေါ့။"
ကာလဝမ်းရောဂါကြောင့် အခုနှစ်အစပိုင်းမှာ အသက်တနှစ်ဝန်းကျင်အရွယ် ကလေးငယ်နှစ်ဦး သေဆုံး ခဲ့တယ်လို့ ပလက်ဝမြို့နယ်အခြေစိုက် ချင်းမီဒီယာမှာလည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ပလက်ဝ မြို့နယ်နဲ့ ထိစပ်နေတဲ့ လေးမြို့ချောင်းတလျှောက်က ရွာတွေမှာလည်း ကာလဝမ်းရောဂါ ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ လူ့အရင်းအမြစ်နဲ့ ဆေးဝါးလိုအပ်ချက် အခက်အခဲတွေကြောင့် သေဆုံးရသူတွေလည်း ရှိနေတယ်လို့ ပလက်ဝကောင်စီ ဥက္ကဋ္ဌက ပြောပါတယ်။
"ပလက်ဝတနယ်လုံးကို ခြုံပြောရမယ်ဆိုရင်တော့ အဓိကပြဿနာက ဝန်ထမ်းမလုံလောက်တာတွေ၊ လိုအပ်တဲ့ဆေးဝါးတွေ အချိန်နဲ့တပြေးညီ လူနာတွေဆီမှာ မရောက်နိုင်တာတွေကတော့ သေဆုံးသွားတဲ့ အခြေအနေတွေ ရှိနေတာပါ။"
ပလက်ဝမြို့နယ်မှာ ကာလဝမ်းရောဂါအပြင် ငှက်ဖျားရောဂါလည်း အဖြစ်များတယ်လို့ ပြောပါတယ်။ တော်လှန်ရေးကာလမှာ ငှက်ဖျားရောဂါကြောင့် သေဆုံးသူ တော်တော်များများ ရှိခဲ့တယ်လို့ သိရပါ တယ်။ အင်တာနက်လိုင်းနဲ့ ဆက်သွယ်ရေး အခက်အခဲတွေကြောင့် တချို့နေရာတွေမှာ ရောဂါဖြစ်နေ ရင်တောင် အချိန်ကာလတလကျော် - နှစ်လလောက်နေမှ သိရတာတွေလည်းရှိတယ်လို့ ပြောပါတယ်။
Forum