သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံက မြန်မာဒုက္ခသည် ၃၀၀၀ ကျော် လက်ခံထား


တရုတ်နိုင်ငံဘက်က မြန်မာဒုက္ခသည်များ
တရုတ်နိုင်ငံဘက်က မြန်မာဒုက္ခသည်များ

တရုတ် မြန်မာ နယ်စပ် မြန်မာဘက်ခြမ်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ မြန်မာ့ တပ်မတော်ကြား တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ တိမ်းရှောင်ရင်း တရုတ်နိုင်ငံတွင်း ထွက်ပြေးလာသူ ၃၀၀၀ ကျော်ရှိနေပြီလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုပါတယ်။ တိုက်ပွဲတွေ ရပ်စဲကြဖို့ ပတ်သက်သူ အားလုံးကို တရုတ်ဘက်က တောင်းဆိုထားပြီး နယ်စပ်ဒေသမှာ တရုတ် စစ်တပ်ကိုလည်း သတိပေး တပ်လှန့်ထားပါတယ်။ မြန်မာ အစိုးရဘက်ကတော့ တရုတ်ဘက်က တိုက်ပွဲနဲ့ ပတ်သက်ပြီး ပြောဆိုချက်တွေကို ပြန်လည် စိစစ်နေတယ်လို့ တုံ့ပြန်ပါတယ်။မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

ရှမ်းပြည်နယ် အတွင်းမှာမြန်မာ့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား တိုက်ပွဲတွေက ဒီကနေ့ ၃ ရက်မြောက်နေ့ ဆက်ဖြစ်နေပြီး တိုက်ပွဲတွေကြောင့် တရုတ်ဘက်ကို တိမ်းရှောင် ခိုလှုံနေတဲ့ မြန်မာနိုင်ငံသား ၃၀၀၀ နီးပါး ရှိနေပြီလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုပါတယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Geng Shuang က အခုလို ပြောပါတယ်။

“တရုတ် မြန်မာ နယ်စပ် မြန်မာဘက်ခြမ်းမှာ နေထိုင်သူ ၃၀၀၀ နီးပါးတို့ တိုက်ပွဲတွေကနေ လွတ်မြောက်ဖို့အတွက် တရုတ်နိုင်ငံ ပိုင်နက်ထဲကို ဝင်ရောက်ခဲ့ကြပါတယ်။ လူသားချင်းစာနာထောက်ထားမှု အနေနဲ့ တရုတ်နိုင်ငံရဲ့ ဒေသန္တရ အစိုးရက သူတို့ အတွက် သင့်တင်လျောက်ပတ်အောင် စီစဉ်ပေးထားပါတယ်။ နောက် ဒဏ်ရာရထားတဲ့ လူတွေကိုလည်း ဆေးကုသဖို့ အတွက် ဆေးရုံကို ပို့ပေးထားပါတယ်။ တိုက်ပွဲတွေ အဆုံးသတ်ပြီး တင်းမာမှုတွေ လျော့ကျသွားပြီးနောက်မှာ မြန်မာနိုင်ငံသားတွေ အမြန်ဆုံး အမိမြေကို ပြန်နိုင်ဖို့လည်း ကျနော်တို့ မျှော်လင့်ထားပါတယ်။”

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ မြန်မာ့ တပ်မတော်ကြား တိုက်ပွဲတွေအတွင်း တရုတ်နိုင်ငံဘက်ကို လက်နက်ကျည်တွေ ကျရောက်တယ်လို့ တရုတ်ဘက်က ပြောဆိုထားပြီး တရုတ် အာဏာရ ကွန်မြူနစ် ပါတီ အာဘော် Global Times သတင်းစာကတော့ တရုတ်ဘက်ခြမ်း Wanding မြို့ထဲက အစိုးရ အဆောက်အအုံ တခု ကျည်သင့်ပြီး အနည်းငယ် ထိခိုက်ပျက်စီးရတယ်လို့ ရေးသားဖော်ပြသလို တရုတ် နိုင်ငံပိုင် သတင်းဌာနကလည်း ထုတ်လွှင့်နေပါတယ်။ မြန်မာ အစိုးရဘက်ကတော့ တရုတ်ဘက်က တိုက်ပွဲနဲ့ ပတ်သက်ပြီး ပြောဆိုထားတာတွေကို ပြန်ပြီး စိစစ်နေတယ်လို့ သမ္မတရုံး ဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

“အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ တပ်မတော်ဘက်ကတော့ သူတို့ ပြန်ပြီး စိစစ်နေတယ်လို့ ပြောပါတယ်။ကျနော်တို့ကတော့ အခုလောလောဆယ် တရုတ်ဘက်ကို ပြောထားတာကတော့ ဒါတွေကို ကျနော်တို့ ပြန်လည် လက်တွေ့စစ်ဆေးပြီး အခြေအနေကို ပြန်လည် ပြောပါမယ်လို့ ပြောထားတယ်။ အခု တပ်မတော်ဘက်က တင်ပြချက်ကတော့ ကျနော်တို့ ဒီ ၂၀ ရက်နေ့ဖြစ်စဉ်မှာ လာတိုက်တာလည်း KIA ဖြစ်တယ်၊ မုန်ကိုး ရဲစခန်းကို တိုက်တာလည်း KIA ဖြစ်တယ်။ အဲဒီတိုက်ပွဲဖြစ်စဉ်မှာ တိုက်ခဲ့တဲ့ အရပ်မျက်နှာပေါ့နော်၊ အရပ်မျက်နှာကနေမှ ကျည်သွားလမ်းကြောင်း ဒါတွေကိုလည်း သူတို့ တရုတ်ဘက်ကို ပြန်ပြီးတော့ ရှင်းပြမယ်လို့ပြောပါတယ်။ ကျည်သွားလမ်းကြောင်း တရုတ်ပြည်ဘက်ကို ဘယ်ဘက်ကပစ်တဲ့ကျည်ရောက်သလဲ ပေါ့နော်ဒါမျိုးတွေနဲ့ ပြောပါတယ်။ တပ်မတော်ဘက်ကတော့ ဒါကတော့ KIA ဝင်လာတဲ့အနေအထားပေါ့ ၊ KIA ဝင်တိုက်တဲ့အနေအထားနဲ့ သူတို့က ပြန်ပြီးတော့ ခုခံတိုက်ခိုက်တဲ့အနေအထားလို့ ဆိုပြီးတော့ KIA ပစ်တဲ့ ကျည်ဆန်လို့ သူတို့ကတော့ ယူဆတယ်။ ဒါကတော့ ကျနော်တို့ ဆက်လက်ပြီး စိစစ်နေပါတယ်။”

တရုတ်အစိုးရဘက်ကတော့ တိုက်ပွဲတွေကို ရပ်စဲကြဖို့ သက်ဆိုင်သူ အားလုံးကို တစိုက်မတ်မတ် တောင်းဆိုနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တရုတ်က ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်လို့လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရက အခုလို ပြောဆိုသွားပါတယ်။

“ပဋိပက္ခမှာ ပါဝင်ပတ်သက်သူတွေ အားလုံးတို့ အနေနဲ့ အခြေအနေကို ထိန်းသိမ်းပြီး စစ်ရေးဆောင်ရွက်ချက်တွေကို ရပ်စဲကြဖို့ အခြေအနေတွေ တကျော့ပြန် ဖြစ်လာမယ့် အရေးကို ရှောင်လွဲကြပြီး နယ်စပ်ဒေသမှာ အမြန်ဆုံး ပြန်ပြီး ငြိမ်းချမ်းလာစေဖို့ အတွက် ဆောင်ရွက်ကြလိမ့်မယ်လို့ ကျနော်တို့ အနေနဲ့ ခိုင်ခိုင်မာမာ မျှော်လင့်ထားပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့ အချုပ်အချာအာဏာနဲ့ နယ်စပ် ဒေသမှာ နေထိုင်ကြသူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို ထိပါးစေနိုင်တဲ့ လုပ်ရပ်တွေကနေလည်း ရှောင်ရှားကြဖို့ ကျနော်တို့က မျှော်လင့်ပါတယ်။ တချိန်တည်းမှာဘဲ မြန်မာနိုင်ငံက ဆန္ဒရှိနေတဲ့ အတိုင်း မြန်မာနိုင်ငံရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တရုတ် အနေနဲ့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ထဲထဲဝင်ဝင် ဆက်ပြီး ဆောင်ရွက်ပေးဖို့ ဆန္ဒ ရှိပါတယ်။”

ကချင်လက်နက်ကိုင် တပ်ဖွဲ့ KIA ၊ တအာင်းပလောင် တပ်ဖွဲ့ (TNLA) ၊ ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ (MNDAA) ၊ ရခိုင်လက်နက်ကိုင် အဖွဲ့ (AA) တို့ ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စလို့ တိုက်ပွဲတွေ စတင်တာလို့ ပူးတွဲကြေညာချက် ထုတ်ပါတယ်။ မြန်မာ အစိုးရဘက်ကတော့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA ကို ချန်လှပ်ပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ သုံးခုပူးပေါင်းတိုက်ခိုက်တာလို့ သုံးနှုန်း ပြောဆိုနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG