သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဉာဏမူပိုင်ခွင့်ကိစ္စ တရုတ်တရားရုံး ကြားနာတော့မည်


တရုတ်နဲ့ အမေရိကန် ၂ နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲမှာ အဓိကထားပြောနေရတဲ့ ဉာဏ်ပညာအခြေပြုပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ပြဿနာ တွေကို ဇန်နဝါရီလ တရက်နေ့က စပြီး တရုတ်နိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးမှာ ကြားနာစစ်ဆေးတော့မှာ ဖြစ်ကြောင်း တရုတ်အစိုးရက ကြေညာလိုက်ပါတယ်။

စီးပွါးရေးအင်အားကြီး ၂ နိုင်ငံကြား ကုန်သွယ်ရေးမှာ အခြေအတင်ဖြစ်နေရာကနေ အမေရိကန် ဒေါ်လာ ဘီလျံ ၃၀၀ ကျော်ဖိုး အပြန်အလှန် အခွန်တွေ တိုးကောက်နေရာကနေ ဒီဇင်ဘာလ ၁ ရက်နေ့ ရောက်မှ ရက်ပေါင်း ၉၀ နောက်ထပ် အခွန်တိုးမကောက်ဖို့ သဘောတူညီမှု ရခဲ့တာဖြစ်ပါတယ်။

ဉာဏပစ္စည်း မူပိုင်ခွင့်နဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေကို လိုက်နာအောင် တရုတ်အစိုးရက တင်းတင်းကြပ်ကြပ် မလုပ်ဆောင်တဲ့အပြင် တရုတ်နိုင်ငံထဲမှာ ဝင်ရောက်လုပ်ကိုင်တဲ့ နိုင်ငံခြားကုမဏီတွေကို နည်းပညာတွေအဓမ္မ လွှဲပြောင်းခိုင်းတယ်လို့ အမေရိကန်နဲ့ အီးယူဥရောပ သမဂ္ဂတို့က ဝေဖန်နေကြတာပါ။

အခုလို ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ အမှုတွေကို ၂၀၁၉ ကစပြီး တရုတ်အထက်တရားရုံးမှာ စတင်ကြားနာစစ်ဆေးတော့မှာ ဖြစ်ကြောင်း တရားရေးဌာန ဒုတိယအကြီးအကဲ Luo Dongchuan ရဲ့ စနေနေ့ပြောကြားချက်ကို တရုတ်အစိုးရ ဆင်ဟွာသတင်းမှာ ဖေါ်ပြထားပါတယ်။ အရင်တုန်းကတော့ ဒီအမှုမျိုးကို ခရိုင်အဆင့်မြင့် တရားရုံးတွေမှာ ကြားနာခဲ့တာ ဖြစ်ပါတယ်။ အခုလို လုပ်ဆောင်မှုဟာ တရားရေးဆိုင်ရာ လျှောက်ထားချက်တွေအတွက် တသမတ်ထဲရှိလာစေမယ့်အပြင် တရားရုံး ကြားနာစစ်ဆေးမှုတွေမှာလည်း ထိရောက်ပြီး အရည်အသွေးကောင်းမွန် တိုးတက်လာစေမယ်လို့လည်း ပြောပါတယ်။

ဒါဟာ ဉာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ခိုးယူမှုတွေကို အကာကွယ်ပေးဖို့ တရုတ်အစိုးရက လုပ်ဆောင်လာတာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ၂၀၁၇ ခုနှစ်အတွင်း ဉာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ခိုးယူတဲ့ အမှုပေါင်း ၂ သိန်းကျော်ကို ကြားနာစစ်ဆေးခဲ့ရပြီး ဒါဟာ ၂၀၁၆ ခုနှစ်ကနဲ့ ယှဉ်ရင် ရာခိုင်နှုန်း ၄၀ တိုးလာခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG