သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဆိုက်ဘာအန္တရာယ် ရုရှားထက် စိုးရိမ်ဖွယ်ရှိ


တရုတ်နိုင်ငံရဲ့ ဆိုက်ဘာအင်တာနက် စွမ်းရည်ဟာ တနေ့တခြားပိုမို ကြီးထွားလာနေပြီး ကမ္ဘာမှာ ထိပ်တန်းရောက်လာနိုင်တာကြောင့်၊ အမေရိကန် ရွေးကောက်ပွဲတွေကို နှောက်ယှက်ဖို့ ကြိုးပမ်းနေတဲ့ ရုရှားနိုင်ငံထက်တောင် အန္တရာယ်ကြီးမားကြောင်း အမေရိကန်ထိပ်တန်း ထောက်လှမ်းရေး အရာရှိတဦးက ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုဟာ ရည်ရွယ်ချက်ရှိရှိ၊ စနစ်တကျနဲ့ သိမ်သိမ်မွေ့မွေ့ ရှိတာကြောင့် ရုရှားလိုနာမည်ပျက်မယ့် အခြေအနေမျိုးကို ရှောင်လွဲနိုင်ခဲ့ကြောင်းလည်း အမျိုးသားထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး Dan Coats ကပြောဆိုခဲ့တာပါ။

အမေရိကန်အပြင် ကမ္ဘာတဝန်းနိုင်ငံတွေနဲ့ အတော်အသင့် တည်ငြိမ်တဲ့ ဆက်ဆံရေးကို အခွင့်ကောင်းယူပြီး တရုတ်နိုင်ငံက အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆိုက်ဘာစွမ်းရည်ကို ပြည်တွင်းမှာ မြှင့်တင်ဖို့ ကြိုးပမ်းလာနေတာဟာ စိုးရိမ်စရာအကောင်းဆုံး ကိစ္စတခုဖြစ်ကြောင်းလည်း သတိပေးခဲ့ပါတယ်။ Xinjiang ဒေသက မူဆလင်တွေအပေါ် နှိမ်နင်းရာမှာ ဆိုက်ဘာစွမ်းရည်ကို စမ်းသပ် အသုံးချခဲ့တာတွေ ရှိခဲ့ကြောင်းလည်း ပြောဆိုခဲ့တာပါ။

ထောက်လှမ်းရေး အရာရှိတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ မိသားစုတွေနဲ့ ကလေးငယ်တွေ အပါအဝင် တရုတ်အစိုးရက ဖမ်းဆီးခဲ့တဲ့ ဝီဂါနဲ့တခြား မူဆလင် သန်းနဲ့ချီရှိမယ်လို့ ခန့်မှန်းထားပြီး၊ ဒီလူတွေကို ပညာပေးစခန်းတွေကို ပို့ဆောင်ပြီး၊ ဘာသာရေးနဲ့ ယဉ်ကျေးမှုကို စွန့်လွှတ်ဖို့ ဖိအားပေးခံခဲ့ရတယ်လို့လည်း ပြောဆိုပါတယ်။

အမေရိကန် အမျိုးသားထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးကတော့ တရုတ်အစိုးရတာဝန်ရှိသူတွေဟာ နိုင်ငံအနောက်မြောက်ဖက်မှာ DNA မျိုးဗီဇနဲ့ ဇီဝဗေဒဆိုင်ရာ အချက်အလက်တွေ စုဆောင်းမှု အပါအဝင် အဆင့်မြင့် ထောက်လှမ်းရေး နည်းစနစ်တွေကို အသုံးချပြီး၊ တရုတ်နည်းပညာ ကုမ္ပဏီတွေက အဓိကဦးဆောင်နေကြောင်းလည်း မနေ့တုန်းက တောင်ကယ်ရိုလိုင်းနားပြည်နယ် Charleston မြို့က စစ်ဖက်ဆိုင်ရာကောလိပ်မှာ ကျင်းပတဲ့ ဆိုင်ဘာလုံခြုံရေးညီလာခံမှာ ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG