သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားကားကုမ္ပဏီတွေ ရုန်းကန်နေရတဲ့ တရုတ်နိုင်ငံ လျှပ်စစ်ကားဈေးကွက်


တရုတ်နိုင်ငံတွင်း သယ်ယူဖို့စောင့်နေတဲ့ လျှပ်စစ်ကား (EV) နဲ့ စွမ်းအင်နှစ်မျိုးသုံး (hybrid) ကားတွေကို တွေ့ရစဉ် (ဇန်နဝါရီ ၁၂၊ ၂၀၂၅)
တရုတ်နိုင်ငံတွင်း သယ်ယူဖို့စောင့်နေတဲ့ လျှပ်စစ်ကား (EV) နဲ့ စွမ်းအင်နှစ်မျိုးသုံး (hybrid) ကားတွေကို တွေ့ရစဉ် (ဇန်နဝါရီ ၁၂၊ ၂၀၂၅)

တရုတ်နိုင်ငံရဲ့ လျှပ်စစ်ကားဈေးကွက်နဲ့ မော်တော်ယာဉ်ထုတ်လုပ်မှု အခြေအနေတွေနဲ့ပတ်သက်လို့ တနင်္လာနေ့က စက်မှုလုပ်ငန်းအစီရင်ခံစာသစ်တစ်စောင် ထွက်ပေါ်လာပါတယ်။ လျှပ်စစ်ကားတွေဟာ တရုတ်နိုင်ငံရဲ့ အနာဂတ်အတွက် ခြေလှမ်းကောင်းတွေ ဖြစ်ပါတယ်။ လျှပ်စစ်ကားအမျိုးအစားအားလုံးရဲ့ ပြည်တွင်းရောင်းချမှုဟာ ၂၀၂၄ ခုနှစ်မှာ ၄၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး နိုင်ငံခြားကတင်သွင်းတဲ့ ဓာတ်ဆီသုံးကားတွေ အပါအဝင် ရိုးရိုးကားတွေရဲ့ ရောင်းချမှုကတော့ ကျဆင်းခဲ့တာပါ။

တရုတ်နိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်သူများအသင်းရဲ့ အဆိုအရ ကမ္ဘာ့အကြီးဆုံး မော်တော်ယာဉ်ဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွင်း ယာဉ်အစီးရေ စုစုပေါင်း ၃၁.၄ သန်း ရောင်းချခဲ့ရပြီး ယခင်နှစ်ထက် ၄.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။

ရောင်းအားတိုးတက်နေပေမယ့် နိုင်ငံခြားကားတင်သွင်းသူတွေအနေနဲ့ စျေးသက်သာတဲ့ လျှပ်စစ်ကားအမျိုးမျိုးကို ထုတ်လုပ်ရောင်းချနေတဲ့ ပြည်တွင်းအမှတ်တံဆိပ်တွေနဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကြားမှာ ယှဉ်ပြိုင်ဖို့ ပိုမိုခက်ခဲလာနေပါတယ်။

ဥပမာတစ်ခုအနေနဲ့ ဂျာမန်ဇိမ်ခံကားကုမ္ပဏီ Porsche ဟာ ၂၀၂၄ ခုနှစ်မှာ တရုတ်နိုင်ငံက အရောင်းဆိုင်အချို့ကို ပိတ်သိမ်းခဲ့ရပါတယ်။ တရုတ်နိုင်ငံမှာ Porsche ကားတွေရဲ့ ရောင်းအားဟာ ယခင်နှစ်ထက် ၂၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး သုံးနှစ်ဆက်တိုက် ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ Porsche အပြင် ဇိမ်ခံကားထုတ်လုပ်သူတွေဖြစ်တဲ့ BMW၊ Mercedes နဲ့ Audi တို့ရဲ့ ရောင်းအားတွေလည်း ၂၀၂၄ မှာ ကျဆင်းခဲ့ပြီး BMW က ၁၃.၄ ရာခိုင်နှုန်း၊ Mercedes က ၇ ရာခိုင်နှုန်းနဲ့ Audi က ၁၁ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ပါတယ်။

ထိုင်ပေမြို့က Chung-Hua စီးပွားရေးသုတေသနဌာနက သုတေသီ Tai Chih-yen က VOA တရုတ်ဌာနကို ပြောကြားရာမှာ မျိုးချစ်စိတ်နဲ့ ပြည်တွင်းအမှတ်တံဆိပ်တွေအပေါ် ထောက်ခံမှုတွေက နိုင်ငံတကာကားထုတ်လုပ်သူတွေအပေါ် ဖိအားပေးမှုတွေ ဖြစ်စေတယ်လို့ ပြောပါတယ်။

"အဆင့်မြင့်စားသုံးသူတွေဟာ နိုင်ငံခြားအမှတ်တံဆိပ်တွေကို စွန့်လွှတ်ပြီး စျေးနှုန်းပိုသင့်တင့်တဲ့ ပြည်တွင်းထုတ် အဆင့်မြင့်ကားတွေဆီ ပြောင်းလဲလာကြပါတယ်။ ဒါဟာ စားသုံးမှုအဆင့်အတန်း လျှော့ချတာ မဟုတ်ဘဲ လက်ရှိအခြေအနေကို ထင်ဟပ်နေတာပါ။ လူတွေဟာ သူတို့မောင်းနှင်တဲ့ ကားအမျိုးအစားတွေမှာ ပိုပြီးသတိထားလာကြသလို ပြည်တွင်းထုတ် ဇိမ်ခံကားတွေကို မောင်းနှင်ခြင်းအားဖြင့် မျိုးချစ်စိတ်ကို ပြသလာကြပါတယ်" လို့ Tai က VOA ကို ပြောပါတယ်။

အစီရင်ခံစာအရ တရုတ်နိုင်ငံမှာ ရိုးရိုးဓာတ်ဆီနဲ့ ဒီဇယ်သုံးကားတွေရဲ့ ရောင်းအားဟာ ၂၀၂၄ မှာ ယာဉ်အစီးရေ ၁၄ သန်းကနေ ၁၁.၆ သန်းအထိ ၁၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဒါဟာ ပေကျင်းအစိုးရရဲ့ လျှပ်စစ်ကားသုံးစွဲရေး မူဝါဒနဲ့ ကိုက်ညီနေပါတယ်။

တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံရဲ့ ယာဉ်တင်ပို့မှုဟာ ၂၀၂၄ မှာ ၁၉.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၅ မှာ တင်ပို့မှုတိုးတက်နှုန်းဟာ ၅.၈ ရာခိုင်နှုန်းပဲ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

၂၀၂၄ မှာ တရုတ်နိုင်ငံဟာ လျှပ်စစ်ကားရောင်းချမှု နိုင်ငံတကာမှာ တိုးချဲ့ဖို့ကြိုးစားရာမှာ တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အမေရိကန်၊ ကနေဒါနဲ့ ဥရောပသမဂ္ဂတို့က စျေးပေါတဲ့ လျှပ်စစ်ကားတွေ စီးဝင်မှုကို တားဆီးဖို့ အခွန်တိုးမြှင့်ကောက်ခံခဲ့ပါတယ်။ တရုတ်အစိုးရရဲ့ လျှပ်စစ်ကားထုတ်လုပ်သူတွေအပေါ် ထောက်ပံ့ကြေးပေးမှုကြောင့် စျေးနှုန်းလျှော့ချရောင်းချနိုင်တာအပေါ် စိုးရိမ်မှုတွေ ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

သူတို့က တရုတ်နိုင်ငံဟာ လျှပ်စစ်ကားထုတ်လုပ်မှု အလွန်အကျွံများပြားနေပြီး နိုင်ငံခြားဈေးကွက်တွေထဲ စျေးပေါပေါနဲ့ စွန့်ပစ်ရောင်းချနေတယ်လို့ စွပ်စွဲကြပါတယ်။ ဒါကို ပေကျင်းအစိုးရက အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။

တရုတ်နိုင်ငံက သူ့ရဲ့ လျှပ်စစ်ကားထောက်ပံ့ကြေးတွေဟာ တခြားနိုင်ငံတွေနဲ့ အလားတူလုပ်ဆောင်ချက်ဖြစ်ပြီး လျှပ်စစ်ကားရောင်းချမှုဟာ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာမှာ အထောက်အကူပြုတယ်လို့ ပြောဆိုထားပါတယ်။ ဥရောပသမဂ္ဂရဲ့ အခွန်တိုးမြှင့်ကောက်ခံမှုအပေါ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှာ တရုတ်က တိုင်ကြားထားပါတယ်။

Forum

XS
SM
MD
LG