(Zawgyi / Unicode)
တရုတ်နဲ့ လာအိုနိုင်ငံတို့ ဒေသတွင်း ပိုမိုချိတ်ဆက်ရေး နှစ်ဖက်ဆွေးနွေးရာမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အမြင်ဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာပါဝင်တဲ့ အာဆီယံနဲ့ မဲခေါင်ဒေသတွင်း ချိတ်ဆက်ရေးမှာ အရေးပါတဲ့ ဒီ ကွန်မြူနစ် ၂ နိုင်ငံကြား မြန်နှုန်းမြင့်ရထားလမ်းဖွင့်ပွဲကို ပြုလုပ်ခဲ့ရာမှာ တရုတ်နဲ့ လာအို နိုင်ငံခြားရေးဝန်ကြီးတွေ Online အင်တာနက်ကတဆင့် မနေ့က တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။
တရုတ်သမ္မတ Xi Jinping နဲ့ လာအိုဝန်ကြီးချုပ် Thongloun Sisoulith တို့လည်း ဒီ ရထားလမ်းဖွင့်ပွဲကို အင်တာနက် ဗွီဒီယိုကတဆင့် ကြည့်ရှုအားပေးခဲ့ကြတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောပါတယ်။
ဒီရထားလမ်းဟာ BRI ခေါ် တရုတ်ပိုးလမ်းမကြီး စီမံကိန်းရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး တရုတ်ချေးငွေနဲ့ လာအိုနယ်စပ်ကနေ မြို့တော် ဗီယန်ကျင်းကို ဖောက်လုပ် ဆက်သွယ်ထားတာပါ။ ဖွင့်ပွဲအခမ်းအနားမှာတော့ လာအိုနိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith က တရုတ်ကွန်မြူနစ်ပါတီရဲ့ ကြီးမြတ်တဲ့ အောင်မြင်မှုတွေကို ချီးကျူးခဲ့ပါတယ်။ ဒီရထားလမ်းဟာ တရုတ်ဘက်မှာတော့ မြန်မာနယ်စပ် ယူနန်ပြည်နယ်အထိ ရောက်ပါတယ်။
နှစ်ဖက် နိုင်ငံခြားရေးဝန်ကြီး ၂ ဦး ဆွေးနွေးရာမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍသစ် မြှင့်တင်ဖို့အပြင် အာဆီယံနဲ့ မဲခေါင်ဒေသတွင်း ကိစ္စတွေကို အလေးအနက် ဆွေးနွေးခဲ့ပြီး မြန်မာ့အရေးလည်း အဓိက အမြင်ဖလှယ်ခဲ့ကြပါတယ်။
တရုတ် BRI စီမံကိန်းကြီးရဲ့ နောက်အစိတ်အပိုင်းဖြစ်တဲ့ မြန်မာနဲ့ ရထားလမ်းပိုင်းကိုတော့ တရုတ်ဘက်က နယ်စပ်အထိသာ ဖောက်ထားပါသေးတယ်။ မြန်မာနိုင်ငံဘက်အပိုင်းကတော့ ပြည်တွင်းမတည်မငြိမ်မှုတွေကြောင့် အစီအစဉ်တွေ တုံ့နှေးနေပါတယ်။
တရုတ်-မြန်မာ အပိုင်းကနေတဆင့်တော့ တရုတ်အတွက် မဟာဗျူဟာမြောက် အရေးပါတဲ့ အိန္ဒိယ သမုဒ္ဒရာထွက်ပေါက် ရရှိသွားမှာဖြစ်ပြီး ပင်လယ်ထွက်ပေါက်မရှိတဲ့ ယူနန်အတွက် ကုန်သွယ်မှု ပိုကောင်းနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
---------------------
(Unicode)