သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်မှာအလုပ်ရဖို့ နယ်စပ်မှာစောင့်ဆိုင်းနေရတဲ့မြန်မာ ထောင်ချီရှိ


တရုတ်မြန်မာနယ်စပ် မူဆယ်မြို့ကုန်သွယ်ရေးဂိတ်မြင်ကွင်း။ (ဓာတ်ပုံ-ယာဉ်မောင်းတဦး/ယခင်ပုံဟောင်း)
တရုတ်မြန်မာနယ်စပ် မူဆယ်မြို့ကုန်သွယ်ရေးဂိတ်မြင်ကွင်း။ (ဓာတ်ပုံ-ယာဉ်မောင်းတဦး/ယခင်ပုံဟောင်း)

တရုတ်နယ်စပ်ဖြတ်ပြီး တရုတ်နိုင်ငံတွင်းအလုပ်ရှာကြတဲ့ မြန်မာအလုပ်သမားတွေအတွက် တရုတ်နိုင်ငံနယ်စပ် ရွှေလီမြို့မှာ ၇ ရက်ပဲ နေထိုင်ခွင့်ရတာမို့ အလုပ်ရှာဖို့ အတော်လေး အခက်ကြုံနေကြရပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံတွင်းအလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှုကြောင့် တရုတ်နိုင်ငံထဲမှာ အလုပ်ရဖို့ မြန်မာနယ်စပ်မှာ စောင့်ဆိုင်းနေကြသူက ထောင်နဲ့ချီ ရှိနေပါတယ်။ ဒီ အကြောင်း သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနဲ့တရုတ် နှစ်ဘက် နယ်စပ်တာဝန်ရှိသူတွေ ညှိနှိုင်းပြီး တရုတ်ရွှေလီမြို့ကို တပတ်ဝင်ထွက်ခွင့်ရမယ့် ယာယီနယ်စပ်ဖြတ်ကျော်ခွင့်ကတ်တွေ ပြန်ပြီး ထုတ်ပေးခဲ့တာ တလနီးပါး ရှိပါပြီ။ အလုပ်အကိုင်မရှိတဲ့အတွက် တပတ်နေထိုင်ခွင့်ကတ်နဲ့ပဲ ရရာအလုပ် လုပ်နေကြတဲ့ မြန်မာနိုင်ငံသားအများစုဟာ အပြေးအလွှား အလုပ်ရှာ၊ ငွေရှာပြီး အချိန်ပြည့်တာနဲ့ မြန်မာဘက်ကို ပြန်လာ၊ နောက်တခေါက်သွားဖို့ တပတ်နေထိုင်ခွင့် ထပ်လျှောက်ရတာကြောင့် အတော်လေး ဒုက္ခရောက်နေကြတယ်လို့ ရွှေလီမြို့က မြန်မာလုပ်ငန်းရှင် တချို့က ဗွီအိုအေကို ပြောပါတယ်။

တရုတ်ယူနန်အစိုးရကလည်း ခွင့်ပြုထားတဲ့ရက်ထက် ကျော်သွားသူတွေကို အရေးယူသွားမယ်လို့ ဒီရက်ပိုင်းထဲမှာ စာထုတ်ထားပါတယ်။ ဒါကြောင့် တနှစ်သက်တမ်းပေးထားပြီး တရားဝင် အလုပ်လုပ်ခွင့်လည်း ရနိုင်တဲ့ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီကို နှစ်နိုင်ငံညှိနှိုင်းပြီး လူတိုင်းကို ထုတ်ပေးမယ်ဆိုရင်တော့ အားလုံးအဆင်ပြေသွားနိုင်ကြောင်း ရွှေလီမြို့က မြန်မာလုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

"တပတ်ကတ်နဲ့ ဒီကိုဝင်လာကြတယ်။ ခြောက်ရက်နေပြီး ပြန်ထွက်တယ်၊ ရွှေလီထဲမှာ လုပ်လို့ရသမျှ အလုပ်လေးတွေ ဝင်လုပ်ကြတယ်။။ တချို့ကြတော့လည်း စက်ရုံတွေက ခေါ်ထားတယ်။ ဖမ်းကာမှဖမ်းတော့ ပြန်မထွက်တော့ဘူးဆိုပြီး အဲလို။ တရုတ်ပြည်က ဘယ်အချိန်ဖြစ်ဖြစ် မူဝါဒက ပြောင်းနေတာ။ အဲဒါမို့ မလုပ်သေးရင်တော့ မလုပ်သေးဘူး။ လုပ်ပြီဆိုရင်တော့ အများကြီးပဲ။ ကျနော် ဒီဘက်မှာမေးကြည့်ပါတယ်။ ဖမ်းမိရင် ဘယ်လိုလုပ်မှာတုန်း ဆိုပြီး၊ မရဘူးဆိုရင် ကျနော်တို့ ဒီမှာပေါ့ ဗမာပြည်ထဲက ရှိတဲ့နေရာပေါ့ ရတဲ့အလုပ် သွားပြန်လုပ်ရမှာပေါ့ တဲ့။"

တရုတ်ရွှေလီအစိုးရကတော့ ရက်ကျော်နေထိုင်သူတွေကို ဖမ်းဆီး အရေးယူမယ်လို့ ကြေညာထားပေမဲ့ လက်ရှိမှာတော့ အရင်ကထက် ဖြေလျှော့ပေးတာတွေ ရှိပြီး နာမည်ပျက်စာရင်း ဝင်သူတွေ၊ ဒုစရိုက်ကျူးလွန်ထားသူတွေကိုပဲ ပြည်ဝင်ခွင့်ကို ကန့်သတ်ထားပါတယ်။ ဒါပေမဲ့လည်း တရုတ်ဘက်က နိုင်ငံခြားသားနဲ့ ပတ်သက်တဲ့မူဝါဒကို မကြာခဏဆိုလို ပြောင်းလဲတတ်တဲ့အတွက် ရက်ကျော်နေထိုင်ပြီး အလုပ်လုပ်နေသူတွေအနေနဲ့ ဖမ်းဆီးခံရနိုင်ခြေ များနေတာပါ။

သူတို့ဟာ ရွှေလီမြို့ထဲကို တပတ်ကတ်နဲ့ဝင်ပြီး ခြောက်ရက် အလုပ်လုပ်ကြပါတယ်။ အဲဒီနောက် မြန်မာဘက်အခြမ်း မူဆယ်မြို့မှာတခါ နောက်ထပ်ဝင်ခွင့်ရဖို့ လူထောင်ချီ ရက်ပေါင်းများစွာ ပြန်ပြီး တုံကင်ယူ တန်းစီရပါတယ်။ တရုတ်နိုင်ငံထဲမှာ ခြောက်ရက် အလုပ်လုပ်လို့ ရတဲ့ဝင်ငွေက တန်းစီရင်း၊ စောင့်ဆိုင်းရင်း ကုန်သွားတယ်လို့ တချို့က ဗွီအိုအေကို ပြောပါတယ်။ တရုတ်နိုင်ငံထဲမှာလည်း ရတဲ့အလုပ်ကို မရွေးဘဲ လုပ်နေရကြောင်း မြန်မာအလုပ်သမားတဦးက ဗွီအိုအေကို ပြောပါတယ်။

" အလုပ်က သူ့ဟာနဲ့သူတော့ ရှိပါတယ်၊ ဒါပေမဲ့ လုပ်အားခတွေ လျော့လာတာတွေ တယာက်ကငြင်းရင် နောက်တယောက်က ဝင်လုပ်မဲ့ဟာတွေကြောင့်လည်း ခက်တယ်။ အဲလို အခက်အခဲတွေတော့ ရှိတယ်ပေါ့လေ။ ပြောချင်တာက အလုပ်ကို ရွေးလို့မရတော့ဘူး ပေါ့နော်။ ချေးများလို့မရတဲ့ အနေအထားတွေ ဖြစ်ကုန်တာပေါ့။ ၇ရက်ကတ်သမားတွေဆိုရင် ပိုလို့တောင် အဆင်မပြေနိုင်ဘူး၊ ဒီလို တန်းစီရတာနဲ့ တုံကင်ယူရတာနဲ့နော။ ၇ ရက်ကတ်သမားတွေ အတွက်က တကယ်ကို အဆင်မပြေနိုင်ဘူးပေါ့။ ၇ ရက်ပြည့်ရင် (တရုတ်နိုင်ငံထဲက) တန်းထွက်ရမှာ ဆိုတော့လေ။"

လက်ရှိမှာတော့ ပြည်တွင်းမှာထက် တရုတ်မှာ ရသလောက် သွားလုပ်နေရတာက ပိုပြီး အဆင်ပြေနေတာပါ။ ဖုန်းအပိုပစ္စည်းစက်ရုံတွေ၊ အထည်ချုပ်စက်ရုံတွေမှာ တလကို တရုတ်ယွမ်ငွေ ၂,၈၀၀၊ ၂,၅၀၀ လောက်ရကြပါတယ်။ ရွှေလီမှာ အနေကြာသူတွေက တရက်လုပ်ခကို တရုတ်ယွမ်ငွေ ၁၈၀၊ ၂၀၀ လောက်ရကြပေမဲ့ ၇ရက် တပတ်ကတ်နဲ့ ဝင်လာသူတွေကတော့ တရက်ကို ယွမ်၁၂၀ (မြန်မာကျပ်ငွေ ၃ သောင်းခွဲ) လောက်ပဲ ရကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG