နယ်မြေပိုင်နက် အငြင်းပွါးနေတဲ့ တောင်တရုတ်ပင်လယ် ပြင်ထဲ တရုတ်ရဲ့ ရန်လိုမှုတွေ အင်အားသုံး အနိုင်ကျင့်မှုတွေ ရပ်ဆိုင်မယ် ဆိုရင် ဖိလစ်ပိုင်မှာ အမေရိကန် မစ်ဇိုင်းဒုံးစံနစ် တပ်ဆင်မှုကို ဖယ်ရှား ပေးမယ်လို့ ဖိလစ်ပိုင် သမ္မတ Ferdinand Marcos Jr. က ကမ်းလှမ်း လိုက်ပါတယ်။
အမေရိကန်စစ်တပ်က မနှစ်က ဧပြီလထဲမှာ တာလတ်ပစ် Typhon မစ်ဇိုင်းဒုံး စံနစ်ကို ဖိလစ်ပိုင် မြောက်ပိုင်းမှာ တပ်ဆင်ပေးခဲ့တာ ဖြစ်ပြီး ဒါဟာ ကာလတာရှည် မဟာမိတ်အဖြစ် ရပ်တည်ခဲ့တဲ့ ဖိလစ်ပိုင်နဲ့ ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေ အတွက် ဖြစ်ကြောင်း ပြောပါတယ်။
တရုတ်အစိုးရက ဒါဟာ ပထဝီ နိုင်ငံရေးအရ ထိပ်တိုက် ရင်ဆိုင်မှုတွေနဲ့ လက်နက်အပြိုင်အဆိုင် တပ်ဆင်မှုတွေ လုပ်တာ ဖြစ်တဲ့အတွက် ဒီ မစ်ဇိုင်းဒုံး စံနစ်ကို ဖယ်ရှားပစ်ဖို့ ဖိလစ်ပိုင်ကို ထပ်တလဲလဲ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ အခုလို တရုတ်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ဖိလစ်ပိုင် သမ္မတ မားကို့စ် ကို သတင်းထောက်တွေက မေးတဲ့ အခါမှာတော့ တရုတ်ရဲ့ အနေ အထားကို သူနားမလည် ကြောင်းပြောပါတယ်။
ဖိလစ်ပိုင် ဘက်က တရုတ်ရဲ့ မစ်ဇိုင်း စံနစ်တွေနဲ့ ပတ်သက်ပြီး ဝေဖန်တာမျိုး မလုပ်ခဲ့ ကြောင်း တကယ်တာ့ တရုတ်မှာ ထားတဲ့ မစ်ဇိုင်းဒုံး စံနစ်ေွက အခု ဖိလစ်ပိုင်မှာ ရှိတဲ့ မစ်ဇိုင်းစံနစ်တွေထက် အဆ ထောင်နဲ့ချီ ပိုအားပြင်းတာ ဖြစ်ကြောင်း ပြောခဲ့တာပါ။
ဒါ့အပြင် တရုတ်နဲ့ သဘောတူညီချက် တခု လုပ်ချင်ကြောင်းနဲ့ တရုတ်အနေနဲ့ နယ်မြေပိုင်ဆိုင်မှု ဆိုင်ရာ ပြောကြားချက်တွေ ရပ်ပစ်ဖို့၊ ဖိလစ်ပိုင် ငါးဖမ်းသမားတွေ ငါးဖမ်း မရအောင် ခြိမ်းခြောက်မှုတွေ ရပ်ဖို့ ဖိလစ်ပိုင် သင်္ဘောတွေကို ဝင်မတိုက်ဖို့ ဖိလစ်ပိုင် နိုင်ငံသားတွေ ရေကြောင်း သွားလာမှုကို မနှောက်ယှက်ဖို့နဲ့ လေဆာနဲ့ ပစ်ခတ်တာတွေ၊ ရန်လိုတာ ခြိမ်းခြောက်တာတွေ မလုပ်ဖို့ စတင်မယ် ဆိုရင် အခု အမေရိကန်က ဆင်ပေးထားတဲ့ မစ်ဇိုင်းဒုံး စံနစ်ကို ဖယ်ရှား ပေးမှာ ဖြစ်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။
ဖိလစ်ပိုင်ရဲ့ ပြောကြားချက် နဲ့ ပတ်သက်ပြီး တရုတ်ဘက်က တစုံတရာ မတုန့်ပြန်သေးပါဘူး။
Forum