သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုံးကျည် စမ်းသပ်မှု ရပ်တန့်ရေး မြောက်ကိုရီးယားကို တရုတ်ဖိအားပေး


 မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi (သြဂုတ်လ ၆ ရက်)
မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi (သြဂုတ်လ ၆ ရက်)

မြောက်ကိုရီးယားအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ချစ်ကြည်ရင်းနှီးမှုကို ထိခိုက်အောင်မလုပ်သင့်ဘူးလို့ဆိုပြီး ဒုံးကျည်နဲ့ နျူကလီးယားစမ်းသပ်တာတွေကို ရပ်ဖို့ တရုတ်က မြောက်ကိုရီးယားကို ဖိအားပေးပြောဆိုခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN နဲ့ တခြားဆက်စပ်အစည်းအဝေးတွေ ပြင်ပမှာ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Ri Yong-ho နဲ့ သီးခြားတွေ့ဆုံချိန်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က အခုလို သတိပေး ပြောဆိုတာပါ။ ဒါဟာဖြင့် ကုလသမဂ္ဂက မြောက်ကိုရီးယားအပေါ် မကြာသေးခင်က ချမှတ်လိုက်တဲ့ ဒဏ်ခတ် အရေးယူမှုအသစ်တွေကို ထောက်ခံတယ်ဆိုတာ ပြတ်ပြတ်သားသား ပြလိုက်တာလဲဖြစ်ပါတယ်။

မြောက်ကိုရီးယားအပေါ် ချမှတ်တဲ့ ဒဏ်ခတ်အရေးယူူမှုအသစ်ကို တရုတ်က ထောက်ခံတဲ့အပေါ် အမေရိကန်ကတော့ သတိ ထားပြီး ကြိုဆိုပါတယ်။ ဒီအရေးယူမှုတွေကို တရုတ်က ဘယ်လောက် လိုက်နာလုပ်ဆောင်သလဲဆိုတာ အနီးကပ် စောင့်ကြည့် သွားမယ်လို့ပြောပါတယ်။ အခု ဒဏ်ခတ်မှုအသစ်တွေကြောင့် မြောက်ကိုရီးယားအတွက် တနှစ်ကို ဝင်ငွေ ဒေါ်လာ သန်း ၁,၀၀၀ လောက် နစ်နာသွားမယ့်အခြေအနေ ရှိနေတာပါ။

မြောက်ကိုရီးယားရဲ့ လက်နက်အစီအစဉ်တွေကို တားဆီးရေး ကြိုးပမ်းမှုတွေကို အရင်တုန်းကလဲ တရုတ်က ထောက်ခံခဲ့ဖူးပေမဲ့ နောက်ပိုင်းကျတော့ ပြန်လျော့သွားခဲ့တယ်လို့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Susan Thornton က သတင်းထောက်တွေကိုပြောပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေလျော့ပါးရေးအတွက် အပြန် အလှန်ရပ်ဆိုင်းခြင်းနည်းလမ်းကိုသုံးဖို့ မြောက်ကိုရီးယားကို အကြံပေးခဲ့တယ်လို့ မစ္စတာ Wang Yi ကပြောပါတယ်။ အဲဒါက တော့ မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်တာတွေကိုရပ်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ပူးတွဲစစ်ရေးလေ့ကျင့် တာတွေကို ရပ်ဖို့ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG