သုံးရလွယ်ကူစေသည့် Link များ

မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်မှုအသစ် လုံခြုံရေးကောင်စီအတည်ပြု


မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်မှုအသစ် ချမှတ်ဖို့ လုံခြုံရေးကောင်စီမှာ ဆုံးဖြတ်စဉ် (Aug. 5, 2017)

မြောက်ကိုရီးယားအပေါ် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်မယ့် ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ စနေနေ့က တညီတညွတ်ထဲ မဲပေး အတည်ပြုလိုက်ကြပါတယ်။

အမေရိကန်က ကမကထပြုတင်သွင်းတဲ့ ဒီအရေးယူမှုကြောင့် မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည်အစီ အစဉ်တွေအတွက် လိုအပ်တဲ့ဝင်ငွေ တနှစ်ကို ဒေါ်လာ သန်း ၁,၀၀၀ လောက် ထိခိုက်သွားဖို့ရှိပါတယ်။

ဇူလိုင်လ ၃ ရက်နေ့နဲ့ ၂၈ ရက်နေ့တွေက တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေကို မြောက်ကိုရီးယားက စမ်းသပ် ပစ်လွှတ်ခဲ့တာကို တုန့်ပြန်တဲ့အနေနဲ့ အခုလို နောက်ထပ် အရေးယူမှု ချမှတ်တာပါ။ အဲဒီဒုံးကျည်စမ်းသပ်မှုတွေအရ မြောက်ကိုရီးယားရဲ့ ဒုံးကျည် တွေဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပတိုက်ဒေသအများအပြားထိ ရောက်နိုင်ခြေ အလားအလာ ရှိလာတာကို ပြနေပါတယ်။

အခုဆုံးဖြတ်ချက်ကြောင့် မြောက်ကိုရီးယားရဲ့ ပြည်ပပို့ကုန်ဝင်ငွေ တနှစ် ဒေါ်လာ သန်း ၃,၀၀၀ လောက်ထဲက သုံးပုံတပုံ လျော့သွားမှာပါ။ တင်ပို့ကုန်လေးမျိုးဖြစ်တဲ့ ကျောက်မီးသွေး၊ သံ၊ သံရိုင်း၊ ခဲနဲ့ ခဲရိုင်းသတ္တုတွေနဲ့ ပင်လယ်စာထွက်ကုန်တွေကို ပစ်မှတ်ထား အရေးယူတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လနဲ့ နိုဝင်ဘာလကချမှတ်ခဲ့တဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နှစ်ခုမှာ တော့ ပြည်ပတင်ပို့တဲ့ ကျောက်မီးသွေးပမာဏကို ကန့်သတ်ခဲ့တာဖြစ်ပြီး အခုတော့ လုံးဝ ပိတ်လိုက်တာပါ။ ကျောက်မီးသွေးဟာ မြောက်ကိုရီးယားရဲ့ အကြီးမားဆုံး ပြည်ပ တင်ပို့ကုန် ဖြစ်ပါတယ်။ ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေအပြင် မြောက်ကိုရီးယား တသီးပုဂ္ဂလ လူပုဂ္ဂိုလ် ကိုးဦးနဲ့ အဖွဲ့အစည်း လေးဖွဲ့တို့ရဲ့ ပိုင်ဆိုင်ပစ္စည်းတွေကို ထိန်းချုပ်ဖို့နဲ့ ခရီးသွားလာခွင့် ပိတ်ပင်ကန့်သတ်ဖို့ ဒီဆုံးဖြတ် ချက်ထဲမှာ ပါရှိပါတယ်။

XS
SM
MD
LG