သုံးရလွယ်ကူစေသည့် Link များ

မြောက်ကိုရီးယားအပေါ် ကုလ ထပ်တိုး အရေးယူရေး အမေရိကန် ဦးဆောင်စီစဉ်


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း မစ်ဆိုင်းစစ်ဆေးမှု
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း မစ်ဆိုင်းစစ်ဆေးမှု

မြောက်ကိုရီးယားနိုင်ငံအနေနဲ့ သူ့ရဲ့ nuclear နဲ့ ပဲ့ထိန်းတပ်ဒုံးကျဉ် အစီအစဉ်အတွက် ငွေကြေးသုံးစွဲနိုင်အောင် တနှစ်နှစ် ဝင်ငွေ ဒေါ်လာ သန်းတထောင် ရရှိနေတာကို မရအောင်လုပ်ဆောင်မယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းကို အမြန်ဆုံးအတည်ပြုနိုင်ဖို့ အမေရိကန်ပြည်ထောင်စု လုပ်ဆောင်နေပါတယ်။ ဇူလိုင်လ ၃ ရက်နေ့နဲ့ ၂၈ ရက်နေ့တို့မှာ မြောက်ကိုရီးယားအစိုးရက တိုက်ချင်းပစ်ဒုံးကျဉ်တွေ ပစ်လွှတ်လိုက်တာကို တုံ့ပြန်တဲ့ အနေနဲ့ အခုလို အရေးယူဒဏ်ခတ်မှုကို တို့မြှင့်ဖို့ လုပ်တာပါ။ အခုဆိုရင် မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်ပြည်မကြီးနဲ့ ဥရောပဒေသ အများစုကို ရောက်တဲ့ ဒုံးကျဉ် တီထွင်နိုင်သွားတဲ့ ပုံ ရှိကောင်းရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စု နဲ့ တရုတ်ကြားမှာ သတင်းပတ်ပေါင်းများစွာ ညှိနှိုင်းခဲ့ကြရပြီးတဲ့နောက်မှာ ဒေသစံတော်ချိန် စနေနေ့ ညနေ ၃ နာရီမှာ လုံခြုံရေးကောင်စီ က မဲဆွဲဆုံးဖြတ်ဖို့ သတ်မှတ်ထားပြီး အမေရိကန်က မူကြမ်းရေးတဲ့ ဒီဆုံးဖြတ်ချက်အပေါ် လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံလုံး သေချာ ဆွေးနွေးထားကြပြီးဖြစ်ပါတယ်။ လုံခြုံရေးကောင်စီ သံအရာရှိတဦးရဲ့ ပြောဆိုချက်အရ ဒီဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုပြီး အကောင်ထည်ဖော်တယ်ဆိုရင် မြောက်ကိုရီးယားအစိုးရရဲ့ တနှစ်ကို ဒေါ်လာ သန်းသုံးထောင်ဖိုး ပြည်ပတင်ပို့မှုကို ပိတ်လိုက်တော့မှာ ဖြစ်ပါတယ်။ ဒီ ကုလ ဆုံးဖြတ်ချက်ထဲမှာ အဓိက ကဏ္ဍ ၄ ခု ကို ပစ်မှတ်ထားပြီး ကျောက်မီးသွေး၊ သံ၊ ပြီးတော့ သံသတ္တု ရိုင်း၊ ခဲ နဲ့ ခဲသတ္တု ရိုင်း၊ ပင်လယ်စာ တင်ပို့မှုတို့ ဖြစ်ပါတယ်။ မနှစ်က မတ်လနဲ့ နိုဝင်ဘာလတို့မှာ စတင်အကျုံးဝင်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂ ခု မှာတော့ မြောက်ကိုရီးယားရဲ့ တခုတည်းသော အဓိက ပို့ကုန်ဖြစ်တဲ့ ကျောက်မီးသွေးတင်ပို့မှုကို ကန့်သတ်ခဲ့တာပါ။ အခု ဆုံးဖြတ်ချက်အသစ်မှာတော့ အဲဒီလို ကန့်သတ်တာမျိုးမဟုတ်ပဲ လုံးဝ ခွင့်မပြုတော့တာဖြစ်လို့ မြောက်ကိုရီးယားကျောက်မီးသွေးတင်ပို့မှု အားလုံး ရပ်တန့်သွားမှာ ဖြစ်တယ်လို့ လုံခြုံရေးကောင်စီ သံအရာရှိက ပြောပါတယ်။ အဲဒီလို လုပ်ရင် မြောက်ကိုရီယားရဲ့ ပြည်ပတင်ပို့မှုဝင်ငွေ တနှစ်ကို ဒေါ်လာ သန်း ၄၀၀ ချက်ချင်း လျော့ကျသွားမှာ ဖြစ်ပါတယ်။ သံ၊ နဲ့ သံသတ္တု ရိုင်း၊ ကိုလည်း လုံးဝ ပိတ်ပင်မှာ ဖြစ်ပြီး မြောက်ကိုရီယားရဲ့ ဒီနှစ်ဝင်ငွေကို ဒေါ်လာ ၂၅၁ သန်းလောက် လျော့ကျသွားစေပါလိမ့်မယ်။ ခဲ နဲ့ ခဲသတ္တု ရိုင်း တင်ပို့မှုကနေ ဒေါ်လာ ၁၁၃ သန်း နဲ့ ပင်လယ်စာကနေ ဒေါ်လာ သန်းပေါင်း ၃၀၀ လောက် ဒီနှစ်အတွင်း လျော့ကျ သွားနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG