ဟောင်ကောင်က ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ဦးဆောင်သူ တဦး ဖြစ်တဲ့ Joshua Wong ကို ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးက ဘာလင်မြို့မှာ လက်ခံတွေ့ဆုံခဲ့မှုအပေါ် ကန့်ကွက် ပြောကြားဖို့ တရုတ်အစိုးရက ဘေဂျင်းမြို့မှာ ရှိတဲ့ ဂျာမနီ သံအမတ်ကြီးကို ဆင့်ခေါ် တွေ့ဆုံခဲ့ပါတယ်။
ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Heiko Maas က Joshua Wong ကို လက်ခံတွေ့ဆုံပြီး ၂ ရက်အကြာ ဗုဒ္ဓဟူးနေ့မှာတော့ ဘာလင်မြို့မှာ ရှိတဲ့ တရုတ် သံအမတ်ကြီး Ken Wu က ဂျာမနီ အစိုးရကို လူသိရှင်ကြား ဝေဖန် ပြောဆိုထားခဲ့ပါတယ်။ အခုလို တွေ့ဆုံတာကြောင့် မလိုလား အပ်တဲ့ အကျိုးဆက်တွေ ရှိလာလိမ့်မယ်လို့လည် သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
တနင်္လာနေ့ ညက ဘာလင်မြို့ကို ရောက်ရှိခဲ့လာတဲ့ Wong ကို ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး Maas က ကြိုဆိုခဲ့သလို ဂျာမန် ဥပဒေပြု အမတ်တွေကလည်း Wong နဲ့ တွေ့ဆုံခဲ့ကြပါတယ်။
အဲဒီ နိုင်ငံရေးသမားတွေရဲ့ ရည်ရွယ်ချက်ကို မသိရှိကြောင်း၊ သူတို့အနေနဲ့ ဟောင်ကောင်ရဲ့ ဒီမိုကရေစီအရေး၊ လွတ်လပ်ခွင့် အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို တကယ်ပဲ စိုးရိမ်တာလား ဒါမှမဟုတ် မီးလောင်ရာ လေပင့်နေတာလား၊ နိုင်ငံရေးအရ အကျိုးအမြတ်ထွက်အောင် လုပ်နေတာလား မေးစရာပါလို့လည်း ဂျာမနီနိုငငံဆိုင်ရာ တရုတ်သံအမတ်ကြီး Wu က ပြောပါတယ်။
ဂျာမနီ သံအမတ်ကြီးကို ဆင့်ခေါ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဂျာမနီနိုင်ငံဘက်က တုန့်ပြန်ပြောကြားတာ မရှိသေးပေမဲ့ ဂျာမနီ ဝန်ကြီးချုပ် Angela Merkel က တရုတ် ခရီးစဉ်က ပြန်ရောက်အပြီး တရုတ် ခေါင်းဆောင်တွေအနေနဲ့ လူ့အခွင့်အရေး လေးစား သင့်တယ်လို့ ဘာလင်မြို့မှာ ပြောအပြီး အခုလို အငြင်းပွားမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။