သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်အရေး အမေရိကန်ဝန်မစွက်ဖို့ အုပ်ချုပ်ရေးမှူး သတိပေး


ဟောင်ကောင်အရေးနဲ့ပတ်သက်လို့ အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ ဥပဒေတခုခုချမှတ်ဖို့ ကြိုးစားတာမျိုးကို လက်ခံမှာမဟုတ်ကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဟောင်ကောင်မှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးရှိရာကို ဟောင်ကောင်ပြည်သူ ထောင်ပေါင်းများစွာ ချီတက်ခဲ့ကြပြီး ဟောင်ကောင် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအက်ဥပဒေကို အမေရိကန်လွှတ်တော်မှာ အတည်ပြုချမှတ်ဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပြီးတဲ့နောက် အုပ်ချုပ်ရေးမှူး Lam က ခုလို တုံ့ပြန်ပြောဆိုလိုက်တာပါ။ ပြည်ပနိုင်ငံတခုရဲ့ လွှတ်တော်တရပ်ကနေ၊ အခုကိစ္စမှာတော့ အမေရိကန်လွှတ်တော်ကနေ ဟောင်ကောင်အရေးကို ဝင်ရောက်စွက်ဖက်တဲ့ ဥပဒေတရပ် ရေးဆွဲ အတည်ပြုတာမျိုးဟာ အထူးအုပ်ချုပ်ခွင့်ရ ဟောင်ကောင်အစိုးရအတွက်တော့ လက်ခံနိုင်စရာမရှိဘူးလို့ Lam က ပြောပါတယ်။

လွှတ်တော်တိုင်းဟာ ကိုယ့်နိုင်ငံရဲ့ ပြည်တွင်းရေးရာတွေကိုသာ ဆွေးနွေးကိုင်တွယ်တာမျိုးပဲ ဖြစ်သင့်သလို၊ ဟောင်ကောင်ရဲ့ အရေးကိုလဲ ဟောင်ကောင်ကပဲ ကိုင်တွယ်သင့်တယ်လို့ ဟောင်ကောင်အကြီးအကဲ Lam က ပြောပါတယ်။ တချိန်တည်းမှာပဲ ဟောင်ကောင်ပြည်သူတွေကိုလည်း အမေရိကန်က တခုခု လုပ်ဆောင်ပေးဖို့ တောင်းဆိုနေတာတွေ ရပ်တန့်ဖို့ Lam က တောင်းဆို လိုက်ပါတယ်။ သူ့နဲ့ သူ့အစိုးရ အနေနဲ့ သိပ်မကြာခင်မှာ ရပ်ကွက်တွေထဲအထိ သွားရောက်ပြီး ပြည်သူတွေနဲ့ တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးတာတွေ လုပ်သွားမယ့်အကြောင်းလည်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး Lam က ဟောင်ကောင်ဒေသခံတွေကို အာမခံ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG