မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ အခြေစိုက် လှုပ်ရှားနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ တရုတ်အစိုးရ အဆင့်မြင့်အရာရှိတယောက် ဒီကနေ့ပဲ ထိုင်းနယ်စပ်ကို သွားရောက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဒီကနေ့ ရောက်လာတဲ့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံ ရေး လက်ထောက်ဝန်ကြီး Mr. Liu Zhongyi ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ထိုင်းအာဏာပိုင်တွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေ နှိမ်နင်းရေး တရုတ်နဲ့ထိုင်း ဆွေးနွေးတဲ့ အကြောင်း ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
တရုတ်နိုင်ငံ ပြည်သူ့လုံခြုံ ရေး လက်ထောက်ဝန်ကြီး Mr. Liu Zhongyi နဲ့အဖွဲ့ ဝင်တွေဟာ ဇန်နဝါရီလ ၂၉ ရက်နေ့ မဲဆောက်မြို့ကိုရောက်ရောက်ချင်းမှာပဲ တရုတ်အွန်လိုင်းလိမ်လည်ဂိုဏ်းတွေရှိရာ မြန်မာ နိုင်ငံ မြ၀တီမြို့ ရွှေကုက္ကိုဘက်ကို မြင်ရတဲ့ ထိုင်းဘက်ခြမ်း ဝမ်သခရင်ကျေးရွာဘက်ကနေ အွန်လိုင်း လိမ်လည်ဂိုဏ်းရှိရာကို သွားရောက်ကြည့်ရှုခဲ့တာပါ။ တရုတ်ဝန်ကြီးက မြန်မာနိုင်ငံဘက် မြဝတီမှာ ပိတ်မိနေတဲ့ တရုတ်နိုင်ငံသား ၁၆၀ အမြန် လွတ်မြောက်ဖို့လည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်ဝန်ကြီးနဲ့အဖွဲ့ကို တာ့ခ်ခရိုင် ရဲမှူး Maj. Gen. Samrit Emkamol, (ဆမ်မစ်အေကမွန်) က လက်ခံတွေ့ဆုံခဲ့ပြီး နယ်ခြားစောင့်တပ်က လုံခြုံရေးယူပြီး မြန်မာနယ်စပ်ဘက်ကို သွားရောက် ပြသခဲ့ပါတယ်။ တရုတ် ပြည်သူ့လုံခြုံ ရေး လက်ထောက်ဝန်ကြီး မဲဆောက်ဆင်းလာတာတာနဲ့ ပတ်သက်ပြီး ထိုင်းရဲချုပ် Pol. Gen. Thatchai Pitaneelabut (ထပ်ချိုင်း ပထနီလာဘတ်) က ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။
“အခုလို တရုတ်ကိုယ်စားလှယ်တွေနဲ့ အစည်းဝေးကတော့ ရှုပ်ထွေးမှု မရှိပါဘူး။ အွန်လိုင်းလိမ်လည် ဂိုဏ်းတွေနှိမ်နင်းရေး ဆက်လက်လုပ်ဆောင်သွားဖို့အပါအဝင် အရေးပါတဲ့ အချက်တွကတော့ မဲဆိုင်ကနေ မြဝတီအထိ လိမ်လည်ဂိုဏ်းတွေရဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို အလုံးစုံ ဖြတ်တောက်ပစ်ဖို့နဲ့ ဖမ်းမိတဲ့တရုတ်နိုင်ငံသားတွေကို ထိုင်းထောင်တွေမှာမထားဘဲ တရုတ်ဘက်ကို တိုက်ရိုက်လွှဲပေးဖို့တွေပါ ဆက်လက်ဆွေးနွေးနေပါတယ်။”
တရုတ်ဝန်ကြီးဟာ BGF တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးမဲ့အကြောင်း ထိုင်းသတင်းတွေမှာဖော်ပြ နေပေမဲ့ ထိုင်းရဲချုပ်ကတော့အတည်မပြုနိုင်သေးကြောင်း ငြင်းဆိုသွားပါတယ်။
စစ်ကောင်စီရဲ့လက်အောက်ခံနယ်ခြားစောင့်တပ် BGF ဩဇာထိန်းချုပ်မှုအောက်မှာရှိနေတဲ့ ရွှေကုက္ကို မြို့သစ်စီမံကိန်းကို ဦးဆောင်တဲ့ ရထိုက်ကုမ္ပဏီ ဆိုင်းဘုတ်တပ်ထားတဲ့စီမံကိန်းမှာ ကာစီနို လောင်းကစားစတဲ့လုပ်ငန်းတွေလုပ်ကိုင်ဖို့ အဆောက်အဦးပေါင်း ရာနဲ့ချီရှိနေတာကိုလည်း မြင်တွေ့သွားခဲ့ပြီး ကျားဖြန့်လုပ်ငန်းတွေအပါအဝင် ဒီစီးပွားရေးလုပ်ငန်းတွေဒီလောက် ကြီးထွား လာတာကို ဝန်ကြီး Mr. Liu Zhongyi က အံဩခဲ့ရတယ်လို့လည်းဆိုပါတယ်။
ဒီနှစ်ပိုင်းတွေအတွင်းမှာ မြ၀တီဘက်က အွန်လိုင်းလိမ်လည်ဂိုဏ်းတွေဟာ အဆမတန် ကြီးထွားကျယ့်ပြန့်လာသလို ထိုင်းနယ် ခြားကိုဖြတ်ပြီး တရားမဝင်လမ်းတွေကနေ မြန်မာဘက်ကို သွားကြတဲ့ နိုင်ငံခြားသားတွေလည်း များလာခဲ့ပေမယ့် ထိုင်းအစိုးရဘက်ကလည်း ဖမ်းဆီးနှိမ်နင်းမူတွေ သိတ်မလုပ်နိုင်ခဲ့ပါဘူး။ အခုဆိုရင် ထိုင်းတွေလည်း လိမ်လည်ဂိုဏ်းရဲ့သားကောင်တွေဖြစ်ခဲ့ရပါတယ်။ တရုတ်သရုပ်ဆောင် ဝမ်ရှင်း လူကုန်ကူးခံရတဲ့ဖြစ်ရပ်အပြီးမှာတော့ ထိုင်းနဲ့နိုင်ငံတကာက မြ၀တီဘက်က ကျားဖြန့်လိမ်လည် ဂိုဏ်းတွေကိုအာရုံစိုက်လာတဲ့အတွက် ဒီရက်ပိုင်းမှာပဲ မြ၀တီဘက်က ကျားဖြန့်လိမ်လည်ဂိုဏ်းတွေဟာ ဘုရားသုံးဆူဘက်ကို ရွှေ့ပြောင်းအခြေချလာတယ်လို့လည်း ဘုရားသုံးဆူ ဒေသခံတွေက ပြောဆိုခဲ့ပါတယ်။
Forum