မြန်မာနိုင်ငံ နယ်စပ်မှာ အခြေစိုက်လှုပ်ရှားနေကြတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဒေသတွင်းနိုင်ငံတွေက ပူးပေါင်းနှိမ်နင်းမှုတွေ တိုးမြှင့်လာတာနဲ့အမျှ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ရိုက်ခတ်လာမှာကိုလည်း အလုပ်သမားရေး လှုပ်ရှားသူတွေ စိုးရိမ်နေကြပါတယ်။ ကျားဖြန့်လို့ လူသိများတဲ့ ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ ထိုင်းနိုင်ငံက၊ ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းမှုတွေ အရှိန်မြှင့်လာနေသလို နယ်စပ်လုံခြုံရေးကိုလည်း တိုးမြှင့်လာနေတာပါ။ ကျားဖြန့်ဂိုဏ်းတွေ နှိမ်နင်းရေးကြောင့် မြန်မာတွေအပေါ် ရိုက်ခတ်လာနိုင်ခြေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို တင်ပြထားပါတယ်။
မြန်မာနယ်စပ် မြဝတီမြို့က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ အတင်းအဓမ္မ အလုပ်စေခိုင်းခံရတာ၊ လူကုန်ကူးခံရသူ တွေ တစတစ များလာတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီး ထိုင်းအစိုးရက နယ်စပ်လုံခြုံရေးကို ဒီထက်ပိုပြီး တင်းကျပ်ထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က ဘန်ကောက်မှာလုပ်တဲ့ ပဉ္စမအကြိမ်မြောက် အာဆီယံ ဒစ်ဂျစ်တယ် ဝန်ကြီးများ အစည်းအဝေးကို စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်ခဲ့ပါတယ်။ မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ် လုပ်ငန်းတွေက ထိုင်းနိုင်ငံကတဆင့် တရုတ်နိုင်ငံသားတွေကို လိမ်ညာခေါ်ယူခဲ့တဲ့ ကိစ္စကို ထိုင်းဘက်က ဆွေးနွေးခဲ့ပါတယ်။ မြန်မာစစ်ကောင်စီကတော့ သူတို့အနေနဲ့ ဒီကိစ္စကို ထိုင်းအစိုးရနဲ့ ပူးပေါင်းဖြေရှင်းသွားမယ်လို့ ကတိပေးခဲ့ပါတယ်။
လူကုန်ကူးမှုကိစ္စတွေကို ထိန်းချုပ်နိုင်ဖို့ဆိုရင် ထိုင်းအစိုးရအနေနဲ့ နယ်စပ်ဂိတ်တွေမှာ အထူးစောင့်ကြည့်ရေး ဇုန်တွေသတ်မှတ်ပြီး စောင့်ကြည့်သင့်တယ်လို့ ထိုင်းအတိုက်အခံ လွှတ်တော်အမတ်ကို ကိုးကားပြီး The Nation သတင်းစာက ဖော်ပြပါတယ်။ ဒီရိုက်ခတ်မှုက မြန်မာနိုင်ငံသား ရွှေ့ပြောင်းတွေကိုလည်း ရိုက်ခတ်လာနိုင်တဲ့အတွက် သတိထား စောင့်ကြည့်သင့်ကြောင်း ထိုင်းအခြေစိုက် ရခိုင်အလုပ်သမားများအဖွဲ့ရဲ့ ဒါရိုက်တာ ကိုနိုင်အောင်အောင်က ပြောပါတယ်။
"ကျနော်တို့အနေနဲ့ ပြောရရင် ရွှေ့ပြောင်းလုပ်သားတွေ သတိထားဖို့ လိုအပ်လာတယ်။ ထိုင်းကလည်း တံတားပေါ်က လာတဲ့သူဆိုရင် ဘယ်နေရာမှ အိပ်မှာလဲ၊ ဘယ်နေရာမှာ တည်းမှာလဲ၊ ဘယ်သူက အာမခံပေးမှာလဲ၊ အဆင်မပြေတဲ့သူဆို ပြည်နှင်ဒဏ်မျိုး blacklist ပေးတာမျိုးတွေ တွေ့လာရတယ်။ ကိုယ့်မြန်မာတွေအနေနဲ့ ဒီကာလမှာ သွားတာ၊ လာတာ သတိထားဖို့လိုတယ်။ ထိုင်းနိုင်ငံ အစိုးရအနေနဲ့လည်း နယ်စပ်တလျှောက်လုံး တရုတ်စာ၊ ထိုင်းစာ ပတ်ပတ်လည် ကပ်နေတာကို တွေ့ရတယ်။ ဒီလူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီးတော့ ကပ်ထားတယ်။ နောက်တခု ထိုင်းစစ်တပ်နေ ဦးဆောင်ပြီးတော့ ဒီဟာကို လုပ်မယ်ဆိုတဲ့ ပုံစံမျိုးတွေ ကျနော်တို့ ကြားရတယ်။"
တရုတ်နာမည်ကြီး မော်ဒယ်နဲ့ သရုပ်ဆောင်တချို့ မြန်မာနယ်စပ် မြဝတီမြို့က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံရပြီး အဓမ္မခိုင်းစေခံခဲ့ရာကြောင့် ပြန်လည် ကယ်ဆယ်ခဲ့ရတဲ့ ဖြစ်ရပ်တွေကို အကြောင်းပြုပြီး တရုတ်က ထိုင်းအစိုးရကို ဖိအားပေးလာနေပါတယ်။
အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ ၂၀၂၃ စက်တင်ဘာလကစပြီး မြန်မာနိုင်ငံထဲက လက်နက်ကိုင်အဖွဲ့တွေကို တရုတ်နိုင်ငံက စပြီးသတိပေးခဲ့ပါတယ်။ အဲဒီနောက် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ရှင်းပစ်မယ်ဆိုတဲ့ ကြေညာချက်တွေနဲ့အတူ လက်နက်ကိုင် အဖွဲ့တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အရှိန်ကောင်းလာပါတယ်။
မြဝတီဘက်က အွန်လိုင်းငွေလိမ်တဲ့ ဂိုဏ်းတွေဟာ ကရင် နယ်ခြားစောင့် BFG တပ်ဖွဲ့တွေ ထိန်းချုပ်တဲ့ ဒေသမှာ ရှိနေတဲ့အတွက် တရုတ်ရဲ့ ဖိအားပေးမှုက ဘယ်လို သက်ရောက်မှုတွေ ရှိလာမလဲ၊ စစ်ကောင်စီအပေါ်မှာရော ထိုင်းဘက်က ဖိအားပေးတာတွေ ရှိလာမလား၊ ဒေသအတွင်း အကဲခတ်တွေအကြား မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။
မြန်မာနိုင်ငံသားအရေး အကူအညီပေးနေတဲ့ AAC မဟာမိတ်အဖွဲ့က ဦးခိုင်ကြီးကတော့ ထိုင်းဘက်က စစ်ကောင်စီကို လုပ်ထုံးလုပ်နည်းအရသာ ဒီကိစ္စတွေကို ပူးပေါင်းပေးဖို့ ပြောတာထက် ပိုနိုင်မယ်မထင်ကြောင်း ပြောပါတယ်။
"ဖိအားပေးခံရဖို့ကတော့ မရှိနိုင်ဘူး ဘာလို့ဆိုတော့ သူတို့က အွန်လိုင်းမှာပဲ ပေးနေတာပဲ၊ တကယ်တမ်းတော့ သူတို့ဆက်ဆံရေးတွေက နောက်ကွယ်မှာ လုပ်ချင်ရာ လုပ်နေကြတာ၊ ကျနော့အမြင်ပေါ့။ (တရုတ်တွေ) လူကုန်ကူးခံရတယ် ဆိုတာကလည်း သူတို့က အွန်လိုင်းမှာ လှလှလေးပြောသွားတာပါ တကယ်တမ်းကျ အဲဒီပုဂ္ဂိုလ်တွေက ပညာလည်း တတ်တယ်ဗျာ၊ ပိုက်ဆံလည်း ရှိတယ်ဗျာ၊ မင်းသားလည်း ဖြစ်တယ်ဗျာ။ ငွေနဲ့ခင်းပြီး သွားလို့ရတဲ့ပုဂ္ဂိုလ်တွေဗျာ။ ဒီထိုင်းနယ်စပ်မှာရှိနေတဲ့၊ မြန်မာနယ်စပ်မှာရှိနေတဲ့ နိုင်ငံခြားသားတွေကလည်း နှစ်နိုင်ငံအစိုးရ အကုန်လုံး သိပြီးသားတွေပဲ။ သူတို့ဖာသာ အခုကြမှ ထပြီးတော့ အလုပ်လုပ်ပြတာပေါ့ဗျာ ကျနော့အမြင်တော့။"
မြန်မာနိုင်ငံက ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ ဖိအားပေးနေတာဟာ တရုတ်ရဲ့ အချိန်ကိုက် နိုင်ငံရေးကစားကွက် တခုလားဆိုပြီး မေးခွန်းထုတ်နေသူတွေလည်း ရှိပါတယ်။ ဒီငွေလိမ်ဂိုဏ်းတွေမှာ အဓိကပါဝင်နေသူ အများစုက တရုတ်နိုင်ငံသားတွေဖြစ်ပြီး အခိုင်းခံရသူ အများစုကလည်း တရုတ်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးကို ပစ်မှတ်ထားပြီး ဒေါ်လာဘီလျံချီ လိမ်လည်တဲ့ မြန်မာနိုင်ငံအတွင်းက ကျားဖြန့်ခေါ် ငွေလိမ်ဂိုဏ်းတွေရဲ့ လုပ်ငန်းတွေဟာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်မှာ ပိုပြီး ကြီးထွားလာခဲ့ပါတယ်။
Forum