တရုတ်နိုင်ငံဟာ နိုင်ငံစီးပွားရေးကို ဆက်ပြီးဖွင့်ပေးသွားမယ်၊ ပြုပြင်ပြောင်းလဲရေး ဆက်လုပ်သွားမယ်၊ စီးပွားရေးပတ်ဝန်းကျင် ပိုကောင်းအောင် လုပ်သွားမယ်လို့ တရုတ်ဝန်ကြီးချုပ် Li Keqiang က အာရှနဲ့ ဥရောပခေါင်းဆောင်တွေကို ပြောတဲ့အကြောင်း အစိုးရအာဘော် ဆင်ဟွာသတင်းဌာနက စနေနေ့မှာ ဖော်ပြပါတယ်။
ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်စ်မြို့မှာလုပ်တဲ့ ဥရောပ-အာရှ ASEM ထိပ်သီးအစည်းအဝေးမှာ တရုတ်ဝန်ကြီးချုပ်က အဲဒီလို ပြောတာပါ။
အာရှနဲ့ဥရောပ နိုင်ငံတွေအနေနဲ့ နိုင်ငံစုံဝါဒနဲ့ စည်းမျဉ်းစည်းကမ်းပေါ် အခြေခံတဲ့ လွတ်လပ်စွာကုန်သွယ်ရေးစနစ်တို့ကို ကာကွယ် ဖို့ လိုအပ်တယ်လို့ ဝန်ကြီးချုပ် Li က ပြောတဲ့အကြောင်းကလည်း ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံဟာ အမေရိကန်နဲ့ ကုန်သွယ်ရေးစစ်ပွဲဖြစ်တာ ပိုပြီးဆိုးရွားလာတဲ့ အခြေအနေမှာ ရောက်နေတာပါ။ တရုတ်အနေနဲ့ ဉာဏပိုင်ဆိုင်မှုပိုင်း၊ စက်မှုလုပ်ငန်းကို အစိုးရက ပံ့ပိုးနေတဲ့အပိုင်းနဲ့ ကုန်သွယ်ရေးဆိုင်ရာ မူဝါဒပိုင်းတွေမှာ အကြီးအကျယ် အပြောင်းအလဲလုပ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က တောင်းဆိုနေတာပါ။
တရုတ်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ လုပ်ကိုင်ပုံတွေအပေါ် အမေရိကန်နဲ့အလားတူ ဥရောပသမဂ္ဂဘက်မှာလည်း စိုးရိမ်ချက်တွေရှိပေ မဲ့ ပြုပြင်ပြောင်းလဲရေး တရုတ်ကို ဘယ်လိုတွန်းအားပေးမယ် ဆိုတာမှာတော့ အမေရိကန်နဲ့ သဘောထားမတူပါဘူး။
တရုတ်စီးပွားရေးဟာ အားကောင်းနေပေမဲ့လည်း ပြင်ပပတ်ဝန်းကျင်မှာ အပြောင်းအလဲဖြစ်တာအပါအဝင် ရင်ဆိုင်နေရတဲ့ အခြေအနေတွေရှိတယ်လို့ ဝန်ကြီးချုပ် Li Keqiang ကပြောပါတယ်။